May 20, 2012

ကာကွယ်ဆေး ငါးမျိုးပါဝင်သော ထိုးဆေး စတင်အသုံးပြုတော့မည်

ရန်ကုန်၊ ဖေဖော်ဝါရီ-၈

တစ်ကြိမ်ထိုးရုံဖြင့်  ကာကွယ်ဆေးငါးမျိုးပါဝင်သော Penta Valent Vaccine အား ယခု  နှစ်လယ်ခန့်တွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ကူးစက်ရောဂါတိုက်ဖျက်ရေး စီမံချက်မှ သတင်းရရှိသည်။

ယခင်က ရောဂါခုနစ်မျိုးအတွက် ကာကွယ်ဆေးကိုသာ ထိုးနိုင်သည့်အခြေအနေမှ ထိုဆေးကြောင့် ရင်သွေးငယ်များအတွက် ရောဂါရှစ်မျိုး၏ အန္တရာယ်မှ ကာကွယ်ပေး
နိုင်တော့မည်ဖြစ်ကြောင်း  ကူးစက်ရောဂါတိုက်ဖျက်ရေးစီမံ ချက်မှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးလွင်ငြိမ်းက ၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာထဲတွင် ရေးသားထားသည်။    သို့သော် အဓိကပြဿနာသည် ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများမှာ ရောင်းအားသွက်လာမည့် အဆိုပါဆေးသာ တိုးတက်ထုတ်လုပ်လာကြပြီး  ကာကွယ်ဆေးတစ်မျိုးချင်းထုတ်လုပ်မှုရပ်ဆိုင်းလာသည့်အတွက် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအချို့တွင် သုံးလက်စဖြစ်သော တစ်မျိုးတည်း ကာကွယ်ဆေးများရရှိမှုခက်ခဲလာကြောင်း အဆိုပါ ညွှန်ကြားရေးမှူးက ဆက်လက်ပြောသည်။

“GAVI က ပေးတဲ့ဆေးဝါးကိုလည်း အခု နှစ်လယ်ထက်စောပြီး ရနိုင်အောင်ကြိုးပမ်းနေတယ်။ လိုအပ်တဲ့ ကာကွယ်ဆေးတွေကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ယူနီဆက်အဖွဲနဲ့ညှိနှိုင်းတာ အဲဒီ အချိန်ပဲ ကာကွယ်ဆေးနည်းနည်းလိုခဲ့တယ်။ ကျန်အချိန်တွေကတော့ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို လုပ်နိုင်ခဲ့တယ်”ဟု ကူးစက်ရောဂါ တိုက်ဖျက်ရေးစီမံချက်မှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးလွင်ငြိမ်းကပြောသည်။

Global Alliance for Vaccine and Immunazation (GAVI) ဟုခေါ်သည့်အဖွဲ့မှ ထောက်ပံ့မည့် အဆိုပါဆေးတွင်ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသား ၀ါ(ဘီ)ရောဂါနှင့် ဟေမိုဖီးလက် ဦးနှောက် အမြှေးရောင်ရောဂါနှင့် အဆုတ်ရောင်ရောဂါများ ကာကွယ်နိုင်သည့် ကာကွယ်ဆေးတို့အားတစ်ကြိမ်တည်း ထိုးနိုင်ပြီးယခင်ကကဲ့သို့ ကလေးငယ်များ အကြိမ်ကြိမ်ဆေးထိုးခံရသည့် အခြေအနေမှ ကင်းလွတ်သွားမည်ဖြစ်သည်။

ကျန်းမာဝန်ကြီးဌာန အနေဖြင့် ပုံမှန်ဆေးဝါးများ ဆက်လက် ရရှိစေရေးနှင့် ဆေးဝါးအသစ် အချိန်မီရနိုင်ရေး ဆောင်ရွက်နေပြီး  ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများအား ၂၀၁၂ ခုနှစ်တွင် သိသာစွာ တိုးတက်စေရေးဆောင်ရွက်နေသည့်အတွက် ပူးပေါင်းပါဝင်ပေးကြရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း သိရသည်။