နန်းနွယ်
“အိရေ အိရေ”ဆိုတဲ့ ခေါ်သံ နှင့်အတူ ဆိုင်ရှေ့ကို ရောက်လာတဲ့ မခိုင်တစ်ယောက် ဘာဖြစ်လာသလဲလို့မေးလိုက်မိတော့ “ညီမလေး အိရေ၊ နင်တို့ကိုရော ဘယ် လောက်တောင်းမယ် ပြောသွားသေးလဲတဲ့”အရင်းမရှိ အဖျားမရှိ ပြောလာတဲ့ မခိုင်ရဲ့စကားကို နားမလည်လို့ ပြန်မေးလိုက်မိ၏ “ဘာ ကို ဘယ်လောက်တောင်းမယ်လို့ ပြောတာလဲ မခိုင်”လို့ ကျွန်မပြန်မေးလိုက်တော့၊ ပြောချင်နေသောနှုတ်ခမ်းတစ်စုံမှထွက်ကျလာသော စကားသံက “ဟုတ်သားပဲ ညီမလေး အိရယ်၊ မခိုင်ပြောချင်ဇောနဲ့ လောသွားလို့။ ဟို..မီတာခလေ ညီမလေးရဲ့၊ မခိုင်တို့ကိုတော့ တစ်ယူနစ်ကို ၇၅ ကျပ်နှုန်းနဲ့ ကောက်ဖို့လို့ ပြောသွားတယ်လေ။ ဘာဖြစ်လို့လဲလို့ ပြန်မေးကြည့်တော့ ဘာပြောတယ်မှတ်လဲ ညီမလေးရယ်။ မခိုင်တို့ကလုပ်ငန်းရှင်မို့လို့တဲ့လေ”တဲ့ မခိုင် ပြောလာသော စကားတစ်ခွန်းကြောင့် ကျွန်မနှင့် ဘ၀တူရှိသေး တယ်ဆိုတာသိလိုက်တယ်။ “ဟုတ်တယ် မခိုင်ရေ၊ ညီမတို့ကိုလည်း တစ်ယူနစ်ကို ၇၅ ကျပ်တဲ့ မခိုင်ရယ်။ ညီမကိုလည်း မခိုင်လိုပြောသွားတာပဲ။ လုပ်ငန်းရှင်မို့လို့တဲ့လေ” လို့ ကျွန်မ ပြန်ပြောလိုက်တော့ အဖော်ညှိသလို မျက်နှာထားနှင့် မခိုင်က “အဲဒါ ဘာဆိုင်လို့လဲ ညီမလေးရယ်။ မခိုင်တို့တွေကို လုပ်ငန်းရှင်လို့ပြောရအောင် မခိုင်တို့၊ ညီမတို့ အလုပ်တွေက မီတာနဲ့ လုပ်တဲ့အလုပ်မှ မဟုတ် ဘဲ။ ကိုယ်တတ်နိုင်တဲ့ ငွေလေးနဲ့ ကိုယ့်အိမ်ရှေ့မှာ ကိုယ့် ကိုယ်ပိုင် အိမ်ဆိုင်လေး၊ အခွေငှားဆိုင်တွေ ဖွင့်ထားတာပဲလေ။ မီတာနဲ့ လုပ် တဲ့အလုပ်တွေဖြစ်တဲ့ သစ်ခွဲစက် တို့၊ အမှုန့်ကြိတ်စက်တို့မှ မဟုတ်ဘဲ ညီမရဲ့။ နောက်ဆုံးကုန်ကုန်ပြောရရင် ဂိမ်းတို့လို မီတာနဲ့လုပ်ရတဲ့ အလုပ်တွေမို့လို့ တောင်း တယ်ဆိုလည်း တော်ပါသေးရဲ့ ညီမလေးရယ်။ အခုတော့ ကိုယ့်အိမ်ရှေ့မှာကိုယ် အိမ်ဆိုင်လေး၊အခွေအငှားဆိုင်လေးဖွင့်ထားတာကို လုပ်ငန်းရှင်တဲ့”။ တကယ်ဆို မခိုင်ပြောသောစကားတွေ အားလုံး လုံးဝမမှားပေ။ ကျွန်မက အိမ်ရှေ့တွင် အိမ်ဆိုင်လေး ဖွင့်ရောင်းသလို မခိုင်ကတော့ တိတ်ခွေအငှားဆိုင်လေးဖွင့်ထားကြသူများ
သာဖြစ်သည်။
“ဒါနဲ့ ညီမလေးဟိုဘက်လမ်းက အန်တီစောတို့ မမဝေတို့ကိုတော့ ၁ယူနစ်ကို ၃၅ ကျပ်နှုန်းနဲ့ ကောက်ဖို့ပြောသွားတယ်တဲ့။ သူတို့လည်း မခိုင်တို့ ညီမတို့လို အိမ်ဆိုင်နဲ့ စာအုပ်အငှားဆိုင်ဖွင့်ထားတဲ့ သူတွေပဲလေ။ သူတို့ကျတော့ ဘာဖြစ်လို့များ တစ်ယူနစ်ကို ၃၅ ကျပ်တည်းတောင်းပြီး တို့ကျမှ ဘာ ဖြစ်လို့ တစ်ယူနစ်ကို ၇၅ ကျပ်တောင်းတာလဲ မသိဘူးနော်တဲ့”မခိုင်ပြောသော စကားသည် တကယ်တော့ စဉ်းစားစရာတစ်ခု ဖြစ်နေသည်။ အန်တီစောတို့ဆိုသော အန်တီက ကျွန်မဆိုင်နှင့် တစ်လမ်းကျော်တွင် အိမ်ဆိုင်ဖွင့် ထားပြီး မမဝေကတော့ ကိုယ်ပိုင် စာအုပ်အငှားဆိုင်လေးတွေ ဖွင့် ထားကြသူများဖြစ်ကြသည်။ ကျွန်မတို့က တကယ်ဆိုလုပ်ငန်းရှင်လို့ ပြောရအောင် မီတာနှင့် အလုပ်လုပ်သူများ မဟုတ်ပေ။ အိမ်မီးလောက်သာသုံးကြသူများသာဖြစ်သည်။ မီတာနှင့် အလုပ်မလုပ်ဘဲ အိမ်ဆိုင်၊ ခွေအငှားဆိုင်တို့ကို ကိုယ်ပိုင်အိမ်ဆိုင်ဖွင့်သူချင်းတူပြီး ကျွန်မတို့ကတော့ တစ် ယူနစ်ကို ၇၅ ကျပ်တောင်းမယ်လို့ ပြောသွားပြီး ဟိုဘက်လမ်းက အန်တီစောတို့၊ မခိုင်တို့ကျတော့ ဘာဖြစ်လို့ တစ်ယူနစ်ကို ၃၅ ကျပ်သာ ကောက်ခံမှာလဲ။ အတွေးပေါင်းများစွာဖြင့် ကျန်ခဲ့သူမှာ ကျွန်မပင်ဖြစ်သည်။ တကယ်ဆို အိမ်သုံးမီတာနဲ့ လုပ်ငန်းသုံးမီတာ ကို မှန်မှန်ကန်ကန်ခွဲခြားပြီး လုပ်ငန်းရှင်များကိုသတ်သတ်ကောက်ခံပြီး ကျွန်မတို့အားလုံးကို အတူတူကောက်ခံသွားလျှင် ပြောစရာမရှိပေ။ ကျွန်မအနေနဲ့ပြောရလျှင်တော့ဖြင့် အရာအားလုံးကို ညီမျှမှုလေးတွေရှိစေချင်သည်။


