အမဲသားကို အမွှေးအကြိုင်မထည့်ဘဲ ပုံမှန်ဟင်းချက်သလိုမျိုး ဆီပြန်ဟင်းလည်းမဟုတ်တဲ့ အရသာရှိတဲ့ ဆီကျန်ရေကျန်ဟင်း တစ်ခွက်ပဲဖြစ်ပါတယ်။ အမဲသားကိုသင်္ဘောသီးနဲ့တွဲချက်သလိုမျိုးပါပဲ။ သင်္ဘောသီးနဲ့ တွဲချက်တာကိုတော့ အိမ်ရှင်မတွေက အမဲသားမြန်မြန်နူးစေဖို့ဆိုတဲ့ အကြောင်းပြချက်ပေးကြပါတယ်။ တကယ်တော့ အဲဒီဟင်းကအရသာ တစ်မျိုးနဲ့ကို ဆွဲဆောင်မှုရှိတာပါ။
အခု အမဲသားသခွားသီးဟင်းကိုချက်ဖို့ အမဲသားမိုးခိုသား ၂၅ ကျပ်သား၊ သခွားသီးတစ်ခြမ်း(သုပ်စားသည့်သခွားသီးအကြီး)ပဲလိုပါတယ်။
အမဲမိုးခိုသားကို အနေတော်အတုံးလေးတွေလှီးပြီး လက်တစ်သစ်စာချင်းထောင်းရေလေးညှစ်ထည့်ပြီး ဆား၊ နနွင်း၊ ကြက်သားမှုန့်တွေ ထည့်နယ်ပြီး ၁၀ မိနစ်လောက်နှပ်ထားပါ။ အမဲသားနှပ်ထားတဲ့အချိန်မှာ အစေ့တွေဖယ်ထားတဲ့သခွားသီးခြမ်းကို သခွားခြစ်နဲ့အချောင်းရှည်လေးတွေရအောင်ခြစ်ပါမယ်။
ကြက်သွန်ဖြူ၊ နီနဲ့ ပုံမှန်အတိုင်း ဆီသပ်ပြီး နှပ်ထားတဲ့အမဲသားကို ထည့်လိုက်ပါ။ ရေမထည့်ခင် ငန်ပြာရည်အနည်းငယ်ကိုလည်း ထည့်ရပါမယ်။ အမဲသားနူးအောင်တည်ပြီးမှ ခြစ်ထားတဲ့သခွားသီးတွေကို ထည့်ရမှာပါ။ သခွားသီးထည့်ပြီး ငါးမိနစ်လောက်တည်လိုက်ရင် သခွားသီးကနေ အရည်လေးထွက်လာပြီး ဆီကျန်ရေကျန်လေးနဲ့ချလို့ရပါပြီ။ဒါဆိုရင်တော့ သခွားနံ့မွှေးမွှေးလေးနဲ့ အမဲသားသခွားသီးချက်လေးကို သုံးဆောင်လို့ရပါပြီ။


