May 20, 2012

ကိုယ်ပိုင်တောအုပ်တွင် သစ်ပင်စိုက်ကာ ပီတိစားခြင်း

Photo

မှန်ဆိုလျှင် ကလေးငယ်များ၏ အော်ဟစ်သံ၊ ငြင်းခုံသံ၊ဆော့ကစားသံတို့ဖြင့် ဆူညံနေသောဂွတ်ရွတ်ယန်ကျေးရွာတွင် ကြမ်းပြင်ပေါ်သို့ အပ်တစ်ချာင်းကျသံကြားနိုင်လောက်အောင်ပင် တိတ်ဆိတ်နေသည်။အိမ်တိုင်းလိုလို တံခါးပိတ်ထားသည်။ ကျေးရွာအနီးရှိ ဘုရားကျောင်းအတွင်းနှင့် လမ်းမထက်တွင်သစ်လွင်တောက်ပစွာ   ၀တ်ဆင်ထားသောအရွယ်စုံလူစုကို တွေ့ရသည်။ တစ်နှစ်မှတစ်ခါကြုံရသော ပွဲတော်နေ့(ခရစ်တော်မွေးနေ့၊ ခရစ္စမတ်)ဖြစ်သောကြောင့် အရွယ်စုံ လူတို့သည်ဘုရားကျောင်းရှိရာသို့ တူရှုသွားလာနေကြသည်။

    ဦးဂျာလကတော့ သူများနှင့် မတူဘဲပြောင်းပြန်ဖြစ်နေသည်။ အဟောင်းနွမ်းဆုံးဝတ်စုံကို ၀တ်ဆင်ထားပြီး တောခုတ်ဓားကိုလွယ်၍ အစုအဖွဲ့ပိုင်သစ်တော၏ အကြီးအကဲဖြစ်သူ အိမ်သို့ထွက်လာသည်။ သည်နေ့သည် သူတို့ခရစ်ယာန်ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်လည်းဖြစ်၊ ဆွေမျိုးမိတ်ဆွေများ စုကြ၊ ဆုံကြ၊ ပျော်ရွှင်ကြသည့်နေ့လည်းဖြစ်သည်။
    ဘုရားကျောင်းကို သူသွားချင်ပါသော်လည်းမသွားဖြစ်၍ စိတ်မကောင်းမဖြစ်မိပါ။ သူအတွက် သူပါဝင်စိုက်ပျိုးထားသော အစုအဖွဲ့ပိုင်သစ်တောကို ဧည့်သည်များရှင်းပြရန် ပို၍စိတ်အားထက်သန်နေသည်။ တစ်နည်းအားဖြင့် သစ်ပင်ခုတ်ဖူးပြီး စိုက်ပျိုးမှုမရှိခဲ့သောသူသည် သူကိုယ်တိုင် စိုက်ပျိုးထားသော သစ်ပင်ကိုဧည့်သည်များပြရန် စိတ်အားထက်သန်လှသည်။
    ဦးဂျာလသည် အစုအဖွဲ့ပိုင် သစ်တောထူထောင်ခြင်းအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူတို့ရွာတွင် သစ်ပင်ပြန်လည်စိုက်ပျိုးခြင်း ထက်တောင်ယာခုတ်ခြင်းကို စိတ်အားထက်သန်ကြသည်။ သူသတိမထားမိသည့် နှစ်ပေါင်း ၃၀ ကျော်အတွင်း သူမြတ်နိုးခဲ့ရသော သစ်တောသစ်ပင်များ တဖြည်းဖြည်းလျော့နည်းလာခဲ့သည်။
    တောင်ယာခုတ် စပါးစိုက်ခြင်းဖြင့် လည်ပတ်ခဲ့သောသူတို့ကျေးရွာပတ်ဝန်းကျင်ကို အဓိကတပ်လှန့်ခဲ့သောအခါ သူတို့ကျေးရွာသားအားလုံးနိုးကြားလာခဲ့သည်။ သစ်တောများပြုန်းတီးလာသော အကျိုးဆက်ကြောင့် ရေထွက်လျော့နည်းလာသည်။ အပူ၊ အအေးမမျှတသော ရာသီဥတုကို နဖူးတွေ့၊ ဒူးတွေ့ကြုံလာရသည်။
    ““ကချင်ပြည်နယ်က ရိုးရာအရ သစ်တို့၊ ၀ါးတို့ခုတ်စားကြတယ်။ တောင်ယာခုတ်တော့ သစ်ကအစရှားပါးလာတယ်။ အဲဒီနောက် ဒီလိုသာဖြစ်နေရင် နောင်တစ်ချိန်ကျရင် သစ်တို့၊ ၀ါးတို့ရှားလာနိုင်တယ်။ ကဲဒီအတိုင်းနေလို့မဖြစ်တော့ဘူးဆိုပြီး CF( Community Forest) ကို ဦးဆောင်ပြီး လုပ်ဖြစ်ကြတယ်။ အားလုံးသဘောတူညီချက်နဲ့လုပ်ကြတယ်။ ဒီအတိုင်းပဲနေရင်တော့ လုပ်ကိုင်စားသောက်စရာ နေရာမရှိလောက် တော့ဘူး”” ဟု ဂွတ်ရွတ်ယန် ကျေးရွာအစုအဖွဲ့ပိုင်သစ်တော၏အကြီးအကဲဖြစ်သူ ဦးကမ်ရှောင်ကဆိုသည်။
    မြန်မာနိုင်ငံတွင် ကျေးရွာအစုအဖွဲ့ပိုင် သစ်တောဆိုင်ရာလမ်းညွှန်ချက်တစ်ခုထွက်ရှိသည်မှာ ဆယ်စုနှစ်ကျော်မျှသာဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင်ထွက်ရှိခဲ့သော ကျေးရွာအစုဖွဲ့ပိုင်သစ်တောဖွဲ့စည်းတည်ထောင်ခြင်းသည် ၁၉၉၆ ခုနှစ်တွင် စတင်လှုပ်ရှားလာခဲ့သည်။ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှု အများဆုံးဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အလယ်ပိုင်းဒေသတို့တွင် ပထမဆုံးသက်ဝင်လှုပ်ရှားခဲ့သည်။
    သစ်တောသစ်ပင်ထိန်းသိမ်းခြင်း၊ ပြုစုပျိုးထောင်ခြင်းကို အစိုးရကပထမဦးဆုံး ပြည်သူလူထုအား ၀ိုင်းဝန်းထိန်းသိမ်းရန် ချမှတ်ပေးထားသည့် စနစ်တစ်ခုလည်း ဖြစ်သည်။ သစ်တောသစ်ပင် ပြုန်းတီးခဲ့သော နေရာများ၊ မြေလွတ်မြေရိုင်းများတွင် သစ်ပင်စိုက်ပျိုးခွင့် အနှစ် ၃၀ လုပ်ပိုင်ခွင့်ရသည်။ အနှစ် ၃၀ လုပ်ပိုင်ခွင့်အား ကျေးရွာအတွင်းရှိ ဒေသခံများ
က ၀ိုင်းဝန်းစုစည်း လျှောက်ထားရသည်။ သစ်တောစိမ်းလန်းစိုပြည်ရေးကိုသာ အဓိကထားသောကြောင့် ကိုယ်ကျိုးရှာပါက ပြန်လည်၍လုပ်ပိုင်ခွင့်သိမ်းယူနိုင်သည်။
    ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် အစုအဖွဲ့ပိုင် သစ်တောဖွဲ့စည်းလုပ်ကိုင်ခြင်းသည် ပို၍ အသက်ဝင်လာခဲ့သည်။ ချင်းပြည်နယ်နှင့် နှိုင်းယှဉ်ပါက ကချင်ပြည်နယ်တွင် အစုအဖွဲ့ပိုင်သစ်တော ဖွဲ့စည်းတည်ထောင်ခြင်းကို အများဆုံးပါဝင်လုပ်ကိုင်ကြကြောင်း အစုအဖွဲ့ပိုင်သစ်တောဖွဲ့စည်းတည်ထောင်ခြင်းအား ကူညီလုပ်ကိုင်ပေးသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများမှသိရသည်။
    အစုအဖွဲ့ပိုင် သစ်တောဖွဲ့စည်းထူထောင်ခြင်းသည် မြေပြန့် ဒေသများတွင် ပို၍လွယ်ကူအောင်မြင်နိုင်သော်လည်း တောင်ပေါ်ဒေသများ၌ မြေအသုံးချမှုတွင် အခက်အခဲများစွာရှိသည်။ တောင်ပေါ်ဒေသများအနက် ကချင်ပြည်နယ်တွင် မည်သည့်နေရာတွင်ဖြစ်စေတူးဖော်ပါက ရွှေထွက်နိုင်သော ဒေသကများပြားသည်။ ယင်းအကြောင်းများကြောင့် မြေလွတ်များကို မည်သို့အသုံးချမည်ဆိုသည်မှာ စဉ်းစားစရာအခက်အခဲတစ်ခုဖြစ်လာသည်။
    ထို့အပြင် ဆယ်စုနှစ်တစ်ခုအတွင်း လှုပ်ရှား သက်ဝင်ခဲ့သော ကျေးလက်အစုအဖွဲ့ပိုင် သစ်တောဆိုင်ရာလမ်းညွှန်မှုကိုသိရှိသူပင် နည်းပါးနေသေးသည်။
    သို့သော် ကျေးလက်အစုအ ဖွဲ့ ပိုင်သစ်တောတည်ထောင်ခြင်း ကို အားပေးသူတစ်ဝက် လက်မခံသူ တစ်ဝက်ဖြစ်နေအချိန်တွင်သဘာဝကို ချစ်သောသူများလည်းအနည်းနှင့်အများ ပေါ်ထွက်လာခဲ့သည်။ ၀ိုင်းမော်မြို့နယ်တွင် အစုအဖွဲ့ပိုင်သစ်တော တည်ထောင်လိုသူများ ပေါ်ထွက်ခဲ့ပြီး ဧက ၇၀ကျော်ရှိပြီး၊ ပြည်နယ် တစ်ခုလုံးတွင် အစုအဖွဲ့ပိုင်သစ်တောဧကနှစ်သောင်းကျော်အထိ အောင်မြင်ခဲ့သည်။ တစ်ချိန်က တောကောင်းခဲ့သော၊ စိမ်းလန်းစိုပြည်ခဲ့သော နေရာများသည် ခြောက်သွေ့လာသော အခါပြန်လည်အသက်သွင်းရန် စိတ်ဝင်တစား လှုပ်ရှားသူများအနက် ၀ိုင်းမော်မြို့နယ်မှဦးမောရှောက တက်ကြစွာ လုပ်ကိုင်ခဲ့သည်။
    အသက် ၆၀ ကျော်ပြီးဖြစ်သောဦးမောရှောက လူငယ်တစ်ဦးပမာ သူစိုက်ပျိုးထားရာ အစုအဖွဲ့ပိုင်သစ်တောကို နေ့တိုင်းသွားသည်။ ယခု သူပြုစုပျိုးထောင်ခဲ့သော သစ်တောသည် ၇ နှစ်သားအ ရွယ်သို့ရောက်ရှိလာသည်။ ၇နှစ်သားအရွယ် သစ်ပင်သည် လူသုံးယောက်စာ အရပ်ရှိပြီး လုံးပတ်လက်တစ်ဖ၀ါးစာသာရှိသေးသည်။ သူငယ်စဉ်က သဘာဝတောကို မမီသေးချေ။ ရံဖန်ရံခါ သူစိုက် ထားသော သစ်ပင်ကြီးလာတဲ့အ ထိ သူအသက်ရှင်ပါဦးမလားလို့ စဉ်းစားမိကြောင်း ကချင်သံဝဲ၀ဲ ဖြင့် ရယ်မောစွာ စကားဆိုသည်။
    ““ငါတို့ သေသွားတဲ့အချိန် ထိ ဒီသစ်ပင်ကြီးပါ့ဦးမလား။ အကျိုးခံစားခွင့်ရဦးမလားတော့ တွေးမိတယ်။ ဒါပေမဲ့ ငါတို့က ကောင်းတာလုပ်တာပဲ။ ငါတို့ မစားရပေမယ့် ငါတို့သားတွေ၊ မြေးတွေရှိသေးတယ်”” ဟု သူက ဆိုသည်။
    တစ်ချိန်က သည်မြေတွေမှာသစ်တောကောင်းခဲ့သည်။ သားငှက်တိရစာန် ပေါများခဲ့သည်။ ယခင်က ညနေခြောက်နာရီတွင် ရွာနှင့် သိပ်မဝေးသော ယခု စီအက်ဖ် တည်ထောင်ထားသည့်တောမှ ကျားဟိန်းသံကို ကြားရသည်။ ထမင်းချက်ရန် ထင်းကို ဖြစ်စေ၊ အိမ်ဆောက်ရန် အိမ်တိုင်ကိုဖြစ်စေ လိုတိုင်းတရနိုင်သည့် သည်တောကိုသာ မှီခို နေရသည်။ အသက် ၆၀ အရွယ် ကျော်လာသော သူအတွက် အ ပြောင်းအလဲကို နဖူးတွေ့ဒူးတွေ့ ခံစားရသည်။
    ခုတ်စရာ ထင်းမရှိ၊ အိမ် ဆောက်ရန် တိုင်ကောင်းကောင်း မရှိသည့်အခြေအနေကို ရောက်ရှိလာသည်။ ရှိတုန်းက အလေးမထားနိုင်ခဲ့သော သူတို့ကျေးရွာ သားတွေ ယခုတော့ အိမ်သုံးမည့် ထင်းပင်ကိုပင် စိုက်ပျိုးသုံးနေကြ ရသည်။ ““လက်ရှိမှ လက်ငုတ်၊ လက်ငုတ်မှ လက်ရင်း”” ဖြစ်ရန် အတော်ပင် ကြိုးစားရသည်ဟု ဒီ ဇင်ဘာလ၏ အအေးပိုမှုကို ဖြေ
ဖျောက်သော မီးပုံဘေးတွင် မီးလှုံရင်း ဦးမောရှောကစကားဆိုသည်။
    ““စီအက်ဖ်ရဖို့ မြို့ကို ခဏ ခဏ သွားရတယ်။ ၂၀၀၄ ခုနှစ် ကတည်းက လျှောက်ကာ ၂၀၀၇ ခုနှစ် လောက်မှ စီအက်ဖ်တည် ထောင်ခွင့်ကျတယ်။ သစ်ပင်စိုက် ရတာကလည်း မလွယ်ဘူး။ ဒီအ တိုင်း စိုက်လို့မရဘူး။ အင်န်ဂျီအို တွေ ကူညီလို့ အတော်အဆင်ပြေ သွားတယ်”” ဟု ဦးမောရှောကဆို သည်။ ပေ ၄၀၀၀ ကျော် မြင့် သော တောင်တွေအပေါ် သစ်ပင် စိုက်ရသည်မှာ မလွယ်ကူချေ။ တောင်ယာစိုက်ခင်းဖြစ်သည့် တောင်စောင်းများတွင် ပျိုးပင်များ ကို စုပေါင်းစိုက်ပျိုး၍ မရချေ။ ပေါင်းမြက်များ ထူလာပါက သစ် ပင်များ လောင်းရိပ်ရ၍ အပင် မရှင်နိုင်။ ထိုကြောင့် တောင် ယာစပါး စိုက်ခင်းများအကြား သစ်ပင်များခြား၍ ကွက်ကျား၊ ကွက်ကျားစိုက်ပျိုးရသည်။ လေး နှစ်အထိ ကလေးတစ်ယောက်လို ပင် ဂရုစိုက်ခဲ့သော သစ်ပင်များ သည် သဘာဝတောအား မမီပေ မယ့် လက်လွတ်ရသည့် အနေ အထားကိုရောက်ရှိလာသည်။ သူ ကိုယ်တိုင် စိုက်ပျိုးခဲ့ရသော သစ် ပင်များ ပင်ကျပ်နုတ်ရန် အချိန် တန်သော်လည်း ပင်ကျပ်နုတ်ပြီး ခုတ်လှဲရန် ၀န်လေးနေသည်။
    သစ်ပင်တစ်ပင် ရှင်သန်ရန် အခက်အခဲ များစွာရှိသော်လည်း သစ်ပင်ခုတ်လှဲရန် လွန်စွာ လွယ် ကူနေသည်။ ထို့ကြောင့် မြန်မာ နိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ကျင်ထိန်းသိမ်းရေးကို လုပ်ဆောင်နေသော ဖရီဒါမှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက “သစ်ပင်စိုက်ခြင်းထက် စိုက်ပြီးသား သစ်ပင်ကို ထိန်းသိမ်း ခြင်းဟာ ပိုကောင်းတဲ့နည်းလမ်း တစ်ခုဖြစ်တယ်”ဟု အမြဲပြောလေ့ ရှိသည်။
    ကချင်ပြည်နယ်ရှိ အစုအဖွဲ့ ပိုင်သစ်တောတည်ထောင်ရေးကို ကူညီထောက်ပံ့ပေးနေသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး လုပ်ဆောင်ပေးနေသည့် အီ ကိုဒစ် Ecodev မှ အကြီးအကဲ ဖြစ်သူ ဦးဝင်းမျိုးက ၂၀၀၉ ခုနှစ် တွင် စတင်အစပျိုးခဲ့သော REDD အသက်ဝင်လာသည့်အခါ အစု အဖွဲ့ပိုင်သစ်တောပိုင်ဆိုင်သူများ အတွက် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်လာနိုင်ကြောင်း သုံး သပ်သည်။
    ယခု လက်ရှိတွင် ၂၀၁၀ ခုနှစ်တွင် ကင်ကွန်းမြို့၌ ကျင်းပခဲ့ သော ကမ္ဘာရာသီဥတုပြောင်းလဲ ဆိုင်ရာ ညီလာခံတွင် သစ်တော သစ်ပင်စိုက်ပျိုး၊ ပြုစုပျိုးထောင် သော နိုင်ငံများအတွက် အစိမ်းရောင်ရန်ပုံငွေ ထူထောင်ထားသည်။ မြန်မာနိုင်ငံတွင်လည်း REDD (သစ်တောပြုစုပျိုးထောင် သောနိုင်ငံများ ရန်ပုံငွေထောက်ပံ့ခြင်း) အသက်ဝင်လာရန် အတွက် UNDP ကုလသမဂဖွံ့ဖြိုးရေးအစီအစဉ်နှင့် သစ်တောရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ စည်းမျဉ်းစည်းကမ်းဆိုင်ရာ သတ်မှတ် ချက်များကို လုပ်ဆောင်နေကြ သည်။
    ဦးဂျာလကတော့ မည်သို့မျှမျှော်မှန်းမှုကြီးကြီးမားမား မရှိချေ။သူစိုက်ပျိုးခဲ့သော တစ်ဧကလျှင် သစ်ပင်ပေါင်း ၅၀၀ ပါသော အပင်များ ကြီးထွားလာပါက တောင်ပေါ်ရွာ သူတို့ဒေသသည် မြေပြန့်တွင် လယ်ယာလုပ်ကိုင်ကြ သူများထက် လက်ဖျားတွင် ရွှေ သီးပင် သီးနိုင်သည့် အခြေအနေ ဖြစ်ကြောင်း သူကယုံကြည်သည်။
    ““အခုတော့ သူတို့လို လယ် မစိုက်နိုင်တော့ ပိုက်ဆံများများ မရှိနိုင်သေးဘူး။ အေး ဒါပေမဲ့ နောင်နှစ်သုံးဆယ်ကျရင် သစ် ပင်တွေခုတ်ရောင်းရင်း သူဌေးဖြစ် ပြီးဗျာ”” ဟု မှိုင်းပြပြမြင်နေရသော မြေပြန့် လယ်ယာကွင်းများကို လက်ညှိုးထိုး၍ ဦးဂျာလက စကားဆိုသည်။