ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီနာရတ်ဘန်နီခါ ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ဇူလိုင်ကစလို့ ရာထူးတာဝန်ထမ်း ဆောင်ခဲ့သူပါ။ သူမဟာ ရာထူးတာဝန်စတင်ယူချိန်ကစလို့ ၂၀၁၁ မေလအတွင်း ဘင်လာဒင်ကို ပါကစ္စတန်ပိုက်နက်အတွင်း အမေရိကန်တို့ အသိမပေးဘဲ တိတ်တဆိတ်ဝင်ရောက်စီးနင်း သတ်ဖြတ်ခဲ့မှု၊ အာဖဂန်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးယိုယွင်းလာမှု၊ ပြီးခဲ့ တဲ့နိုဝင်ဘာမှာ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးတစ်ခုအတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေ မှားယွင်းသတ်ဖြတ်မှုကြောင့် ပါကစ္စတန် စစ်သား ၂၄ ဦးကျဆုံးမှု စတဲ့ သံတမန်ရေးရာအကျပ်အတည်းတွေကို ရင်ဆိုင်လာခဲ့ရသူလည်းဖြစ်ပါတယ်။ သူမဟာ ပါကစ္စတန်ရဲ့ အသက်အငယ်ဆုံးနဲ့ ပထမဆုံးသော အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူပါ။ ဒါကြောင့် တိုင်းမ်မဂဇင်းဟာ အာဖဂန်မြို့တော် ကဘူးလ်သို့သွားရောက်ဖို့ရှိနေတဲ့ မစ္စဟီနာရတ်ဘန်နီခါနဲ့ အာဖဂန်-ပါကစ္စတန်ဆက်ဆံရေးအကြောင်း၊ အမေရိကန်နဲ့ ဆက်ဆံရေးအကြောင်း၊ ပါကစ္စတန်နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍအကြောင်းတွေကို ဆွေးနွေးမေးမြန်းခဲ့ပါတယ်။ ယခု ဖော်ပြလိုက်တာက ယင်းတွေ့ဆုံမှုမှ ကောက် နုတ်ချက်တချို့ပါပဲ။
ကဘူးလ်ကိုသွားဖို့ ၀န်ကြီးရဲ့ ခရီးစဉ်ကို ဘာကများစေ့ဆော်ခဲ့တာပါလဲ။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေနဲ့ ကျွန်မ ပြောချင်တာကတော့ ကမ္ဘာမှာ အရေးပါဆုံးမြို့တော်ဟာကဘူးလ်ဖြစ်တယ်ဆိုတာပါပဲ။ တကယ်လို့ ဒီလမ်းကြောင်း အလုပ်ဖြစ်ရင် ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ဟာလည်း တစ်ဦးရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နိုင်မယ်ဆိုရင် ကျွန်မတို့ ခရီးရှည် ရှည်သွားနိုင်ပါ လိမ့်မယ်။ အဲဒီ့ယုံကြည်မှုနဲ့ပဲ ကိစ္စ တွေအများကြီး ကျွန်မတို့ ဖြေရှင်းနိုင်မယ်။ ပြင်ပသြဇာလွှမ်းမိုးမှု၊ ကြားဝင်နှောင့်ယှက်မှုတွေ မလိုတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အာဖဂန်နစ္စတန်နဲ့ အဆင့်တိုင်း မှာ အချိန်တိုင်းမှာ ထိတွေ့ဆက်ဆံဖို့ လမ်းဖွင့်ထားပါမယ်။ ၂၀၀၈ ကစလို့ (ပြည်သူ့ရွေးကောက်ခံအစိုးရ အာဏာရ လာချိန်ကစလို့) ကျွန်မတို့ဟာအာဖဂန်ကို အလွန်သင့်လျော်တဲ့ သတင်းစကားတစ်ခုပေးထားပြီးဖြစ်ပါ တယ်။ အဲဒါကတော့ အလုပ်ကိစ္စပါ။ ဆိုလိုတာက အာဖဂန်တွေက သူတို့အတွက် ကောင်းတယ်လို့ ခံစားရသမျှကို ကျွန်မတို့အနေနဲ့ ထောက်ခံအား ပေးသွားချင်ပါတယ်။ သူတို့ဦးတည်ရာလမ်းကြောင်းရွေးရပါမယ်။ ပြီးရင်အဲဒီ့လမ်းကြောင်း အတိုင်း သူတို့သွားရာနောက်ကနေ ကျွန်မတို့ လိုက်ပါမယ်။
ကဘူးလ်မှာ (အာဖဂန်)သမ္မတ ဟာမစ်ကာဇိုင်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဇယ်လ်ရက်ဆိုးတို့အပြင် ဘယ်သူတွေနဲ့ တွေ့ဆုံမှာပါလဲ။
အာဖဂန်မှာ အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်မှုပိုင်းက အားလုံးကို တွေ့ရဖို့ ကျွန်မမျှော်လင့်ထားပါတယ်။
အတိုက်အခံဘက်က ပုဂ္ဂိုလ်တွေရောပါသေးလား။
ဟုတ်ကဲ့။ အတိုက်အခံတွေကိုလည်း ကျွန်မ တွေ့ဆုံဆွေးနွေးသွားမှာပါ။
ဘာကြောင့်ပါလဲ။ အဲဒါဟာ အငြင်းပွားဖွယ်ရာ အလားအလာရှိတယ်လို့ ၀န်ကြီးမထင်မိဘူးလား။
ဘာကြောင့် ဖြစ်ရမှာလဲ။ အဓိကအချက်က ကျွန်မတို့ဟာ အာဖဂန်နစ္စတန်ရဲ့ လူအားလုံးဆီ ရောက်ရှိနေတာပါ။ အဲဒါ ကောင်းပါတယ်။ နိုင်ငံ နိုင်ငံချင်း၊ ပြည်သူပြည်သူချင်း ဆက်ဆံရေးကို ကျွန်မတို့တည် ဆောက်ချင်ပါတယ်။ အဲဒါတွေက ကာလရှည်အနာဂတ်အတွက် စဉ်ဆက်
မပြတ်ဖြစ်ပေါ်နေတဲ့ဆက်ဆံရေးတွေပါ။ ပါကစ္စတန်ဟာ ပုံမှန်အားဖြင့် တော့ အာဖဂန်အတွင်းက အပိုင်းတစ်ခု (တာလီဘန်)နဲ့ တွဲဆက်ထားသ ယောင်အမြင်ခံရတယ်။ဒါကြောင့် အဲဒါဟာ ချိုးဖျက်ပစ်ဖို့လိုနေတဲ့ ပုံပြင်တစ်ခုသာဖြစ်တယ်လို့ ကျွန်မထင်တယ်။ အဲဒါကို ပုံပြင်တစ်ခုလို့ ကျွန်မခေါ်တယ်။ ဘာ လို့လဲဆိုတော့ ပြီးခဲ့တဲ့ ၁၀နှစ်တာကာလအတွက် အဲဒါမှန်ကန်ခဲ့ တယ်လို့ ကျွန်မ မထင်လို့ပါ။ ဒါကြောင့် အာဖဂန်နစ္စတန်မှာ အရေးကြီးတဲ့ မည်သူမဆို ပါကစ္စတန်အတွက်လည်း အရေးကြီးပါတယ်ဆိုတဲ့ သတင်း စကား(မက်ဆေ့ခ်ျ)ကို ပေးပို့ရေးက သိပ်အရေးကြီးပါတယ်။
ဝန်ကြီးဟာ ဆော်ဒီမှာ တာလီဘန်နဲ့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ဖွင့် လှစ်ဖို့ ဆွေးနွေးဦးမယ်လို့လည်း ခန့်မှန်းနေကြတာတွေ အများကြီးရှိနေပါတယ်။
မရှိပါဘူး။ အဲဒါတွေအားလုံးစိတ်ကူးယဉ်အရေးအသားတွေပါ။ အဲဒါက သတင်းစာတွေ ရောင်းကောင်းအောင်တော့ ကူညီနိုင်မယ်ထင်တယ်။ ကျွန်မက ရှင်းရှင်းလင်းလင်းပဲလုပ်မှာပါ။ ရည်ရွယ်ချက်က အာဖဂန် နစ္စတန်ကိုချဉ်းကပ်နိုင်ဖို့ပါ။ အာဖဂန်တွေက သူတို့ကိုယ်တိုင် ရွေးတဲ့လမ်းကြောင်းမှန်သမျှမှာ ပါကစ္စတန်က လည်း အနောက်မှာ ရှိပေးနေမယ် ဆိုတဲ့ယုံကြည်မှုကို သူတို့ကို ပေးဖို့ပါ။ ဒါသိပ်အရေးကြီးတဲ့သတင်းစကား ဖြစ်ပါတယ်။ သူတို့ အနာဂတ်မှာကျွန်မတို့လည်း တစ်နေရာပါဝင်ထားတယ်။ ဘာကြောင့် လဲဆိုတော့ ကျွန်မတို့အနာဂတ်က သူတို့နဲ့ချိတ်ဆက် နေလို့ပါ။ တခြားတစ်ယောက်ယောက်ရဲ့အကြိုက်ကို ဦးစားပေးပြီး ကျွန်မတို့ လုပ်နေတာမဟုတ်ပါဘူး။
အာဖဂန်အတွက် ပါကစ္စတန်ရဲ့ ရည်မှန်းချက်တွေဟာ အမေရိကန်၊ နေတိုးတပ်ဖွဲ့တို့ရဲ့ ရည်မှန်းချက်တွေနဲ့ ဘယ်လိုကွာခြားပါသလဲ။
အာဖဂန်အတွက် ပါကစ္စတန်ရဲ့ မျှော်လင့်ချက်တွေနဲ့ ဆနတွေက တော့ ငြိမ်းချမ်းတဲ့၊ တည်ငြိမ်တဲ့ အာဖဂန်ဖြစ်ရေးထက် ဘာမှမပိုပါဘူး။ ဒါဟာ ပါကစ္စတန်အတွက် မိတ်ဆွေဆန်ချင်မှ ဆန်မယ်။ သူတို့က ဘယ်သူ့ ကို မိတ်ဆွေဖြစ်ချင်တယ်၊ မဖြစ်ချင်ဘူး ဆုံးဖြတ်ရမယ့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံပါ ဒီတော့ကျွန်မတို့ရဲ့ အခွင့်အလမ်းတွေ ကဘာများပါလဲ။ ကျွန်မတို့အခွင့်အလမ်းတွေကတော့ ကိုယ်တတ်နိုင်သမျှယုံကြည်မှုတည်ဆောက်ရေး၊ တစ်ဦးနဲ့တစ်ဦး ငြိမ်းချမ်းမှုရှိစွာ နေနိုင်ရေး၊ နိုင်ငံတစ်နိုင်ငံချင်းစီမှာ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုမြှင့်တင်ရေး ပါ။ ဒါကြောင့် ပါကစ္စတန်ရဲ့ အကျိုးစီးပွားဟာ အဲဒီကစပြီး အဲဒီမှာပဲဆုံး တာပါ။အမေရိကန်နဲ့ ပတ်သက်လို့ကတော့ ကွဲပြားခြားနားတဲ့ကိစ္စတစ်ခုပါ။ အမေရိကန်လို မဟုတ်ဘဲ ကျွန်မတို့က အိမ်နီးချင်းတွေမို့ ဒီမှာပဲ ဆက်ရှိ နေရမှာပါ။ ဒါကြောင့် တည်ငြိမ်တဲ့ အာဖဂန်နစ္စတန်ရှိနေရေးဟာ ပါကစ္စ တန်ရဲ့ အကျိုးစီးပွားတွေထဲမှာ ကြီးကြီးမားမားရှိနေပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံ တွေကတော့ ဒီကိုရည်မှန်း ချက်တချို့နဲ့ ရောက်လာခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း အဲဒီ့ ရည်မှန်းချက်တွေ သိသိသာသာပြောင်းသွားပြီလို့ ကျွန်မယုံကြည်ပါတယ်။ သူတို့ဟာ ဒီကိုသူတို့ဝင်လာ တဲ့အချိန်ကထက် ပိုတည်ငြိမ်တဲ့အနေအထားထဲမှာ အာဖဂန်ကို ထားပြီးမှ ထွက်သွားချင်နေကြတယ်လို့ယုံကြည်ပါတယ်။
၂၀၁၄ မှာ နေတိုးတပ်ဖွဲ့တွေ အာဖဂန်ကနေ ဆုတ်ခွာသွားရင်အထိခိုက်ခံရနိုင်ဆုံး အိမ်နီးချင်းနိုင်ငံအနေနဲ့ အဲဒီ(ဆုတ်ခွာရေး) အချိန်ဇယားအ ပေါ် ၀န်ကြီး ဘယ်လို မြင်ပါသလဲ။
ကျွန်မတို့ အမြဲတမ်းပြောခဲ့တာကတော့ အချိန်ဇယားတွေဟာ လက်တွေ့အခြေအနေအ ပေါ် အခြေခံသင့်တယ်လို့မြင်ပါတယ်။ အချိန်ဇယားဟာအောင်မြင်အောင် ဆောင်ရွက်ရမယ့်ရည်မှန်းချက်တွေနဲ့ ဆက်နွှယ်ထားသင့်ပါတယ်။ အချိန်ဇယားကို လတွေ၊ နှစ်တွေဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ အတိအကျမဖြစ်စေသင့်ဘူး။ ဒီကို ကိုယ်တွေ့ရောက် လာချိန်မှာအောင်မြင်အောင်လုပ်ရမှာတွေနဲ့ သတ်မှတ်ထားတာမျိုး နဲ့ပဲဖြစ်သင့်ပါတယ်။
လူများစုကတော့ အမေရိကန်ဟာ အာဖဂန်မှာ စစ်ရှုံးစပြုနေ ပြီလို့ပြောနေကြပါတယ်။
ဒီကိစ္စကို ကျွန်မ မှတ်ချက်မပေးချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စက သူတို့ ဘာအောင်မြင်ခဲ့လဲဆိုတာကို ရှင်တို့ဘက်က ကြည့်ပုံကြည့်နည်းမှာ မူတည်နေလို့ပါ။ ဒါပေမဲ့ လူတွေရဲ့ စိတ်နဲ့ နှလုံးသားတွေ ကိုရရှိရေး (ပြည်သူ့ထောက်ခံမှုရရေး)တိုက်ပွဲကိုတော့ရှုံးခဲ့တယ်။ ဘာကြောင့်ရှုံးသလဲတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့အနိုင်မရခဲ့တာ တော့ သေချာတယ်။
ပါကစ္စတန်မှာရော ဘယ့်နှယ်ရှိပါသလဲ။
အမေရိကန်ရဲ့ ဆောင်ရွက်ချက်တချို့ဟာ ခြွင်းချက်အားဖြင့်တော့ အမေရိကန်နဲ့ ပါကစ္စတန်တို့ကြားက ကာလရှည် ပူးပေါင်း ဆောင်ရွက်မှုကို ပျက်စီးစေခဲ့တယ် လို့ထင်ပါတယ်။
ပါကစ္စတန်မှာ တခြား ဘယ်အစိုးရကမှမရခဲ့တဲ့ တစ်စုံတစ်ခုကို ၀န်ကြီးတို့အစိုးရက အောင်မြင်မှုရရှိတော့မှာလား။ ဟိုတစ်နေ့က ၀န်ကြီးချုပ် ယူဆွတ်ရာဇာဂီလန်နီ ပြောသလိုမျိုး ဒီတိုင်းပြည်မှာ အာဏာသိမ်းမှုတွေ ကုန်ဆုံးသွားပြီလား။ ဒီအယူအဆဆီရောက်အောင် ဘာက သယ်ဆောင် လာတာပါလဲ။
လွယ်ကူတဲ့အဖြေတော့ မရှိဘူးဆိုတာ သိနားလည်မှုနဲ့အတူ ပါကစ္စ တန်မှာ အသွင်ပြောင်းလဲမှုဖြစ်ပေါ်နေပြီလို့ ကျွန်မထင်တယ်။ ပါကစ္စတန်မှာဖြစ်တဲ့ စစ်ဘက်အာဏာ သိမ်းမှုတွေဟာ ပြဿနာတွေကိုဖြေရှင်းနိုင် တယ်ဆိုတဲ့အချက်အပေါ် အခြေခံခဲ့တာလို့ ကျွန်မထင်တယ်။ ပြီးခဲ့တဲ့ နှစ် ၆၀ လုံးလုံး ကျွန်မမြင်ရတာတော့အာဏာသိမ်းမှု တွေကိုယ်နှိုက်က ပြဿနာရဲ့အစိတ်အပိုင်းမဟုတ်ဘူး။ ပြဿနာကိုယ်တိုင်ပဲ။ အဲဒါတွေက ပြဿနာကိုဖန်တီးခဲ့တာ။ ပါကစ္စတန်ဟာပိုတောက်ပတဲ့အနာဂတ် ရှိခဲ့ဖူးတယ်။ အလားအလာကောင်း အများကြီးရှိခဲ့ဖူးတယ်။ စစ်ဘက်အာဏာသိမ်းမှုတွေဆီဦးတည်တဲ့ တိမ်းညွှတ်မှုကြောင့်အဖွဲ့အစည်း၊ အင်စတီကျူးရှင်းအများအပြားဟာမသန် စွမ်းနိုင်၊ အခြေမခိုင်နိုင်ခဲ့ဘူး။ အပြောင်းအလဲ အတွက်တော့ မီဒီယာကို အမှတ်တွေအများကြီးပေးသင့် ပါတယ်။ ဒီနေ့မှာတော့ ကျွန်မ ခိုင်ခိုင်မြဲမြဲ ယုံတာတစ်ခုရှိရင် အဲဒါကတော့ ပါကစ္စတန်ဟာခိုင်မာတဲ့ဒီမိုက ရေစီလမ်းကြောင်းပေါ်ပြန်ရောက်တော့ မှာဆိုတာပါပဲ။ ပါကစ္စတန် ကို ဘယ်အရာကမှ နောက်ကြောင်းပြန်နိုင် စေမှာမဟုတ်ပါဘူး။ ပါကစ္စတန်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေထဲကတစ်နိုင်ငံအဖြစ် ပေါ်ထွက်လာမှာပါ။
—Ref: Time Exclusive: Q&A with Pakistan Foreign Minister Hina Rabbani Khar


