May 20, 2012

ဂျပန်ဦးနှောက် အမြှေးရောင်ရောဂါ ဖြစ်ပွားမှုပြန်လည်တွေ့ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ-၂

ဖြစ်ပွားလျှင် သေဆုံးနိုင်ဖွယ်ရာခိုင်နှုန်းများပြားသည့် ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါများ ဖြစ်ပွားမှုပြန်လည်တွေ့ရှိလာကြောင်း သုတေသနပညာရှင်များနှင့် ဆေးဝါးကုသနေသူများထံမှသတင်းရရှိသည်။

ရှေးယခင်က   ထိုရောဂါသည် ပလိပ်ရောဂါနှင့် ကာလသားရောဂါများကဲ့သို့ ဖြစ်ပွားလာလျှင် ကျန်းမာရေးဌာနသို့ အကြောင်းကြားရသည့် ရောဂါမျိုး ဖြစ်ပြီး နောက်ပိုင်းရောဂါဖြစ်ပွားမှုနည်းပါးနေရာမှ ယခုနှစ်ပိုင်းအတွင်း ရောဂါဖြစ်ပွားတွေ့ရှိရသူ နည်းနည်းစိပ်လာခြင်းဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးရှိ ငှက်ဖျား ရောဂါဆိုင်ရာ ကာကွယ်ကုသ ရေးလုပ်ငန်းများပါ ဆောင်ရွက်နေ သည့် ပါမောက္ခတစ်ဦးက ပြော သည်။
    
“အရင်တုန်းကတော့ မဖြစ်သလောက်ရှိနေရာကနေအခု ကြိုးကြားကြိုးကြား ပြန်တွေ့နေလာရတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အတွက်ကုသတဲ့ဆေးသတ်သတ်မှတ်မှတ် မရှိလို့ ဖြစ်တာနဲ့ သေနှုန်းက မြန်တယ်။ ကံတရား အပေါ်မှာပဲမူတည်တယ်” ဟု အဆိုပါ ဆရာဝန်ကပြောသည်။ဆေးသုတေသနဦးစီးဌာနမှ ပြုလုပ်သည့် စာတမ်းဖတ်ပွဲတွင် ၂၀၀၇-၂၀၀၈ ခုနှစ်၌ ရခိုင်ပြည်နယ်တွင် ဂျပန်ဦးနှောက်အမြှေး ရောင်ရောဂါတွေ့ရှိခဲ့ပြီး ၂၀၁၀၊၂၀၁၁ ခုနှစ်များတွင် သွေးနမူနာများအား   စမ်းသပ်စစ်ဆေးရာ  ဂျပန်ဦးနှောက် အမြှေးရောင်ရောဂါပိုးအတွက်   ပဋိဇီဝပစ္စည်းများအားစမ်းသပ်တွေ့ရှိခဲ့ကြောင်းပြည်သူကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှပညာရှင်ခြောက်ဦး၏ စာတမ်းတွင်ဖော်ပြထားသည်။

ထိုရောဂါသည် ဆင်ခြေထောက်ရောဂါဖြစ်ပွားရာတွင်သိထားကြသည့် ကျူးလစ်ခြင်အမျိုးအစား အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ယခင်က ရှမ်း ပြည်နယ်ကဲ့သို့သောကုန်းမြင့်ဒေသများတွင် ဖြစ်ပွားရာမှ ယခုစာတမ်းတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများနှင့် ရခိုင်၊
ရှမ်း၊ ကရင်၊ ကယားပြည်နယ်များတွင်ကျယ်ပြန့်စွာတွေ့ရှိလာကြောင်း ဖော်ပြထားသည်။

အခြားဘက်တီးရီးယားများကြောင့် ဖြစ်ပွားသည့် ဦးနှောက် အမြှေးရောင်ခြင်းအား ပင်နီဆီလင်ဆေးဝါးများ အသုံးပြု၍ကုသနိုင်သော်လည်း ဂျပန်ဦး နှောက်အမြှေးရောင်အတွက် ကုသ၊ကာကွယ်ရန်ဆေးဝါးမရှိကြောင်း သိရသည်။ ဂျပန်ဦးနှောက်အမြှေးရောင်  သည် ခြင်ထဲတွင်ပါဝင်သော ဦးနှောက်အမြှေးရောင် ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး  ရော ဂါပိုးသည် ဦးနှောက်အောက်ခြေပိုင်းအား ထိခိုက်၍ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်းအပြင် ခြေလက်များ တုန်သည့်လက္ခဏာ များကိုပါ ပြသပြီး နှစ်ရက်ခန့်တွင် သတိလစ်တတ်၍အသက်အန္တရာယ်အထိ  စိုးရိမ်ရသော ရောဂါဖြစ်သည်။

ခြင်ကိုက်ခံရသည့် ကလေး၊ လူကြီးမရွေး ဖြစ်ပွားနိုင်ပြီး ထိုရောဂါအား  ဖြစ်စေသော ကျူးလစ်ခြင်သည် ရေဆိုး၊ ရေညစ်များတွင် ပေါက်ဖွားပြီး ညနေအချိန်များတွင် ကိုက်လေ့ရှိကြောင်း သိရသည်။၁၉၆၀ ခုနှစ်နှောင်းပိုင်းတွင် အရှေ့တောင်အာရှနိုင်ငံများ၌ အဖြစ်အများဆုံးဖြစ်သည့် ထိုရောဂါအား မြန်မာနိုင်ငံတွင်ရှိကြောင်း မှတ်တမ်းတင်ထားပြီး ယခုတွေ့ရှိသည့်နေရာများတွင် ယခင်ကတည်းက ရှိနေခြင်းကိုလည်းကောင်း၊ ရာသီဥတုပြောင်းလဲခြင်းများကြောင့် ယခုမှရှိလာခြင်းကိုလည်းကောင်း၊ ကာကွယ်ဆေးများ ထိုး၍ ရနိုင်ခြင်းအားလည်းကောင်း စစ်ဆေးရန် အဆိုပါ သုတေသနပညာရှင်များမှ စာတမ်းတင်ထားခြင်းဖြစ်သည်။