ပင်လယ်ဝရွာနှစ်ရွာကဟောပြောပွဲ
ပင်လယ်ကမ်းခြေတစ်လျှောက်နာဂစ်ဒေသက မြို့ရွာတွေကို ရာသီဥတုနဲ့ သဘာဝဘေးအကြောင်းတွေ အတော်များများ ဟောပြောဖြစ်ပါတယ်။ (၁၅-၂-၂၀၁၂)
ရက်မှာတော့ ပင်လယ်ဝက တိုးမြစ်ဝမှာရှိတဲ့ တိုးစံပြကျေးရွာနဲ့ (၁၆-၂-၂၀၁၂) ရက်မှာတော့ က၀က်ကျေးရွာတွေကို စာပေဟောပြောဖို့ ရောက်ဖြစ်ခဲ့ပါတယ်။ ဆရာ
ချစ်ဦးညို၊ ဆရာမောင်သာချိုတို့နဲ့ အတူသွားဖြစ်ခဲ့တာပါ။ ကျေးရွာ လူထုရဲ့ အစီအစဉ်နဲ့ ကျင်းပတဲ့ ဟောပြောပွဲတွေဖြစ်ပါတယ်။ တိုး စံပြကျေးရွာမှာဆိုရင် တိုးတက်တဲ့ အမြင်ရှိပြီး စာပေ၀ါသနာပါတဲ့ ရွာခံလူငယ် လုပ်ငန်းရှင်တစ်ဦး တည်းက ဦးဆောင်ကာ အကုန် အကျခံ ကျင်းပတာဖြစ်ပါတယ်။ ဒီလူငယ်ပုဂ္ဂိုလ်က စာပေ၀ါသနာ ပါတဲ့အပြင် ရပ်ရေးရွာရေး တိုး တက်မှုကိုလည်း တစ်ပိုင်တစ်နိုင်လုပ်ထားတာတွေကို တွေ့ကြရ ပါတယ်။ ချီးကျူးသင့်တဲ့ နိုင်ငံ သားကောင်းတစ်ဦးဖြစ်ပါတယ်။ ဒီရွာမှာ နာဂစ်တုန်းက ဆိုးဆိုးရွား ရွားမဖြစ်ခဲ့ပေမယ့် အနီးအနား ရွာတွေက သေဆုံးသူတွေ အများ အပြားကတော့ သူတို့ရွာက ပင် လယ်ကမ်းခြေမှာ လာတင်နေခဲ့ တာ အများကြီးပဲတဲ့။ ဒီရွာမှာ မုန်တိုင်းခို အဆောက်အအုံတစ်ခု ဆောက်လုပ်ထားတာကိုလည်း တွေ့ခဲ့ကြရပါတယ်။
က၀က်ကတော့ ဂျပန်နိုင်ငံ၊ JICA က အကူအညီနဲ့ ဆွစ်ဇာလန်နိုင်ငံ NGO တစ်ခုတို့က ဦးဆောင်ပြီး ဆောက်လုပ်ထားတဲ့ အထက်တန်းကျောင်းကြီးတစ်ခုကို တွေ့ရတယ်။ ကျောင်းဆောင်၊ ကျောင်းခန်းမတွေ ပြည်စုံတဲ့ အပြင် Solar Cell နဲ့ လျှပ်စစ် ဓာတ်ရအောင်လည်း ပြုလုပ်ပေး ထားတာကြောင့် ခေတ်မီလှတဲ့ ကျောင်းကြီးတစ်ဆောင်ပါပဲ။ သင်္ဘောဆိပ်က ရွာထဲအ၀င်လမ်း ကပဲ ကွန်ကရစ်လမ်းဖြစ်တယ်။ ဒီရွာကလည်း တိုးတက်တဲ့ ခေတ် မီရွာတစ်ရွာလို့ ပြောရမှာဖြစ်ပါ တယ်။
ဒီနှစ်လည်း ငါးဒီတွေပေါ်ပြန်ပြီတဲ့။
ဒီခရီးမှာ ထူးခြားတာက တော့ တိုးစံပြကျေးရွာမှာရော၊ က၀က်ကျေးရွာမှာရော၊ ရေလုပ် သား ရွာခံတွေက ကျွန်တော့်ကို ပြောကြတာဖြစ်ပါတယ်။ သူတို့က ပြောကြ ပါတယ်။ ၂၀၀၈ ခုနှစ် တုန်းက နာဂစ်မုန်တိုင်းမ၀င်မီ တစ် လ၊ နှစ်လလောက်ကတည်းက သူတို့ရဲ့ ငါးဖမ်းရေပြင်မှာ ငါးဒီ ငါးတွေ မကြုံဖူးအောင် ပေါလာ လိုက်တာ ဖမ်းလို့တောင် မနိုင်ပါဘူးတဲ့။ အားလုံး မကြုံစဖူးမို့ တအံ့တသြဖြစ်နေကြတုန်း နောက်တော့ နာဂစ်မုန်တိုင်း ၀င်လာတော့တာပါပဲတဲ့။ ဒါကို ရွာနှစ်ရွာစလုံးက ရေလုပ်သားတွေက ပြောကြတာဖြစ်ပါတယ်။ နောက်တော့ သူတို့ကဆက်ပြောကြပြန်ပါတယ်။ “ဒီနှစ်လည်း ငါးဒီတွေပေါ်နေပြန်ပြီ”တဲ့။ အသိတွေကြောင့် သတိတွေ ရှိနေကြတာမို့ဝမ်းမြောက်မိပါတယ်။
သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေမှာ အသိဆိုတာ အခြေခံလိုအပ် ချက်ပါ။ အသိမရှိဘဲ သတိမရှိနိုင်ပါဘူး။ သတိမရှိဘဲ ပူးပေါင်းပါဝင်မှုမရှိနိုင်ပါဘူး။ လူထုရဲ့ ပူးပေါင်း ပါဝင်မှုမရှိခဲ့ရင်လည်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဟာ ဘယ်တော့မှ အောင်မြင်မှု မရှိနိုင်ပါဘူး။ ဒီတော့.. အဲဒီ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ အသိတွေ၊ သတိတွေကို တိုးကျေး ရွာနဲ့ က၀က်ကျေးရွာက ဒေသခံ ပြည်သူတွေ ရှိနေကြတာမြင်ရလို့ ၀မ်းမြောက်မိတာ အမှန်ပါ။ ပင် လယ်ကမ်းခြေဆိုတာ မုန်တိုင်း ဘေး၊ ဆူနာမီဘေး၊ မုန်တိုင်းဒီရေလှိုင်းဘေး စတဲ့ သဘာဝဘေးတွေ ကျရောက်နိုင်တဲ့ နေရာတွေမို့ ဒီလိုဒေသမျိုးမှာ နေထိုင်ကြတဲ့ ဒေသခံတွေဟာ သဘာဝဘေး တွေနဲ့ပတ်သက်လာရင် သိသင့် သိထိုက်တဲ့ ဗဟုသုတတွေရှိရ မယ်။ ကြိုတင်ကာကွယ်ရေးလုပ် ငန်းတွေနဲ့ ပတ်သက်လာရင် ယဉ် ကျေးမှု - Culture တစ်ခုလို စွဲမြဲ နေရမယ်။ မသိစိတ်ကကို လုပ် ဆောင်တတ်တဲ့ အကျင့်မျိုး ရှိနေ တဲ့အထိ ဓလေ့တစ်ခုလို ဖြစ်နေရ မယ်။ ဥပမာ-ဗုဒ္ဓဘာသာဘာဝင် မြန်မာလူမျိုး တစ်ယောက်ဟာ ဘုရားကျောင်းဝင်းထဲဝင်ရင် အလိုအလျောက် မသိစိတ်ကကို ဖိနပ်ချွတ်တာမျိုး၊ သက်ကြီးရွယ် အို လူကြီးသူမတွေရှေ့က ဖြတ် လျှောက်ရင် အလိုအလျောက် ခေါင်းငုံ့လျှောက်တာမျိုး။ ဒီလိုကို အကျင့်ပါနေဖို့ လိုတယ်လို့ သဘာဝဘေးကြောင့် ဆုံးရှုံးမှုကာ ကွယ်ရေး ပညာရှင်တွေကပြော ကြပါတယ်။
တိရစာန်တွေဟာသဘာဝဘေးကိုကြိုတင်ပြောနိုင်သလား။
မိုးလေ၀သခန့်မှန်းတဲ့ နေရာ မှာရော၊ သဘာဝဘေးတွေ ကြို တင်သတိပေးတဲ့နေရာတွေမှာ ရော တိရစာန်တွေရဲ့ အခန်းကဏ္ဍ ဟာ မသေးလှပါဘူး။ သမိုင်းစဉ် တစ်လျှောက် ပြောကြဆိုကြ၊ ငြင်း ကြခုံကြနဲ့ပဲ ဆိုပါတော့။ ဒါပေမဲ့ ရာသီဥတုကို ကြိုတင်သိနိုင်တဲ့နေ ရာ၊ သဘာဝဘေးကို ကြိုတင်အာ ရုံခံတဲ့နေရာမှာ အချို့တိရစာန် တွေဟာ လူသားတွေထက် ပို အစွမ်းထက်တယ်ဆိုတာ သိပ္ပံ ပညာရှင်တွေက လက်ခံထားကြ ပါတယ်။ ဥပမာ-ဆင်တွေဆိုပါ တော့။ မြေငလျင်လှုပ်တော့မယ် ဆိုတာကို ဆင်တွေက လူတွေ ထက် ပိုပြီး ကြိုသိနိုင်ပါတယ်။ အကြောင်းကတော့ လူတွေနဲ့ ဆင်တွေမှာ အကြားအာရုံခံနိုင် စွမ်းမှာ ကွာခြားနေလို့ဖြစ်ပါတယ်။ လူတွေဟာ အသံလှိုင်းတွေကို အာရုံခံတဲ့နေရာမှာ တုန်နှုန်း ၃၂ မှ ၂၄၀၀၀ Vibration/sec ကို သာ အာရုံခံနိုင်စွမ်းရှိပါတယ်။ ဒါ ကြောင့် လူတွေဟာ သစ်ရွက်လေ တိုးတဲ့ အသံတို့၊ ၀ါယာကြိုးထဲစီး ဆင်းနေတဲ့ လျှပ်စစ်စီးသံတွေကို မကြားနိုင်ခြင်းဖြစ်ပါတယ်။ ဆင် တွေကျတော့ တုန်နှုန်းအနိမ့်ဆုံး ၂၀ Vibration/sec အထိ အာရုံခံနိုင်စွမ်းရှိကြတယ်။ မြေငလျင်ကြီး တွေလှုပ်တဲ့အခါ တုန်ခါမှုလှိုင်း တွေကို တုန်ခါမှုနှုန်းနည်းတဲ့ ရှေ့ပြေးလှိုင်း (P wave) တွေက အရင် စထွက်လာပါတယ်။ နောက်မှ တုန်နှုန်းပိုမြင့်တဲ့ နောက်ဆက်တွဲလှိုင်း (S wave) တွေကထွက်လာပါတယ်။ လူတွေက P wave တွေကို အာရုံခံလို့ မရနိုင်ပါဘူး။
ဆင်တွေကျတော့ အာရုံခံလို့ရကြပါတယ်။ နောက်ပြီး ဆင်ရဲ့ ကြီးမားလှတဲ့ နားရွက်ကြီးနှစ်ဖက်၊ မြေပြင်ပေါ်မှာ ထောက်ထားတဲ့ ခြေဖ၀ါးကြီးလေးခုကလည်း ဆင်တွေရဲ့ အာရုံခံစံနစ်တွေကို အထောက်အကူပြုနေကြတဲ့ အန်တန်နာကြီးတွေ ဖြစ်နေကြပြန်ပါတယ်။ နာဂစ်ဖြစ်ပြီး ကွင်းဆင်းလေ့လာတော့လည်း နာဂစ်ထိခိုက်ခံရတဲ့ ရွာတစ်
ရွာကလည်းသူတို့ရဲ့အတွေ့အကြုံတွေကို ပြောပြကြပါတယ်။ အဲဒီ... နာဂစ်ဝင်မယ့်နေ့တုန်းက နာဂစ်မ၀င်မီ နေ့လယ်ပိုင်းမှာ ရွာအပြင်မှာ လှန်(လွှတ်)ထားတဲ့ နွားတွေ၊ ကျွဲတွေဟာ လူတွေက လိုက်မကောက်(ပြန်မဖမ်း)ပါဘဲနဲ့ ညနေ အစောကြီးရွာထဲကို တန်း စီပြီးပြန်ဝင်လာကြတယ်တဲ့။ သူတို့က ကြိုသိနေသလိုပါပဲတဲ့။ ကမ္ဘာကျော် မုတ်သုံတို့၊ အယ်လ်နီညို-လာနီညာဖြစ်စဉ် တို့ကို စတွေ့ခဲ့ကြတာရေလုပ်သားတွေပါ။
နာဂစ်တုန်းက ငါးဒီတွေပေါ တာရော၊ အခုနှစ်မှာ ငါးဒီတွေ ပေါ်နေပြန်တာရော မှတ်ချက်ပေး ဖို့ ကျွန်တော့မှာ အတွေ့အကြုံ မပြည့်စုံတာ အမှန်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနှစ် ငါးဒီတွေ ပေါ်လာတာနဲ့ မုန်တိုင်းအန္တရာယ် ရှိနေပြီဆိုတဲ့ အဆိုကို ထောက်ခံဖို့ ခက်သလို၊ ကန့်ကွက်ဖို့လည်း မ၀ံ့ ပါဘူး။ အကြောင်းကတော့ ကျွန် တော်တို့ မိုးလေ၀သမှာ တိရစ္ဆာန် တွေက မိုးလေ၀သကို ကြိုတင် ခန့်မှန်းနိုင်ကြတယ်ဆိုတဲ့အဆိုကိုလည်း သိပ္ပံပညာရှင်တွေက လက် ခံထားကြတဲ့အပြင် မိုးလေ၀သ ပညာမှာ ရေလုပ်သား(တံငါသည်) တွေရဲ့ အခန်းကဏ္ဍကလည်း လေးစားလောက်တဲ့ သမိုင်းတွေက ရှိနေလို့ဖြစ်ပါတယ်။ ဆိုကြပါစို့ ဗျာ။ အိန္ဒိယသမုဒရာထဲမှာ လား ရာဘက် လုံးဝဆန့်ကျင်ဘက်နီး ပါးဖြစ်နေကြတဲ့ လေနှစ်မျိုးကို နွေမှာ တစ်မျိုး၊ ဆောင်းမှာတစ်မျိုးတိုက်နေတတ်တာကို စတွေ့ခဲ့ကြ တာ အာရေဗျပင်လယ်ထဲက တံငါ သည်တွေဖြစ်ပါတယ်။ အဲဒီလို ရာသီအလိုက် တိုက်တတ်တဲ့လေ တွေကို ကနေ့တော့ နွေမုတ်သုံ၊ ဆောင်းမုတ်သုံဆိုပြီး နာမည်ကျော်ဖြစ်နေပါပကောဗျာ။ နောက်ပြီး
အိနိယသမုဒရာထဲမှာ ဖြစ်ပေါ်နေတဲ့မုန်တိုင်းတွေရဲ့ တိမ်အစုအဝေး တိမ်စွယ်တန်းတွေ ဟာ ခွေနေတဲ့မြေတစ်ကောင်နဲ့တူ နေလို့ ဆိုင်ကလုန်းဆိုတဲ့ အမည်ပေးခဲ့တာ
လည်း တံငါသည်တွေပါပဲဗျာ။ နောက်ပြီးရှိပါသေးတယ်။ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်ပေါ်စေတတ်တဲ့ အယ်လ်နီညိုဖြစ်စဉ်၊ အေးပြီးစွတ်စိုတဲ့ရာသီဥတု
ကိုဖြစ်စေတတ်တဲ့ လာနီညာဖြစ်စဉ်၊ ဒါတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀ ကျော်လောက်ကတည်းက ပထမဆုံး စတွေ့လာကြတဲ့သူတွေက တောင်အမေရိကတိုက်၊ အီကွေ
ဒေါနဲ့ ပီရူးနိုင်ငံတွေက တံငါသည်တွေပါပဲ။ ဒီတော့ တံငါသည်တွေဟာ မိုးလေ၀သမှာတော့ အစဉ်အလာ ရော၊ ပညာရော ရာဇ၀င်ရှိတဲ့သူတွေပါ။
အကြံကောင်းတစ်ခု
ဒါကြောင့်.. တိုးနဲ့ က၀က် ကျေးရွာများက ရေလုပ်သား ကြီးတွေရဲ့ပြောစကားကို အလေး အနက်ထားမိပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ သေချာပေါက် လုပ်သင့်တဲ့ အကြံကောင်းတစ်ခုတော့ စဉ်းစားမိပါ တယ်။ အဲဒါတွေကတော့ တစ်- အထူးသဖြင့် ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက် အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်တဲ့ မုန်တိုင်း တွေကို အထူးဂရုစိုက်ပါ။ နှစ်- ဒီနှစ် သက်ဆိုင်ရာက ထုတ်ပြန်တဲ့ မုန်တိုင်းသတင်းကို သေသေချာ ချာ ဂရုစိုက်နားထောင်ပါ။ သုံး- မြန်မာနိုင်ငံ ကို အန္တရာယ်မရှိတဲ့ မုန်တိုင်းတွေဆို “မုန်တိုင်းသတင်း”၊ အန္တရာယ်ရှိတဲ့ မုန်တိုင်းဆို “မုန်တိုင်းသတိပေးချက်”ဆိုပြီး ကြေညာတတ်တာကို သိထားပါ။ လေး-
မုန်တိုင်းသတင်းတွေ ကြေညာတဲ့အခါ အရောင်ငါးမျိုးခွဲပြီး ကြေညာတာကို သိထားပါ။ (အ၀ါရောင်-အန္တရာယ်မရှိသေး၊ လိမ္မော်ရောင်-မြန်မာနိုင်ငံဘက်ကို ဦးတည်လာနေ၊ အနီ- မြန်မာ့ ကမ်းရိုးကို ၁၂ နာရီအတွင်း ဖြတ် တော့မယ်၊ အညို-ဖြတ်ကျော်နေ ပြီ၊ အစိမ်း-အန္တရာယ်ကင်းပြီ)။ အဲ..မြန်မာ့ကမ်းရိုးတန်း ကိုလည်းဖြတ်တော့မယ်၊ ဖြတ်မယ့် နေရာကလည်း မိမိနေထိုင်ရာ ဒေသဖြစ်မယ် ဆိုလို့ကတော့ ကြိုတင်ကာကွယ်မှုကို မဖြစ်မနေလုပ် ဖို့ မမေ့ပါနဲ့လို့သာ။ ။


