နိုင်ငံတကာ ကျောင်းသားများ ပညာသင်ယူလိုသော ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် အများဆုံးရှိသော နိုင်ငံများတွင် အမေရိကန်နှင့် ဗြိတိန်တို့မှာ ထိပ်ဆုံးမှပါဝင်သည်။ ယင်းနိုင်ငံများတွင် ပညာသင်ယူ ခွင့်ရရှိရန် ကျောင်းသားတိုင်း စိတ်ကူးမျှော်လင့်လျက်ရှိကြသည်။ အမေရိကန်နှင့် ဗြိတိသျှတက္ကသိုလ်၊ကောလိပ်များတွင် ဒီဂရီဘွဲ့သင်
တန်း ကျောင်းဝင်ခွင့်ရရှိရန် ပြင်ဆင်ကြိုးပမ်းနေသော မြန်မာကျောင်းသားများအတွက် ကျောင်းဝင်ခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်သော အချက်အလက်များကို စု စည်းဖော်ပြလိုက်သည်။
အမေရိကန်နိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်များတွင် ကျောင်းလျှောက်ထားမည့် ကျောင်းသားများအနေဖြင့် ပညာ သင်ဆုရရှိနိုင်မည့်SAT စာမေးပွဲကို မေလတွင် စာရင်း
ပေးသွင်းရမည်ဖြစ်သည်။www.collegeboard.com မှတစ်ဆင့် SATစာမေးပွဲအတွက် စာရင်းပေးချိန်တွင် မည်သည့်ကျောင်းသို့ အမှတ်စာရင်းများ ပေးပို့စေလိုသည်ကို ဖော်ပြရန်အရေးကြီးသည်။ သို့မှသာ မိမိအမှတ်စာရင်းကို ကျောင်းလေးကျောင်းသို့ အခမဲ့ပေးပို့လိမ့်မည်ဖြစ်သည်။
ဖြစ်နိုင်လျှင် SAT (SAT I နှင့် SAT II) စာမေးပွဲများကို ဇွန်၊ဇူလိုင်လတွင် ပြီးပြတ်အောင်ဖြေဆိုပါ။ သို့မဟုတ်ပါက အထက်တန်းနှင့် အေအဆင့်(နိုင်ငံတကာ တက္ကသိုလ်ဝင်တန်း)တို့၏ ကြားကာလနှင့် အေအဆင့်ပြီးဆုံးချိန်တွင် ဖြေဆိုနိုင်သည်။ မိမိလျှောက်ထားသော ကျောင်းမှ အကြောင်း ပြန်ချက်ရရှိမည့် ဇန်န၀ါရီ ၁ ရက် မတိုင်မီ အဆိုပါ စာမေးပွဲဖြေဆိုပြီးရန် လိုအပ်သည်။
ဇူလိုင်လတွင် တက္ကသိုလ်၊ ကောလိပ်အမျိုးမျိုးတို့၏ သတင်း အချက်အလက်များကို တတ်နိုင်သမျှ စုစည်းထားပြီး ဆန်ခါတင် စိတ်ဝင်စားသည့် တက္ကသိုလ်အချို့ကို ရွေးချယ်လိုက်ပါ။အမေရိ ကန်တက္ကသိုလ်များ၌ ပညာသင် ယူရာတွင် မိမိလေ့လာသင်ယူလို သော ဘာသာရပ်ကို ရွေးချယ်ဆုံး ဖြတ်ရန် မလိုအပ်သေးပါ။ တက္ကသိုလ် ဒုတိယနှစ် ရောက်ချိန်မှ မိမိအထူးပြုလေ့လာမည့်ဘာသာရပ်ကို ကြေညာရမည်ဖြစ်သည်။
ဇူလိုင်-သြဂုတ်လတွင် မိမိသွားရောက်မည့် ကျောင်းမှ ကျောင်းလျှောက်ထားမှုပုံစံကိုတောင်းယူပါ။ သို့မဟုတ် www. commomapp.org တွင် အွန်လိုင်းမှတစ်ဆင့် ဒေါင်းလုတ်ဒ်လုပ်ယူရမည်ဖြစ်သည်။ အဆိုပါ အွန်လိုင်းလျှောက်ထားမှုပုံစံသည် အမေရိကန်တက္ကသိုလ်များအားလုံးနီးပါး အသုံးပြုနေသောစနစ်ဖြစ်သည်။
အထက်ပါ ၀က်ဘ်ဆိုက်မှတစ် ဆင့် တက္ကသိုလ်၊ ကောလိပ်များသို့ ကျောင်းလျှောက်ထား၍ မိမိအ သုံးပြုသောနာမည်၊ လျှို့ဝှက်ကုတ်နံပါတ်တို့ ရရှိမည်ဖြစ်သည်။ မိမိ ကျောင်းလခများကို အီလက်ထရွန်နစ်စနစ်ဖြင့် ပေးပို့နိုင်သည်။ မိမိဆောင်ရွက်ချက်များနှင့် တတ်ကျွမ်းမှုများ ရေးသားထားသော အက်ဆေးများကို မိမိတက်ရောက် လိုသော ကျောင်းများသို့ ပေးပို့နိုင်သည်။ အကောင်းဆုံး အက်ဆေးများမှာ မိမိအကြောင်းနှင့် မိမိယုံကြည်မှုကို ထင်ဟပ်ပြသနိုင်သော အက်ဆေးများဖြစ်ပြီး မိမိ
စိတ်ဝင်စားမှုနှင့် နှစ်သက်ခံစားမှုကို အသေးစိတ်ထင်ရှားစွာ ဖော်ပြရေးသားနိုင်ရမည်ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် သွားရောက်ပညာသင်ယူရန် ကျောင်းစရိတ်ကြီးမြင့်မှု၊ ကျောင်းဝင်ခွင့် ခက်ခဲမှုတို့ကြောင့် ဗြိတိန်နိုင်ငံသည် မြန်မာကျောင်းသားအများစု ရွေးချယ်ပညာသင်ယူသော နေရာဖြစ်လာသည်။ ပညာသင် ယူခြင်းသာမက အလုပ်အကိုင်အတွက်ပါ ရည်ရွယ်သွားရောက်သူ များပြားခဲ့ခြင်းကြောင့် ဗြိတိန်နိုင်ငံတွင် ပညာသင်ယူနေသော မြန်မာ ကျောင်းသားဦးရေ မြင့်မားလျက်ရှိသည်။ နိုင်ငံတကာကျောင်းသားများအား နေထိုင်အလုပ်လုပ်ကိုင် ခွင့်ဆိုင်ရာ မူဝါဒများ တင်းကျပ် နေခြင်းကြောင့် ဗြိတိန်နိုင်ငံသို့ သွားရောက်ကြမည့် ကျောင်းသား များအနေဖြင့် ပညာရေးကိုသာ ဦး စားပေးစဉ်းစားရန် အကြံပြုတိုက် တွန်းလိုပါသည်။
ကျောင်းမလှောက်ထားမီ ယူကေပြည်ဝင်ခွင့်အဖွဲ့အစည်း (UKBA) မှထုတ်ပြန်ထားသည့် ကျောင်းသားဗီဇာရရှိမည့် ကျောင်းစာရင်းတွင် မိမိ လျှောက်ထား မည့်ကျောင်းပါဝင်ခြင်း ရှိ၊မရှိကို www.ukba.homeoffice.gov.uk တွင် ၀င်ရောက်စစ်ဆေးရမည်။
ဗြိတိန်ပညာရေးနှင့် အကျွမ်းတ၀င်ရှိနေစေရန် www.educationuk.org တွင် ၀င်ရောက်ကြည့်ရှုလေ့လာသင့်သည်။ ယူကေကျောင်းများနှင့်ပတ်သက်သော သတင်းအချက်အလက်များကို တစ်နေရာတည်း တွင် သိရှိနိုင်ရန် ဖန်တီးထားသည်။မိမိသွားရောက် ပညာသင်ယူရန် ရည်မှန်းထားသောလမတိုင်မီ တစ်နှစ်ခန့်ကြိုတင်၍ မိမိနှင့်ကိုက်ညီမည့်ကျောင်းကို ရှာဖွေထားသင့်သည်။ကျောင်းဝင်ခွင့်လျှောက်ထားရာတွင် ကျောင်းသားကိုယ်ရေးအချက်အလက်များကို UCAS(Universities & Colleges Admissions Service) မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်သည်။
UCAS နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို www.UCAS.com တွင် ၀င်ရောက်ကြည့်ရှုလေ့လာနိုင်သည်။အောက်စ်ဖို့နှင့် ကန်းဘရစ်ခ်ျကဲ့သို့ တက္ကသိုလ်ကြီးများသည် ကျောင်းဝင်ခွင့် လျှောက်ထားပြီးပါက ရေးဖြေစာမေးပွဲ ဖြေဆိုရန် လိုအပ်မည်ဖြစ်သည်။မိမိလျှောက်ထားသော တက္ကသိုလ်မှ ပါမောက္ခတစ်ဦးက လူတွေ့အင်တာဗျူးစစ်ဆေးလိမ့်မည်ဖြစ်သည်။
ဗြိတိန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များသို့ ကျောင်းဝင်ခွင့်ရရှိရန်တက္ကသိုလ်ဝင်တန်းအောင်မြင်ထားရုံနှင့်လုံလောက်မည်မဟုတ်ဘဲ IGCSE အေအဆင့်နှင့်ညီမျှသော ပညာအရည်အချင်းရှိထားရမည်ဖြစ်သည်။ အဆိုပါအရည်အချင်းနှင့် မပြည့်မီသော ကျောင်းသားများအနေဖြင့် ကောလိပ်ကျောင်းများတွင်ဒီပလိုမာအဆင့်သင်တန်းများကို သာ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့တွင် နိုင်ငံတကာအဆင့် ပညာရေးလေ့လာသင်ယူလိုသည့် မြန်မာကျောင်းသားများအနေဖြင့် အင်တာနက်ဝက်ဘ်ဆိုက်များမှတစ်ဆင့် သတင်းအချက်အလက်များ လေ့လာစုဆောင်းနိုင်သည်။ ထို့ပြင် ပြည်တွင်း၌ ဗြိတိသျှကောင်စီနှင့် အမေရိကန်စင်တာတို့တွင် ပညာရေးဆိုင်ရာဆွေးနွေးဟောပြာပွဲများ၊ ၄င်းနိုင်ငံများတွင် ပညာသင်ယူခဲ့သော ကျောင်းသားများထံမှ မေးမြန်းလေ့လာသိရှိနိုင်မည်ဖြစ်သည်။
Ref;Brightsparks


