ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုဖြစ် တဲ့ ယူနက်စကို( UNESCO ) ခေါ် ကုလသမဂ္ဂပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ကြီးဟာ ပါလက်စတိုင်း နိုင်ငံကို အဖွဲ့ရဲ့ ၁၉၅ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် မကြာသေးမီကပဲ လက်ခံခဲ့ပြီဖြစ်ပါတယ်။ ယူနက်စကိုရဲ့ ဒီဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂရဲ့ တင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင်ဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ပေမယ့် ယခုတော့ ကုလရဲ့ အရေးပါတဲ့အဖွဲ့တစ်ခုမှာတော့ အမေရိကန်နဲ့ အစ္စ ရေးတို့ရဲ့ အပြင်းအထန်ကန့်ကွက်မှုတွေကြားကပဲ ပါလက်စတိုင်းတို့
နေရာရသွားခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ယူနက်စကိုအဖွဲ့ကြီးအတွက် တော့ ယခုလို ပါလက်စတိုင်းကို အဖွဲ့ဝင်အဖြစ် သမိုင်းဝင် အငြင်းပွားဖွယ်သတ်မှတ်လိုက်တာဟာ တန်ဖိုးတော့ကြီးမားခဲ့ပါတယ်။ အကြောင်းက အမေရိကန်နဲ့ အစ္စရေးဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ မည်သည့် အဖွဲ့အစည်းကိုမဆို ရန်ပုံငွေခွဲဝေ ထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့ ဥပဒေချမှတ်အရေးယူပိတ်ဆို့ထားတာမို့ ဒီအချက်ကြောင့်ပဲ ကုလသမဂရဲ့ ယူနက်စကိုအဖွဲ့ကြီးဟာ အဓိကထောက်ပံ့သူ အမေရိကန် ရဲ့ ရန်ပုံငွေမရနိုင်တော့ဘဲ ဘဏ္ဍာရေးအရ အခက်ကြုံရဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် လတ်တလော ရက်ပိုင်းအတွင်းမှာပဲ ယူရိုသတင်း ၀က်ဘ်ဆိုက်က ယူနက်စကိုရဲ့ အထွေထွေညွှန်ကြားရေးမှူးချုပ် အီရီနာ ဘော့ကိုဗာနဲ့ ယူနက်စကိုအဖွဲ့ကြီးရဲ့ အနာဂတ်အကြောင်း မေးမြန်းထား ခဲ့တာတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
ယူနက်စကိုရဲ့ အနာဂတ် ဘယ်လိုရှိမလဲဆိုတာ သိချင်ပါတယ်။
ဘဏ္ဍာရေးအသုံးအနှုန်းတွေအရ အရေးပါတဲ့ နောက်ဆက်တွဲဂယက်တွေအဖြစ် ကျွန်မပြောရမှာတွေကတော့ အမေရိကန်ပြည်ထောင်စု နဲ့ ကျွန်မတို့ရရှိထားတဲ့ ငွေကြေးအထောက်အပံ့မှာ အခက်အခဲတချို့ ရှိသွားပါ။ တခြား ပိုကျယ်ပြန့်တဲ့ ဂယက်တွေလည်း ရှိပါသေးတယ်။ နိုင်ငံရေး ပိုဆန်ကောင်းဆန်မယ့်ဂယက်တွေပေါ့လေ။ အဲဒီမှာ ကျွန်မ တို့ကို ချီးကျူးသူတွေ ရှိသလို ရှုတ်ချသူတွေလည်းရှိနေပါတယ်။ ပါလက်စတိုင်းကို အဖွဲ့ထဲဝင်ခွင့်ပေးရေးကိစ္စက ကျွန်မတို့(အဖွဲ့)ရဲ့ ဆွေးနွေးစရာစာရင်း Agenda ထဲရှိနေတာ နှစ်ပေါင်း ၂၂ နှစ် လောက်ရှိပြီဆိုတာ တော့ပြောပါရစေ။ ဒီကိစ္စဟာ (အခုမှ ထဖြစ်တဲ့)အသစ်အဆန်းကိစ္စ တစ်ခုမဟုတ်ပါဘူး။ ဒီတစ်ကြိမ်မှာတော့ အဖွဲ့ဝင်နိုင်ငံ ၁၀၇ နိုင်ငံက (ပါလက်စတိုင်းကို)မဲပေးဖို့ ဆုံးဖြတ်ခဲ့ကြတာ အထင်အရှားပဲလေ။
မဲပေးလိုက်ကြလို့ ဘဏ္ဍာရေးအရ သွယ်ဝိုက်ဖြစ်လာနိုင်တာ (နောက်ဆက်တွဲပြဿနာဖြစ်နိုင် တာ) တွေက ဘာတွေများလဲ။ ယူနက်စကိုအဖွဲ့ကြီးရော ဘယ်လောက်အထိ ကျဆင်းသွားနိုင်မလဲ။
ဟုတ်ကဲ့။ အမေရိကန်ပြည်ထောင်စုက(အဖွဲ့ရဲ့) ပုံမှန် ဘတ်ဂျက် မှာ၂၂ ရာခိုင်နှုန်းကို ထည့်ဝင်နေတာကို စိတ်ထဲမှာ မှတ်ထားမယ်ဆိုရင် ပြီးတော့ သူတို့က အပိုဘတ်ဂျက်စရိတ်တွေအတွက် ဒေါ်လာ ၁၅ သန်းနဲ့ သန်း ၂၀ ကြားလည်း ပေးသေးတယ်ဆိုတော့ အဲဒါကို၊ ၂၂ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့(ငွေပမာဏ) ဒေါ်လာ ၇၂ သန်းမှာ ထပ်ပေါင်းရမှာပေါ့။ ဒီတော့ ကျွန်မတို့ပြောနေတာ တစ်နှစ်ကို သန်း ၁၀၀ ပတ်ဝန်းကျင်လောက်ရှိသွားပြီ။ ဒါ့အပြင် အစ္စရေးကလည်း ၂၀၁၂ အတွက်(အချိုးကျ
ထည့်ဝင်ရမယ့်) ရန်ပုံငွေတွေလည်း ရုပ်သိမ်းသွားပြန်တယ်။ ဒီတော့ကျွန်မတို့ရဲ့ ဘတ်ဂျက်အနေအထားမှာတော့ အဲဒါတော်တော်လေး တော့အရေးပါနေပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ၂၀၁၁ ဘတ်ဂျက်အတွက်လည်း ဒီနှစ်ထဲမှာ ထည့်ဝင်ထားတာမရှိဘူးဆိုတာသိထားရပါမယ်။ အမေရိကန်ကွန်ဂရက်နဲ့ အမေရိကန်ပြည်သူ တွေကိုလည်းကျွန်မ မေတ္တာရပ်ခံထား ပါတယ်။ ဒီသတင်းရောက်သွားပြီး ကွန်ဂရက်ကလည်း အမေရိကန် ပေးရမယ့် အချိုးကျရန်ပုံငွေကို ကျွန်မတို့ လက်ခံနိုင်အောင် ဥပဒေကိုပြင်ပေးမယ်လို့ ကျွန်မ တကယ်မျှော်လင့်ပါတယ်။
ဒါဆို ယူနက်စကိုဟာ အဆုံးမှာတော့ အမေရိကန်ဆီကနေ ရန်ပုံငွေရ ကောင်းရနိုင်မယ့် မျှော်လင့်ချက်လေးတော့ ရှိနေတယ်ပေါ့။
အဲဒီလိုပဲ မျှော်လင့်ရတာပဲ။ ဘဏ္ဍာရေးလိုအပ်ချက်ကိုမဖြည့်နိုင်ဘူးဆိုရင် ထိခိုက်နစ်နာနိုင်မယ့် တချို့စီမံကိန်းတွေက အီရတ်မှာ (ယူနက်စကိုကလုပ်ပေးနေ တဲ့)တရားစီရင်ရေးစနစ်နဲ့ ရေပေးဝေရေးစီမံကိန်းတွေဖြစ်နေပါတယ်။
ဒီစီမံကိန်းတွေက ရန်ပုံငွေပြတ်လပ်မယ့်အန္တရာယ် ရှိနေပါတယ်။ တခြားအန္တရာယ်ရှိနိုင်တဲ့ စီမံကိန်းတွေရောရှိပါသေးသလား။
အရင်ဆုံးအနေနဲ့ပြောရရင် သိပ်အရေးကြီးတဲ့စီမံကိန်းတွေပါ။ အာဖဂန်နစ္စတန်နဲ့ အီရတ်မှာ လုပ်နေတဲ့ ကျွန်မတို့ အစီအစဉ်တွေအားလုံးဟာပျက်စီးသွားနိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ပုံငွေ ၂၂ ရာခိုင်နှုန်းကျော် ရုပ်သိမ်းသွားတယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့။ နောက်လာမယ့်နှစ်တွေအတွက်ပြောရမယ်ဆိုရင် လည်း ဒီနှစ်ထဲက အရှုံးကို ထပ်ပေါင်းထည့်ရမယ်ဆိုတော့ အဲဒါ ၃၀ ရာခိုင်နှုန်းကျော်လောက် ရှုံးသွားပါလိမ့်မယ်။ ဒီတော့ အဲဒါ ကျွန်မတို့ရဲ့ အလုပ်လုပ်နေတဲ့နယ်ပယ်မှာ ထောက်ပံ့နေမှုတွေကို ပျက်စီးစေနိုင်ပါတယ်။
ဒီလိုမျိုး နောက်ထပ်ကိစ္စတစ်ခုလည်းပြောချင်ပါသေးတယ်။ အဲဒါကတော့ ကျွန်မတို့ရဲ့ အစိုးရချင်း ပူးပေါင်းဆောင်ရွက်ထားတဲ့ ပင်လယ်သမုဒ္ဒရာရေးရာ ကော်မရှင် Intergovernmental Oceanogra-phic Commision ဖြစ်ပါတယ်။ ဒီကော်မရှင်ကလည်း ပါဝင်ပတ်သက်ထားမှုကြီးမားလှတယ်။ အဖွဲ့က ဆူနာမီသတိပေး စနစ်တွေအား လုံးကို တကယ်ပူးပေါင်းဆောင်ရွက်ပေးနေတာပါ။ ဒီနှစ်စပိုင်းတုန်းက ဂျပန်မှာ ငလျင်နဲ့ ဆူနာမီဖြစ်တော့ ကျွန်မတို့ ဆူနာမီသတိပေးချက်ကို ငါးမိနစ်အတွင်း ထုတ်ပြန်နိုင်ခဲ့ပါတယ်။
တချို့ကတော့ ပါလက်စတိုင်းကို ၀ိုင်းမဲပေးပြီး အသိအမှတ်ပြုခဲ့တာဟာ ယူနက်စကိုရဲ့ သြဇာအာဏာတွေကို အလွဲသုံးစားလုပ်တာပဲလို့မြင်ကြ တယ်။ ဒီအဖွဲ့ကြီးက အဲဒီလိုမျိုး နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်တစ်ခုကို လုပ်လိုက်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကိုကျော်လွန်သွားတယ် လို့ရော ညွှန်ကြားရေးမှူးချုပ်အနေနဲ့ ထင်မိပါသလား။
ဟုတ်ကဲ့။ ကျွန်မအတွက်တော့ ဆုံးဖြတ်ရတာခက်ခဲပါတယ်။ အဲဒါ က အဖွဲ့ဝင်နိုင်ငံတွေရဲ့ဆုံးဖြတ်ချက်ပါ။ ဒီကာလလေးမှာ ကျွန်မတို့ စိတ်ပျက်မိတာကတော့ ရှင်ပြောသလို ဝေဖန်ရေးမျိုးပဲ။ ဒီသဘောထားက အရာရာကို ဒီနိုင်ငံရေးဆုံးဖြတ်ချက်မှန် ပြောင်းကပဲကြည့်ထားပြီး ကျွန်မတို့လုပ်နေတဲ့အခြားအရေးပါတဲ့ လှုပ်ရှားမှုတွေအား လုံးကို ဂရုမစိုက်တာပါ။
ယူနက်စကိုဟာ အများပြည်သူတွေအတွက် အဖွဲ့ကိုလှူဒါန်းနိုင်မယ့် Click and Donate လှူဒါန်းရေးအစီအစဉ်ကို စတင်ထားခဲ့တာ သတိထားမိ ပါတယ်။ အဲဒါ သိပ်အကောင်းကြီးလည်း မဟုတ်သလို ရန်ပုံငွေပမာဏ အများကြီးလည်းမရဘူးမဟုတ်လား။
အဲဒီ့ “ယူနက်စကိုသို့ လှူဒါန်းရေး” ( Donate to UNESCO ) လှုပ်ရှားမှုကနေ ဒေါ်လာသန်းပေါင်းများစွာရလိမ့်မယ်လို့ ကျွန်မတစ်ခါမှ မျှော်လင့်မထားခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီ့အစီအစဉ်က ယူနက်စကိုက လုပ်ဆောင်နေတာအတွက် ကမ္ဘာ့ပြည်သူတွေဘက်က ယူနက်စကို ကို ထောက်ခံအား ပေးမှုတစ်ရပ်ပါ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီက အချိုးကျရန်ပုံငွေထည့်ဝင်မှုဟာလည်း လိုက်နာရမယ့် အချက်တစ်ခုဆိုတာ ကျွန်မတို့ သိထားရပါမယ်။ ဒါဟာအဖွဲ့အစည်း ကိုလေးစားခြင်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာလည်း သူ့ ဥပဒေကို ပြင်လိမ့်မယ်လို့ ကျွန်မယုံကြည်နေဆဲပါ။
ယူနက်စကိုရဲ့ ဗဟိုချက်လုပ်ငန်းစဉ်တွေက လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရရှိရေး၊ ပညာရေးနဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးမှာ ကူညီရေးကိစ္စတွေ ဖြစ်တယ်ဆိုတော့ “အာရပ်နွေဦး”က တင်ဆက်ခဲ့တဲ့ စိန်ခေါ်မှုတွေနဲ့ မျှော်လင့်ချက်တွေကိုရော အဖွဲ့ကြီးက ဘယ်လိုတုံ့ပြန်မှာလဲ။
“အာရပ်နွေဦး”နဲ့အတူ ကျွန်မတို့ တကယ်ပဲ စိတ်အားထက်သန် ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ပိုကောင်းတဲ့ရှင်သန်မှုအတွက် ပိုများပြားတဲ့ လူ့အခွင့်အရေးအတွက် ပိုကြီးမားတဲ့ ဂုဏ်သိက္ခာအတွက် တရားဝင်တဲ့စိတ်ဓာတ်တက်ကြမှုတစ်ခုဖြစ်ခဲ့လို့ပါ။ “အာရပ်နွေဦး” ပထမပိုင်းနေ့တွေကစလို့ ကျွန်မတို့ဟာ အဲဒီ့နိုင်ငံတချို့နဲ့အတူ လွတ်လပ်ပွင့် လင်းရေး၊ ဒီမိုကရေစီရေးနဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံရေးနဲ့ လူမှုရေးအစီ အစဉ်တွေဖြစ်ပေါ်ရေးကို ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
ကျွန်မတို့ရဲ့ သူတို့နဲ့ ပထမဆုံးလုပ်တဲ့ စီမံကိန်းတွေကတော့ တူနီး ရှားဂျာနယ်လစ်တွေကို ရွေးကောက်ပွဲတွေအကြောင်း သတင်းယူနည်း၊ ရေးသားနည်းလေ့ ကျင့်ပေးတာပါ။ ဒါမျိုးက ယနေ့ကာလမှာ ကျွန်မတို့ အတွက် ရိုးရှင်းတဲ့ကိစ္စတစ်ရပ်ဖြစ်နေပေမယ့် သူတို့ကတော့ ဒီလိုအတွေ့ အကြုံမျိုးမရှိကြဘူးလေ။ပြီးခဲ့တဲ့နှစ်တွေ တုန်းက အီရတ်မှာ အမေရိကန် ထောက်ပံ့မှုနဲ့ ကျွန်မတို့ လုပ်ခဲ့တဲ့ စီမံကိန်းလည်း အရေးကြီးတာပဲ။ အဲဒါက အီရတ်ကလေးတွေအတွက် ကျောင်းစာအုပ်တွေမှာ အ နောက်တိုင်း (ဒါမှမဟုတ်) တခြားသော ဘာသာတရားတွေ၊ ယဉ်ကျေးမှုတွေကို ရန်လိုမှုအားလုံး၊ ဆန္ဒစွဲနဲ့ ရှုမြင်မှုအားလုံးကိုဖယ်ထုတ်ပစ်ပြီး ပြုပြင်ပြောင်းလဲခဲ့တာပါ။ ဒါဟာ သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်။ လစ်ဗျားမှာလည်း ဒီအတိုင်း ကျွန်မတို့လုပ်ဆောင်သွားမှာပါ။ ပြီးတော့ တူနီးရှား၊ လစ်ဗျား၊ အီဂျစ်တို့က တန်ဖိုးရှိတဲ့ ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းတွေကို မှောင်ခိုကုန်ကူးတာ၊ တင်ပို့တာတွေကို ပိတ်ပင် တားဆီးရေး၊ ယဉ်ကျေးမှုအမွေအနှစ်တွေ ကာကွယ်ရေးကလည်း အရေး ကြီးပါတယ်။
ယူနက်စကိုဟာ မကြာသေးမီကပဲ ယဉ်ကျေးမှုအစဉ်အလာအများအပြားကိုလည်း ထိတွေ့မရနိုင်သော“ယဉ်ကျေးမှုအမွေအနှစ်များ”စာရင်းမှာ အသစ်ထပ်မံထည့်သွင်း ခဲ့တယ်။ ထိတွေ့မရနိုင်တဲ့ တစ်စုံတစ်ခုကို ဘယ်လိုများ ကာကွယ်စောင့်ရှောက်နိုင်ပါ့မလဲ။
ဒါဟာ သိပ်စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းပါပဲ။ ထိတွေ့မရနိုင် တဲ့အမွေအနှစ်ဆိုတဲ့ အယူအဆတစ်ခုလုံးကို အာဖရိကအယူအဆတစ်ရပ်အဖြစ် ညွှန်းဆိုခဲ့ကြတယ်ဆိုတာ ကျွန်မပြောပါရစေ။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ တစ်ဆင့်ချင်းပဲ တိုးတက်လာပြီး ကမ္ဘာပေါ်က နိုင်ငံအားလုံးဟာ ထိတွေ့ မရတဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းရခြင်းအကျိုးကို သိမြင်ခဲ့ကြပါပြီ။ ဒါဟာ ကမ္ဘာပြုမှုဖြစ်စဉ် ဂလိုဘယ်လိုက်ဇေးရှင်းနဲ့လည်း အများကြီး ဆက်နွှယ်နေခဲ့တယ်။ အင်မတန်သေးငယ်တဲ့ ဒေသဆိုင်ရာ အစဉ်အလာ လေးတွေရဲ့ အရေးပါမှုကိုတောင်မှ သိနားလည်ခြင်းအားဖြင့်၊ လေးစားခြင်း အားဖြင့်၊ ကာကွယ်ခြင်းအားဖြင့် ကျွန်မတို့က ဒီလူ့အဖွဲ့အစည်းတွေကို အင်မတန်ကြီးမားတဲ့ဂုဏ်မာန နဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတို့ကို ပေးအပ်နေတာပါ။
—Ref: "There are those that praise us, those that accuse us", interview with UNESCO Director - General Irina Bokova. Euronews: Dec.


