ကံကို ဆက်မလား၊ ကံကို ဖြတ်မလား ...

7Day News Journal

ကောင်းသောအလုပ်တွေကို ပြုလုပ်ရင် ကောင်းကျိုးတွေ ရလာမှာဖြစ်တယ်။ ကောင်းကျိုးရလာတော့ ကောင်း
ကျိုးတွေနဲ့ပဲ သံသရာလည်ပြန်ပါတယ်။ မသိနားမလည်လို့ မကောင်းတာတွေလုပ်ပြီး ဆိုးကျိုးတွေ ရလာပြန်တော့လည်း သံသရာက ဆိုးကျိုးဒုက္ခတွေနဲ့ လည်ရပြန်တယ်။ လည်နေတာ တစ်နေ့မဟုတ်ဘူး။ တစ်ရက်မဟုတ်ဘူး။ နေ့စဉ်နေ့တိုင်း၊ နှစ်စဉ်နှစ်တိုင်း၊ ဘ၀တိုင်း ဘ၀တိုင်းမှာ သံသရာလည်ပတ်နေတာပါ။ သံသရာလည်အောင်လည်း လူသားတွေက ကံစွမ်းအားတွေဖြည့်ဖြည့် ပေးနေကြတယ်။ သံသရာရှည်တာထက်ရှည်အောင်၊ ပွားတာထက်ပွား အောင်၊ တိုးတာထက်တိုးအောင်လည်း နေ့တိုင်း နေ့တိုင်း ကံအသစ်တွေ စုဆောင်းနေကြတယ်။

ကံပြုနေကြတဲ့ တစ်နေ့ တစ်ရက်ဟာ ရှေးဘ၀ပေါင်းများစွာကို ကိုယ်တိုင်ဖန်တီးနေတာနဲ့တူပါတယ်။ တဏှာ၊
ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏဆိုတော့ ကံတစ်ချက်ဖြစ်ရင် ဟိုဘက်က ဇာတိတစ်ချက် ရောက်လာပါပြီ။ တစ်နေ့၊တစ်ရက်၊ တစ်နာရီလောက်ကာလအတွင်းမှာပဲ ဖြစ်သွားတဲ့ကံတွေကို တွက်ကြည့်လိုက်ရင် ကြောက်စရာကောင်း လောက်အောင် များလှပါတယ်။ တစ်နေ့တစ်နေ့မှာ ကာယကံ၊ ၀စီကံ၊ မနောကံတွေ အကြိမ်ပေါင်းများစွာဖြစ်နေကြတာပါ။ ကာယကံ၊ ၀စီကံ မလုပ်ထားဘူးထား။ ငြိမ်ငြိမ်လေး နေပြီးတော့ ပါးစပ်ပိတ်ထားတောင်မှ မနောကံတွေဖြစ်နေပါတယ်။ ကံမဖြစ်တဲ့အချိန်ဆိုတာမရှိပါဘူး။ ကံတစ်မျိုးမျိုးတော့ဖြင့် အမြဲတမ်းဖြစ်နေကြတယ်။ ကံတွေကို ထပ်ထပ်ဖြစ် အောင် လုပ်နေလို့ ဒုက္ခတွေ ထပ်ထပ်ရနေကြတာ၊ ဒုက္ခတွေရနေလို့ သံသရာရှည်နေရတာ၊ သံသရာရှည်နေတာကြောင့် နိဗာန်နဲ့ ဝေးနေတယ် ဆိုတာ ကောင်းကောင်းနားလည်သွားရင် ကံတွေကို ဖြတ်တဲ့အလုပ်ပဲ လုပ်ချင်လာမှာဖြစ်တယ်။ ကံတွေကို ဆက်တဲ့အလုပ် လုပ်နိုင်မှာမဟုတ် တော့ဘူး။

7daynewsjournal.com