May 20, 2012

ထင်းရှူးရနံ့ ဆားငန်လေနှင့် တမာနံ့ဝေသော မြန်မာပြည်

Photo

မြန်မာနိုင်ငံမှာမပျက်စီးသေးတဲ့ တန်ဖိုးတွေအများကြီးရှိပါသေးတယ်။ အထူးသဖြင့် မြန်မာလူမျိုးတွေရဲ့ရိုးသားပွင့်လင်းတဲ့အပြုံးတွေဟာ အခြားနေရာတွေမှာတွေ့ဖို့ မလွယ်တဲ့ထူးခြားမှုတွေပါ။
(စီအင်န်အင်န်သတင်းတစ်ပုဒ်မှ ကောက်နုတ်ချက်)

(၁)
မကြာသေးမီက စီအင်န် အင်န်သတင်းဌာနကြီးက ထုတ်ပြန်ခဲ့သော သတင်းတစ်ပုဒ်အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ သွားလာလည်ပတ်စရာအကောင်းဆုံးနိုင်ငံများ စာရင်းတွင် အဆင့် သုံးအဖြစ် ရွေးချယ်ခံရကြောင်း၊ ယင်းသို့ ရွေးချယ်ခံရခြင်းမှာ အထက်ဖော်ပြပါအချက်အလက် များနှင့် ကိုက်ညီ၍ဖြစ်ကြောင်း ဖော်ပြထားပြီး မြန်မာ လူမျိုးတို့၏ နွေးထွေးဖော်ရွေမှု၊ ဧည့်ဝတ်ကျေ ပွန်မှုနှင့် ကူညီဖေးမတတ်မှုတို့ကို ပုံရိပ်ထင်ရေးသားထားသည်ကို ဖတ်ရှုခဲ့ရပါသည်။ မှန်ပါသည်။နိုင်ငံခြားသားတို့က မြန်မာပြည်နှင့်ပတ်သက်၍  Golden Land ဟူ၍လည်းကောင်း  Ruby  Landဟူ၍လည်းကောင်း  ခေါ်ဝေါ်ခဲ့ကြရာမှ ယခုဆိုလျှင် အချို့သောနိုင်ငံခြားသားတို့က  Virgin Land  (အပျိုစင်မြေ)ဟုပင်ခေါ်ဝေါ်လာကြသည်။ အပျိုစင်မြေဟုခေါ်ဆိုရခြင်းမှာ မြန်မာနိုင်ငံသည် သဘာဝအလှအပများ၊ တောတောင်ရေမြေများ နဂိုရှိရင်းစွဲအတိုင်း မပျက်စီးသေးဘဲ ရှိနေသေး၍ ယင်းသို့ ခေါ်ဝေါ်ခြင်းဟု မှတ်ယူရပါသည်။

မြန်မာနိုင်ငံကို ချစ်သော၊ အမိမြန်မာပြည်ကိုမြတ်နိုးသော နိုင်ငံသားတစ်ဦးအနေဖြင့် မိမိတို့ နိုင်ငံသည် နိုင်ငံခြားသားများယင်း သို့ ခေါ်ဝေါ်ကြသည်ကိုပင်ပြည့်စုံသည် မထင်ပါ။ မြန်မာပြည်သည် ဆန့်ကျင်ဘက်အလှအပများ တစ်နည်းဆိုရလျှင် မတူညီသောအလှ အပများ စုစည်းတည်ရှိရာဆုံချက် ဖြစ်ပါသည်။ မြောက်ပိုင်းနှင့် အရှေ့ မြောက်ပိုင်းတွင် ပေပေါင်းထောင်သောင်းချီသည့်တောင်ထွတ်၊ တော င်တန်းများ၊အလယ်မြေလတ် ပိုင်း၌ ပြန့်ပြူးညီညာသော မြေပြန့်များ၊  အနောက်ဘက်နှင့် တောင်
ဘက်စွန်းတွင်ပင်လယ်ကမ်းခြေအလှအပများဖြင့် စုစည်းတည်ရှိရာနိုင်ငံဖြစ်ပါသည်။

(၂)
အာရုံတွင် မကြာခဏသတိ ရနေမိသည်မှာ ရှမ်းပြည်တောင်ပိုင်းကလော၊ အောင်ပန်း၊ ပင်းတယလမ်းပိုင်းတစ်လျှောက်ဖြစ်ပါ သည်။ ကလောမြို့သည် တောင်ကုန်းအနိမ့် အမြင့်များဖြင့် ဖွဲ့စည်း တည်ထားသည့် မြို့ကလေးပီပီ တစ်မြို့လုံးဘယ်သွားသွားပန်းပေါင်းဝေဆာနှင့် ရနံ့သင်းဖြာနေတတ် သည်။ ကလောမြို့ဝန်းကျင်ရှိ တိုင်းရင်းသား ရွာလေးများ၌ အချို့သောနေအိမ်များမှာ သစ်သားဖြင့် ဆောက်လုပ်ထားသော အိမ်ခန်း ရှည်ကြီးများဖြစ်ကြသည်။ ရေကို ၀ါးကျည်တောက်ဖြင့် ချောင်းထဲမှ ခပ်ကာ သောက်ကြသည်။ ကလောဝန်းကျင် တောင်စောင်းတို့၌ လက်ဖက်၊ နှမ်း၊ ငှက်ပျော၊ ချင်း၊ ပိန်းဥ၊ အာလူး၊ ဂျူးမြစ်၊ ဂေါ်ဖီထုပ်များစိုက်ပျိုးကြသည် ငါးရက်တစ်ဈေးနေ့ တွင် တိုင်းရင်း သားများသည် ရောင်စုံရိုးရာဝတ် စုံကိုဝတ်ဆင်ကာ ခေါင်း၌ ပလိုင်း များသိုင်း၍ တောင်ပေါ်မှ ဆင်း လာလေ့ရှိကြသည်။

တစ်နှစ်ပတ်လုံး အမြဲလိုလိုလှပနေသည်မှာ အောင်ပန်းမှ ပင်းတယသို့သွားသော ကားလမ်း မကြီးနံဘေး ၀ဲယာတစ်လျှောက် ဖြစ်သည်။ နိုင်ငံခြားသားများက “မြန်မာ-ဆွစ်ဇာ လန်လမ်းမကြီး”ဟု ပင်က ခေါ်ဝေါ်ကြသော အောင် ပန်း-ပင်းတယလမ်းသည် အလွန် လှပသောလမ်းဖြစ်ပါ၏။ ကားလမ်းနံဘေးမှ ကြည့်သောအခါဒေသခံတောင် သူတို့ စိုက်ပျိုးထား သော ရာသီအလိုက် အသီးအနှံ ခင်းများ၊ ပန်းမန်နှင့် ဟင်းသီးဟင်း ရွက်ခင်းများ၊ ဂျုံခင်းများသည် တစ်မျှော်တစ်ခေါ်ကြီးရှုမျှော်မဆုံး အနီတစ်ကန့်၊  အ၀ါ တစ်ကန့်၊ အစိမ်းတစ်ကန့်၊ အဖြူတစ်ကန့် အထပ်ထပ်မြင်ရပုံမှာ အံ့သြဘ နန်းရှိလှသည်။ ထင်းရှူးတောများ ထဲ ခေတ္တအနားယူကာ ထင်းရှူးရနံ့ကိုရှူရှိုက်နိုင်သည်။ ထိုသီးနှံခင်းများ၊ ဟင်းသီးဟင်းရွက်ခင်းများထဲတွင်သင်တိုင်းအမည်းရောင်ခေါင်း ပေါင်းထားသည့် ဓနုမိသားစုများ၊ ပအို့ဝ်မိသားစုများ အုပ်စုလိုက်အလုပ်လုပ်နေပုံကိုမြင် တွေ့နိုင်ပါသည်။ စပါးပင်များကိုလက်ဖြင့် ဆုပ်ကာသစ်တုံးများပေါ်တွင် ရိုက်၍ စပါးစေ့ခြေနေခြင်း၊ အာ လူးစိုက်ပျိုးရန် မြေတောင်ပို့ကလေးများကိုပေါက်တူးနှင့် ညီညာ စွာ စုရုံးပေါက်နေခြင်း စသဖြင့် သက်ဝင်လှုပ်ရှားသည့် ရှုခင်းများ ဖြင့် အောင်ပန်း၊ ပင်းတယ၀န်း ကျင်သည် မည်သည့်အခါပင် ဖြစ်စေ မျက်လုံးပိတ်၍ တွေးလိုက် တိုင်း အာရုံထဲ အထင်းသားမြင်တွေ့ရသောရှုမျှော်ခင်းများဖြစ်ပါ သည်။ သည်လို တောင်ပေါ်ရှုမျှော်ခင်းများရှိသလို ဆားငန်ရနံ့၊ ဆားငန်ဓာတ်ပါသော လေပြည် လေညင်း တဖြူးဖြူးသုတ်နှင်သည့် ပင်လယ်ကမ်းခြေဒေသများဖြစ် သောငပလီ၊ချောင်းသာ၊ငွေဆောင်၊ မောင်းမကန်နှင့် မြိတ်ကျွန်းစု များသည် အမိမြန်မာနိုင်ငံ၏ တန်ဖိုးမဖြတ် နိုင်သော အလွန် လှပသည့်ပင်လယ်ကမ်းခြေဒေသ များဖြစ်ပါသည်။ ထိုဒေသများ တွင် ငါးဖမ်းလုပ်ငန်း၊ အခြောက် လှန်းလုပ်ငန်း စသည့်ရေလုပ်သား များ၏ဘ၀ကို အနီးကပ်မြင်တွေ့ နိုင်သလိုကာဗွန်ဒိုင်အောက်ဆိုက် လွတ်ကင်း၍ ဆားငန်ဓာတ်ပါ သောလေကို တစ်ဝကြီးရှူရှိုက်နိုင်ကြသည်။

ထနောင်းပင်၊ရှားစောင်းပင်၊မန်ကျည်းပင်အို၊ တမာပင်ပျိုတို့ဖြင့် ဖုန်တထောင်းထောင်းထအောင်နွေ သရုပ်ပေါ်စေသည့် အညာဒေသ မှာလည်း မြန်မာပြည်၏ ရင်နှစ် သည်းချာနေရာဖြစ်သည်ကိုမငြင်း နိုင်ပေ။ မြောက်မြားလှစွာသော စေတီပုထိုးများနှင့် ပုဂံဒေသ၊ တမာရနံ့ဝေသော မန္တလေးဝန်း ကျင် ဘုရားပရိဝုဏ်များ၊ မန္တလေး တောင်နှင့် အမရပူရမဟာဝေယံဘုံသာကျောင်းကြီး၊ ဦးပိန်တံတား၊ အင်းဝ၊ စစ်ကိုင်းနှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်း မင်းကွန်းဒေသတို့သည် ရှေးမြန်မာမင်း အဆက်
ဆက် နန်းတက်ဆက်ခံခဲ့ရာ မြို့တော်များဝန်းကျင်ဖြစ်၍မြန်မာရနံ့ အပြည့်အ၀ရစေသော အလယ် ပိုင်းဒေသ အဖိုးတန်ရတနာမြေ များဖြစ်ပါသည်။ အထူးသဖြင့် စလေမြို့ရှိ ၁၈၈၂ ခုနှစ်တွင် တည်ဆောက်ခဲ့သော ပန်းပုရုပ်စုံ ကျောင်းကြီးသည် မြန်မာမှု အနု ပညာကို လှစ်ဟ၍နေပါသည်။ မန္တလေးမှမင်းကွန်းသို့ သွားမည်
ဆိုပါကဧရာဝတီမြစ်အတွင်းရေချိုး ဆင်းသူများ၊ ရေခပ်ကြသူများ၊ သဲ သောင်ကမ်းစပ် ကျောက်ကပြင် တွင် အ၀တ်လှန်းနေသော အညာ သူ၊ အညာသားများ ပျားပန်းခတ် လှုပ်ရှားနေသည်ကိုမြင်တွေ့ ရနိုင် သည်။ မြစ်ဧရာအတွင်း၌ လှေ၊ သင်္ဘောများဖြင့် အသက်မွေးကြ သူများ၊ မြစ်လယ်သောင်ပြင်မှ သဲများကိုတူးဖော်၍ သဲရောင်း ကြသူများ၊ မြစ်ကမ်းနံဘေးကမ်း ခြေတွင် သေးငယ်သောတဲအိမ်က လေးများဆောက်လုပ်ကာ ရေ လုပ်ငန်းအသက်မွေးမှုဖြင့် ဘ၀ကိုဖြတ်သန်းနေကြသူများ၊ သစ် ဖောင်၊ ၀ါးဖောင်များနှင့် မြစ်ကြောတစ်လျှောက် စုန်ချည် ဆန် ချည်မျောပါနေကြသူများ၊ ကျွန်း များ၊ သဲသောင်ပြင်များပေါ် စိုက် ပျိုးနေကြသူများစသည့် မြန်မာလူ နေမှုစရိုက်စုံ အသက်မွေးမှုကို မြင်တွေ့ရပါသည်။ ယင်းတို့သည် အမိမြန်မာနိုင်ငံ၏ စစ်မှန်သော၊ အမြဲလိုလိုမြင်တွေ့ရနိုင်သော တ ကယ့်လူမှုဘ၀များဖြစ်ပါသည်။

ဤမျှမက ချယ်ရီပန်းများ ဝေဆာ၍ တိမ်တွေကိုပင် ပြန် လည်ငုံ့ကြည့်ရသော ချင်းတောင်ဒေသ နတ်မတောင်ဝန်းကျင်နှင့် အလွန်တရာလှပသောအသည်းပုံရိဒ်ရေကန် ကြီးသည် အမိမြန် မာပြည်၌တည်ရှိပါသည်။ထို့အတူ အလွန်တရာ ရင်သပ်ရှုမောဖွယ်ရာကောင်းသည့်ရေခဲတောင်တန်း ကြီးများ မြန်မာပြည်မြောက်ဖျား၌အစဉ်အတိုင်း တည်ရှိသလို အိမ် အောက်မှာပင် အဖိုးတန်ကျောက် မျက်ရတနာများထွက်ရှိရာ မိုးကုတ်ဒေသသည်မြန်မာတို့၏အဖိုးမဖြတ်နိုင်သောရတနာမြေများ ဖြစ်ပါသည်။ မိုးကုတ်လို ရတနာမြေပေါ်၌တည်ထားသည့်မြို့ကမ္ဘာ ပေါ်တွင် မည်သည့်နေရာမှမရှိပါ။ ဆိုရလျှင် စာဖွဲ့၍ မဆုံးနိုင် သည်မှာ ချစ်သောမြန်မာပြည်ဖြစ်ပါသည်။

(၃)
တကယ်တမ်း နိုင်ငံတကာ က မြန်မာပြည်ကို စွဲမက်ကြသည် မှာ ထိုထိုရှုခင်းများကြောင့်သာ မဟုတ်ပါ။ အဓိကမှာ ကမ္ဘာတွင် ယနေ့တိုင်တွေ့ရခဲနေပြီဖြစ်သော လူမျိုးတစ် မျိုး၏ ပျူငှာဖော်ရွေမှု၊ ရိုးသားမှု၊ ပွင့်လင်းသောအရယ် အပြုံးနှင့် ကူညီဖေးမမှု၊ အလှူဒါန ပေးကမ်းရက်ရောခြင်းတို့သည် မြန်မာလူမျိုး၊ မြန်မာတိုင်းရင်းသား တို့၌ တွေ့ရှိရခြင်းကြောင့်ဖြစ်လေ သည်။ မကြာသေးမီရက်ပိုင်းက မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်ခဲ့သော ကမ္ဘာလှည့်ခရီးသွားစာရေးဆရာတစ်ယောက်သည် ရွှေတိဂုံ ရင်ပြင်ပေါ်၌ ၎င်းကြုံတွေ့ခဲ့ရသော မြန်မာလူမျိုးတို့၏ နွေးထွေးဖော်ရွေမှုကို နိုင်ငံခြားသတင်းစာတစ်စောင်၌ပြန်လည် ရေးသားခဲ့ပါသည်။ ထိုကမ္ဘာလှည့်ခရီးသွားသည် ရွှေတိဂုံစေတီသို့ သွားရောက်လည်ပတ်စဉ် အလွန်အမင်း ရေငတ်နေချိန်၌ ဘုရားလုံခြုံရေးဝန်ထမ်းတစ်ဦးက ရိပ်စားမိ၍ အေးမြသော သောက်ရေဘူးတစ်ဘူးအားမေတ္တာ ဖြင့် လာ ရောက်ပေးခြင်းကို ခံယူရပုံ၊ ထိုဝန် ထမ်းအား အခကြေးငွေပေးသော အခါ ငြင်းပယ်ခံရပုံ၊ ထိုသို့ ဧည့် ၀တ်ကျေပွန်သည့်လူမျိုး ယခင်က မတွေ့ခဲ့ရဖူးပုံကို တဖွဲ့တနွဲ့ ရေးသားထားပါသည်။

သို့သော် ခြွင်းချက်အနေဖြင့် ကား မြန်မာတို့သည်လည်း လူထဲ ကလူဖြစ်သည့်အားလျော်စွာ ပြီးခဲ့ သည့်နှစ်က ကျောက်ပန်းတောင်း မြို့နယ်အတွင်း ဂျပန်အမျိုးသမီး ငယ်တစ်ဦးအား အဓမ္မကြံစည်ရာ မှ လက်လွန်၍ သေဆုံးသွားသော ဖြစ်ရပ်မျိုးကို မြန်မာလူမျိုးတိုင်းမြန်မာနိုင်ငံသားတိုင်း ထိုသို့မဖြစ်ရလေအောင် အတတ်နိုင်ဆုံး ကာ ကွယ်ပေးရမည်ဖြစ်သည်။ လူတစ် ဦးတစ်ယောက်၏ အသိမိုက်မဲမှုကြောင့် လူမျိုးတစ်မျိုးလုံး၏ပုံရိပ်စွန်းထင်းစေသည့်ဖြစ်ရပ်မျိုးမဖြစ်ရလေအောင်နိုးကြားစွာဖြင့် ကာ
ကွယ်သတိရှိကြရမည်ဖြစ်ပါသည်။ အမိမြန်မာပြည်သည် အမျိုး ဘာသာ၊ သာသနာအား စောင့် ရှောက်တတ်သော အမျိုးကောင်း သားတို့၏ စောင့်ရှောက်ရာမြေ သာဖြစ်စေချင်ပါသည်။            ။