May 20, 2012

စားအုန်းဆီဈေး ဆက်တိုက်တက်

Photo
ရန်ကုန်၊ ဇန်န၀ါရီ - ၈

စားအုန်းဆီဈေးနှုန်းများမှာ ယခုနှစ်ဆန်းပိုင်းတွင် ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေကြောင်း ပြင်ပစားအုန်း ဆီဈေးကွက်မှ စုံစမ်းသိရသည်။

    ဒီဇင်ဘာလတစ်လလုံးတွင် ပြင်ပစားအုန်းဆီဈေးနှုန်းမှာ တစ် ပိဿာလျှင် ၂\၃၅၀ ကျပ်ရှိနေရာမှ ဇန်န၀ါရီလဆန်းပိုင်းတွင် ၂\၃၈၀ ကျပ်သို့ မြင့်တက်လာခဲ့သည်။ ယခုရက်ပိုင်း၌ တစ်ပိဿာလျှင် ၂\၄၁၀ကျပ်အထိ ဆက်လက်မြင့်တက်လာခဲ့သည်။
    နိုင်ငံတကာတွင်လည်း စားအုန်းဆီဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ရန်ကုန်ဆိပ်ကမ်းအရောက်ဈေးမှာလည်း လိုက်ပါမြင့်တက်ခဲ့သည်။ ထို့ကြောင့် ယခင် ၁\၉၅၀ ကျပ်ဝန်းကျင်ရှိရာမှ ယခုလဆန်းတွင် ကျပ်နှစ်ထောင်ဝန်းကျင်အထိ ဈေးတက်လာခဲ့ကြောင်း စားအုန်းဆီကိုယ်စားလှယ်များကပြောသည်။
    ““ဒီရာသီက ရာသီဥတုအေးရင် ဈေးကျတတ်ပေမယ့် အခု နောက်ပိုင်း ဆီတွေကလည်း မခဲတော့ဘူး။ လတ်တလော နိုင်ငံခြား(နိုင်ငံတကာ)ဈေးကလည်း တက်နေတော့ ဈေးတက်တာပေါ့””ဟု ဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။ စားအုန်းဆီကိုယ်စားလှယ်များ၏ ဆီထုတ်ဈေးမှာ လတ်တလော မြင့်တက်ခြင်းမရှိသေးသော်လည်း လာမည့်တစ်ပတ် ငွေသွင်းရက်တွင် ဆီထုတ်ဈေး(ဘဏ်သွင်းဈေး)မှာ မြင့်တက်လာနိုင်ကြောင်း စားအုန်းဆီကိုယ်စားလှယ်များကပြောသည်။
    နိုင်ငံခြားစားအုန်းဆီဈေးနှုန်းမှာလည်း တစ်တန်လျှင် ၁\၂၅၀ ဒေါ်လာအထိ မြင့်တက်နေကြောင်း အင်တာနက်သတင်းများတွင် ဖော်ပြထားသည်။