May 20, 2012

ကျွန်တော်တို့ အရှေ့အလယ်ပိုင်းဒေသထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ပါတယ်

အစ္စရေးပြည်တွင်းကာကွယ်ရေးဝန်ကြီး မတ်တန်ဗီလ်နိုင်းနှင့်တွေ့ဆုံခြင်း

အစ္စရေးစစ်
ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်ပြီး နိုင်ငံရေးသမားတစ်ဦးလည်းဖြစ် တဲ့ မတ်တန်ဗီလ်နိုင်းဟာ လက်ရှိအချိန်မှာ အစ္စရေးပြည်တွင်းကာ ကွယ်ရေးဝန်ကြီး (Minister for Home Front Defense) အဖြစ် တာဝန်ယူထားသူတစ်ဦးဖြစ်ပါ တယ်။ ဒါကြောင့် ၎င်းကို ယူရိုသတင်းက အစ္စရေးပြည်သူတွေရဲ့ လုံခြုံရေးကို ကြီးကြပ်နေသူအ ဖြစ်သတ်မှတ်ခေါ်ဆိုထားပြီး အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ယင်းအင်တာဗျူးမှာတော့ ၀န်ကြီးဗီလ်နိုင်းက ပါလက်စတိုင်း-အစ္စရေးပြဿနာရဲ့ အဓိကကိစ္စ ဖြစ်တဲ့ အစ္စရေးရဲ့ လုံခြုံရေး၊ နိုင်ငံတည်ရှိမှုနဲ့ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရေး အပါအ၀င် အီရန်အပေါ် ၎င်းရဲ့ သဘောထားတွေကိုပါ ဖော်ပြခဲ့တာတွေ့ရပါ တယ်။ ဒါကြောင့် ယူရိုသတင်းနဲ့ ၎င်းရဲ့တွေ့ဆုံမှုတွေကို အပြည့်အစုံ ပြန်လည်တင်ဆက်လိုက်ပါတယ်။

မစ္စတာဗီလ်နိုင်းခင်ဗျာ ၀န်ကြီးဟာ အစ္စရေးပြည်သူတွေရဲ့ လုံခြုံရေးကို တာဝန်ယူရသူပါ။ အစ္စရေးလွတ်လပ်ရေးရတာလည်း ၆၃ နှစ်ပြည့်ခဲ့ပြီ။ စစ်ပွဲတွေ၊ အကြမ်း
ဖက်မှုတွေလည်း အများကြီးဖြစ်ခဲ့တယ်။ ပြည်သူ့လုံခြုံရေး စိတ်ချရဖို့ အစ္စရေးအစိုးရအဆက်ဆက် ကြိုးစားခဲ့တာတွေလည်းရှိတယ်။ ဒါပေမဲ့ ၀န်ကြီးတို့ဟာ အများကြီး ခရီးမရောက်သေးဘူး။ လုံခြုံရေးအကြောင်း၊ လုံခြုံမှုအားနည်းတဲ့အကြောင်း ပြောနေရတုန်းပါပဲ။ အခုကစပြီး ဘယ်ကိုဝန်ကြီးတို့ ဆက်သွားချင်ပါသလဲ။

ကျွန်တော်တို့ အရှေ့အ လယ်ပိုင်းဒေသထဲမှာ ငြိမ်းငြိမ်း ချမ်းချမ်းနေချင်ပါတယ်။ ဒါဟာကျွန်တော်တို့ပန်းတိုင် ကျွန်တော် တို့မျှော်မှန်းချက်ပါပဲ။ အစ္စရေးလူ မျိုးတိုင်းကိုမေးကြည့်ပါ လူတိုင်းက ဖြေလိမ့်မယ်။ ကျွန်တော် ကျွန်မငြိမ်းချမ်းရေးကိုသဘောကျပါတယ်လို့။ အရေးအကြီးဆုံးကတော့ အစ္စရေးနိုင်ငံလုံခြုံရေး စိတ်ချရဖို့ အစ္စရေးနိုင်ငံကိုကာကွယ်ဖို့ပါ။ ကျွန်တော်တို့ရည်မှန်းချက် တာဝန်ကတော့ ပြည်တွင်းလုံခြုံရေးကိုကာကွယ်ဖို့ပါ။ ဘာလို့လဲဆိုတော့ အာရပ်နိုင်ငံတွေဟာ ကျွန်တော်တို့ရဲ့ စစ်တပ်ကို စစ်မြေပြင်မှာ အနိုင်မတိုက်နိုင်ဘူးဆိုတာ နားလည်ထားကြတယ်။ ဒီတော့ သူတို့က အရပ်သားတွေ နေထိုင်ရာဒေသတွေထဲက ပစ်မှတ်တွေကိုတိုက်ခိုက်ဖို့ ပိုအား သန်လာတယ်။

အဲဒီ့တိုက်ခိုက်နေတဲ့ကိစ္စကို ၀န်ကြီး ဘယ်လိုလုပ်ချင်ပါသလဲ။ နောက်ထပ်စစ်ပွဲတွေနဲ့လား။ နောက်ထပ် (ပါလက်စတိုင်း) ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ခြင်းနဲ့လား။ နှစ်ပေါင်း ၆၃ နှစ်လောက် တောင်လုပ်ခဲ့ပြီးပြီဆိုတော့...

(စကားဖြတ်လျက်) ခင်ဗျားစကားပြောဆိုနေတာက ၁၉၆၇ စစ်ပွဲမတိုင်ခင်ကတည်းက ခင်ဗျားတွေ့နိုင်သမျှ စစ်ပွဲတွေအားလုံးမှာ တိုက်ခိုက်လာတဲ့ ဗိုလ်ချုပ်တစ် ယောက်ကိုပြောနေတာပါ။
(စကားဖြတ်လျက်) ဒါပေမဲ့သူတို့ ရလဒ်ကောင်းတွေ  အများကြီး မထုတ်လုပ်နိုင်ခဲ့ဘူး။

ဟင့်အင်း။ ကွဲပြားခြားနားမှုအကြီးကြီးရှိပါတယ်။ ပြီးခဲ့တဲ့ ၆၃ နှစ်က ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တစ်ခုရှိခဲ့တယ်။ ပါလက်စတိုင်းနိုင်ငံနဲ့အတူ ဂျူးနိုင်ငံ ပူးတွဲတည်ရှိရေးပါ။ အဲဒီ့ကာလတွေတုန်းက ပါလက်စတိုင်းကိုသူတို့ အာရပ်နိုင်ငံတစ်နိုင်ငံရယ်လို့ခေါ်ခဲ့ကြတယ်။ ကျွန်တော်တို့လည်း အဲဒီအတွက် ထောက်ခံမဲပေးခဲ့တယ်။ အဲဒါနယ်မြေပိုင်းခြား ရေးစီမံကိန်းတစ်ရပ်ပါ။

အာရပ်တွေက အဲဒါကို အင်အားသုံးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အစ္စရေးတွေအားလုံးကို ရေထဲတွန်းချချင်ခဲ့ကြတယ်။ ကျွန်တော်တို့ ဂျော်ဒန်တွေ၊ အီရတ်တွေနဲ့ ငြိမ်းချမ်းရေးရခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တိုက်ခိုက်ဖူးတဲ့ အိမ်နီးချင်းတွေပါ။ ဒါကြောင့် ကျွန်တော်တို့ တစ်စုံ တစ်ခုကတော့ စွမ်းဆောင်အောင်မြင်ခဲ့တယ်။ ပါလက်စတိုင်းတွေ အတွက်ကတော့ ဒါဟာသူတို့ ပြဿနာပါ။ ဘာလို့လဲဆိုတော့ သူတို့ အကြမ်းဖက်မှုကိုသုံးနေလို့။ သူတို့က ပြဿနာကို အဆုံးသတ်ချင်နေကြတယ်။ အခု ၆၄ နှစ် အကြာမှာတော့ နောက်တစ်နည်းနဲ့လုပ်ရမယ်ဆိုတာ သူတို့နားလည် လာပြီ။ ဒါပေမဲ့ ပါလက်စတိုင်း လူ့အဖွဲ့အစည်းထဲမှာ အစွန်းရောက်မွတ်ဆလင်အုပ်စုတစ်စုရှိ နေပါတယ်။ သူတို့ကို ဟားမားစ်ခေါ်ခေါ် ဂျီဟတ်ခေါ်ခေါ် တစ်ပုံစံတည်းပါပဲ။ သူတို့က အစ္စရေးကို အင်အားသုံးပြီး ဖယ်ရှားချင် နေကြပါတယ်။

ကြားဖြတ်ပြောပါရစေ။ အရေးကြီးတဲ့နေရာရောက်လာလို့ပါ။ ပါလက်စတိုင်းဝန်ကြီးချုပ်  မာမွတ်အဘတ်စ်ဟာ ဟားမားစ်အဖွဲ့ကို လက်နက်ချပြီး စုစည်းတဲ့အမျိုး
သားအစိုးရထဲ ၀င်ပါစေဖို့အတွက်အဲဒီ့အဖွဲ့နဲ့ သဘောတူညီချက်ရပြီးပါပြီ။ အဲဒါကို ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဖို့ အခြေခံတွေအဖြစ် ၀န်ကြီး လက်ခံနိုင်ပါသလား။

ဟားမားစ်နဲ့ အဘူမာဇင်တို့ကြားက သဘောတူညီချက်ဟာ အကောင်းဆုံးသဘောတူညီချက်ပါပဲ။ ပုဂ္ဂိုလ်ရေးအရဆိုရင် အဘူမာဇင်က အာရာဖတ်လို အကြမ်း ဖက်ခေါင်းဆောင်မဟုတ်ဘဲ တကယ့်ငြိမ်းချမ်းရေးခေါင်းဆောင်ပါ။ ဒါပေမဲ့ ပြဿနာဖြစ်နေတာက သူ့လူ ၄၀ ရာခိုင်နှုန်းက ဟားမားစ်နဲ့ ဂျီဟတ်တွေဖြစ်နေတယ်။ သူက ကွက်လပ်ကို တံတားထိုးဖို့ ကြိုးစားနေတယ်။ စုစည်းတဲ့အမျိုးသားအစိုးရတစ်ရပ်ပေါ်လာအောင် ကြိုးစားတာပေါ့လေ။ ဒါပေမဲ့ အခုထိတော့ အပြောသာရှိပြီး ဘာမှဖြစ်မလာသေးပါဘူး။ တကယ်လို့သူတို့ဘက်မှာ ညီညွတ်တဲ့ အမျိုးသားအစိုးရတစ်ရပ် ရှိလာပြီဆိုရင် အဲဒါ ဘာအကြမ်းဖက်မှုမှ ထပ်ဖြစ်မလာတော့တာကို ဆိုလိုတာပဲ။ အခုထိတော့ သူတို့ဒါကို ဆန့်ကျင်နေကြတယ်။ သူတို့အမြင်ရှုထောင့်ကကြည့်ရင် အရှေ့အလယ်ပိုင်းတစ်ခုလုံးဟာ “မြင့်မြတ်တဲ့မွတ်ဆလင်မြေ”လို့ သတ်မှတ်ထားတာ ခင်ဗျား နားလည်ရပါမယ်။ ဥပမာတစ်ခုပြချင်ပါ တယ်။ အရှေ့အလယ်ပိုင်းမှာ လက်ဘနွန်လို့ခေါ်တဲ့ ဒီမိုကရေစီ နိုင်ငံသေးသေးလေးရှိတယ်။ လက်ဘနွန်ဘာဖြစ်ခဲ့သလဲ။ လက်ဘနွန်အဟောင်းက ပျောက်သွားပြီ။ လက်ဘနွန်ဆိုတာမရှိတော့ဘူး။ လက်ဘနွန်ဆိုတာရှိတာတောင် အခြားတစ်ခုပဲ။ သမ္မတရှိမယ်။ ၀န်ကြီးချုပ်ရှိတယ်။ လက်ဘနွန်စစ်တပ်တစ်ခုရှိတယ်။ ဒါပေမဲ့ လက်ဘနွန်(စစ်စစ်)မရှိဘူး။ လက်ဘနွန်မှာထက် အနောက်အာဖရိကနဲ့ တောင်အမေရိက ဒေသမှာ ခရစ်ယာန်လက်ဘနွန်
သားတွေ များနေတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ အားမကောင်းခဲ့လို့ပဲ။ အစွန်းရောက်မွတ်ဆလင် တွေကလည်း အဲဒီ့အတိုင်း အစ္စရေးကိုလုပ်မှာပါ။ အခွင့်အရေး တော့မရှိပါဘူး။

ပါလက်စတိုင်းတွေဟာ ညီညွတ် တဲ့အမျိုးသားအစိုးရတစ်ရပ်ကို ပုံဖော်နိုင်ခဲ့ပြီဆိုရင်သူတို့နဲ့ ဆွေးနွေးမှုတွေပြန်စဖို့ ၀န်ကြီးပြင်ဆင်ထားပါသလား။
အခြေအနေတစ်ရပ်မှာ တည်တာပေါ့။ အစွန်းရောက်တွေ အပါအ၀င် အစိုးရတစ်ဖွဲ့လုံးက အစ္စရေးရဲ့တည်ရှိမှုကို အသိအမှတ်ပြုမယ်ဆိုရင်ပေါ့။

ဥပမာအနေနဲ့ပြောရရင်အခြား အနှောင့်အယှက်၊ ပြဿနာတွေ ဖြစ်တဲ့(အစ္စရေး)ဘက်က အခြေ ချနေထိုင်မှုလိုကိစ္စတွေဖြစ်တဲ့ အခြားအခြေအနေတွေ ရှိနေပါတယ်။ သူတို့ရော နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ   အဲဒါကိုတရားမ၀င်ဘူးလို့   စဉ်းစားနေတယ်။ အခြေချနေထိုင်မှုတွေနဲ့ ပတ်သက်လို့စေ့စပ်ညှိနှိုင်းဖို့ရောဝန်ကြီးပြင်ဆင်ထားပါ သလား။
ကျွန်တော်တို့ ဘယ်ကိစ္စမဆို ညှိနှိုင်းနိုင်ပါတယ်။ အခြေခံအချက်တွေကတော့ ပါလက်စတိုင်းလူ့ အဖွဲ့အစည်းတစ်ရပ်လုံး နိုင်ငံရေးတစ်ရပ်လုံးအစ္စရေးနဲ့တည်ရှိမှုအကြောင်း အကြမ်းဖက်မှုတွေရပ်တန့်ရေးတွေဖြစ်ပါတယ်။

သူတို့ဘက်က ဂျုးနိုင်ငံ (သို့မဟုတ်) အစ္စရေးရဲ့  တည်ရှိမှုကို အသိအမှတ်ပြုတယ်ဆိုရင် ၀န်ကြီးအနေနဲ့ ၁၉၆၇ နယ်စပ်မျဉ်းသတ်မှတ်ချက်တွေဆီ ပြန်သွားပြီး အခု လုပ်နေတဲ့ အခြေချနေထိုင်မှုတွေအားလုံးကို ဖျက်သိမ်းပစ်မှာလား။
အားလုံးကို ဆွေးနွေးရပါမယ်။ အဓိကကတော့ အစ္စရေးရဲ့ လုံခြုံရေးပါ။ ၁၉၆၇ နယ်စပ်မြေပုံ ကိုကြည့်ရင် ဒီနယ်စပ်မျဉ်းတွေမှာ အစ္စရေးကိုကာကွယ်နိုင်တာ နား လည်လို့ရပါတယ်။  ဒီကိစ္စက တကယ့်ငြိမ်းချမ်းရေးအစစ်ဖြစ် မယ်ဆို ကျွန်တော်တို့ကိစ္စ အားလုံး ကို ဆွေးနွေးနိုင်ပါတယ်။ အဓိကအတားအဆီးက အစွန်းရောက်တွေပါ။ အစ္စရေးကို အကြမ်းဖက်ဆင်နွှဲနေတဲ့ကိစ္စပါ။ နှစ်ရက်ကို တစ်ကြိမ်လောက် ဒီမြေပေါ်ကို ဒုံးကျည်တစ်လုံးကျလာမယ်ဆိုရင်တော့ စဉ်းစားကြည့်လေ။

အဲဒါက ကြက်ဥနဲ့ ကြက်မဘယ်ကစသလဲ မေးခွန်းလိုဖြစ်နေပါတယ်။ ၀န်ကြီးသိတဲ့အတိုင်း ပါလက်စတိုင်းတွေကလည်း ဂျန်နင်မှာကျ တော့ရော ဆာဘရာမှာရော ဘယ့်
နှယ့်လဲ။ ရှာတီလာမှာ ဂါဇာမှာ ဗုံးကြဲခံနေရတာ ရောလို့ပြန်ပြောပါလိမ့်မယ်။ ဒီတော့ သူတို့ပြောမှာကလည်း “မင်းတို့ရပ်ရင် ငါတို့ရပ်မယ်” ဆိုတာပဲ ဖြစ်နေပါတယ်။
တချို့ကိစ္စတွေမှာ ကျွန်တော်တို့အမှားတွေလုပ်ခဲ့တယ်။ ဂျန်နင်မှာ ဆာဘရာနဲ့ ရှာတီလာ မှာဖြစ်ခဲ့တဲ့ကိစ္စတိုင်းကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။ ဒါပေမဲ့ သူတို့ကတော့ အဲဒီလို တစ်ခါမှမလုပ်ဖူးပါဘူး။

အီရန်ကိစ္စကိုဆက်မေးချင်ပါတယ်။ မကြာသေးမီကပဲ (အစ္စရေး)၀န်ကြီးချုပ် နေတန်ညာဟုက အီရန်ကိုစစ်ရေးအရ အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ အဲဒါ ဘာကို ဆိုလိုတာပါလဲ။
အီရန်ဟာ လွတ်လပ်တဲ့ တစ်ကမ္ဘာလုံးရဲ့ရန်သူပါ။ တကယ်လို့ တစ်ကမ္ဘာလုံးဟာအတူစုစည်းပြီး သံတမန်ရေးလမ်းကြောင်းတွေ စီးပွားရေးအတားအဆီးတွေသုံးပြီး သူတို့ ဖိအားပေးမယ်ဆိုရင် ကျွန်တော်တို့လုပ်နိုင်မှာပါ။ သူတို့ဘာလုပ်နိုင်တယ်။ ဘာမလုပ်နိုင်ဘူး ဆိုတာကိုနားလည်ဖို့ သံတမန်ရေးလမ်းကြောင်းတွေ စီးပွားရေးပိတ်ဆို့မှုတွေကို ကျွန်တော်တို့ အသုံးပြုနေပါတယ်။

—Ref: Matan Vilnai: the man in charge of keeping Israel Safe. Euronews: 20 Dec: 2011