ဒီမိုကရေစီ အဆောက်အအုံခိုင်မာရေးအတွက် လွတ်လပ်သန့်ရှင်းသော တရားရေးမဏ္ဍိုင်ရှိရန် လိုကြောင်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အပြင် ဥပဒေစိုးမိုးရေးနှင့်တရားရေးမဏ္ဍိုင်ခိုင်မာစေရန်အတွက် ပြည်သူလူထုကလည်း နည်းအမျိုးမျိုးဖြင့် တိုက်တွန်းပြောဆိုရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၄ ရက်တွင်ကျင်းပသော နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
““ ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့တာဝန်ဟာ အစိုးရတွေလုပ်သင့်လုပ်ထိုက်တာ လုပ်အောင်လို့ နည်းအမျိုးမျိုးနဲ့တိုက်တွန်းဖို့၊ ပြောဖိုဆို့ဖြစ်ပါတယ်။ ဒါကြောင့်ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နည်းအမျိုးမျိုးနဲ့ တိုက်တွန်းပြောဆိုမယ်။ ပြည်သူတွေကလည်း နည်းအမျိုးမျိုးနဲ့ တိုက်တွန်းပြောဆိုဖို့လိုပါတယ်။ ဒီမိုကရေစီလိုချင်တဲ့ ပြည်သူတွေဟာ ဘယ်နိုင်ငံရေးအဖွဲ့အစည်း၊ ဘယ်ပုဂိုလ်မှ အားကိုးနေလို့မဖြစ်ပါဘူး။ ကိုယ်လိုချင်တဲ့ကိစ္စတွေအတွက် ကိုယ်ကိုယ်တိုင်က ရှေ့လျှောက်ဖို့လိုပါတယ်”” ဟု သူမကပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေစိုးမိုးရေးနှင့်ပတ်သက်ပြီး ““ ကျွန်မတို့ နိုင်ငံတိုးတက်ရေးအတွက် လူတွေဟာ စိတ်လုံခြုံဖို့ ဥပဒေ စိုးမိုးမှုရှိဖို့လိုပါတယ်။ ဥပဒေစိုးမိုးရေးက ဘာပေါ်မှာ မူတည်သလဲဆိုတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်ရှိဖို့လိုပါတယ်။ တရားရေးမဏ္ဍိုင်က လွတ်လပ်ရမယ်၊ သန့်ရှင်းရမယ်၊ သန့်ရှင်းပြီး လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်မရှိရင် ကျွန်မတို့နိုင်ငံမှာ ဥပဒေစိုးမိုးရေးဟာရှိနိုင်မှာမဟုတ်ပါဘူး။ ဒါဟာနိုင်ငံတစ်နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ကိစ္စလို့ မြင်ပါ တယ်။ ဒီဟာကဒီမိုကရေစီအတွက် မရှိမဖြစ်ရှိရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီအဆောက်အအုံတွေ ခိုင်မာဖို့ဆိုရာမှာ လွတ်လပ်ပြီးသန့်ရှင်းတဲ့ တရားရေးမဏ္ဍိုင်ဟာ အဓိကဖြစ်ပါတယ်။ အဲဒီအ တွက် ကျွန်မတို့ဟာ ဆက်ပြီးကြိုး စားသွားမယ်လို့ပြောချင်ပါတယ်””ဟု သူမက ဆက်လက်ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဥပဒေစိုးမိုးရေး အတွက် ဥပဒေအထောက်အကူအဖွဲ့ထူထောင်ထားပြီး ပြည်သူများအတွက် တရားဥပဒေရှေ့မှောက်တွင် မျှတသောအစီရင်ခံစာများ
ချမှတ်နိုင်ရန် ကူညီလျက်ရှိသည်။ အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်တွင်ဥပဒေစိုးမိုးရေးနှင့် တရားရေးမဏ္ဍိုင်ခိုင်မာရေးအတွက် ဆွေးနွေးခဲ့ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
“သူ (ဦးအောင်ကြည်)ဒီဟာကို အလေးအနက်ထားပါတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တကယ်ဆိုရင် လုပ်ဆောင်ချက်တွေရှိမယ်ဆိုရင်တော့ အားလုံးအတွက်မြင်သာထင်သာဖြစ်ပါမယ်။ တရားဥပဒေမဏ္ဍိုင်ဆိုတာ အားလုံးနဲ့ဆိုင်တာပဲ။ အားလုံးနဲ့ဆိုင်တယ်ဆိုတော့ အားလုံးသိနိုင်အောင်လို့၊ အားလုံးမြင်နိုင်အောင်လို့ ထင်ထင်ရှားရှားလုပ်ရပါမယ်” ။


