ရန်ကုန်ကားဈေးကွက်တွင် နယ်ဒေသများမှ ကားအ၀ယ်များလာပြီး ဆလွန်းနှင့် ဗင်ကားအမျိုးအစားများလူကြိုက်များလာကြောင်း ကားအရောင်းစင်တာများနှင့်
ဟံသာဝတီယာဉ်ရောင်းဝယ်ရေးဈေး ကွက်မှစုံစမ်းသိရှိရသည်။
“မန္တလေး၊ လားရှိုး၊ မူဆယ် ဘက်က လူတွေ ဆင်းဝယ်တာ များတယ်။ ဒီလမှာ တော်တော်လေးရောင်းရတယ်။ ပစ္စည်းတောင်ပြတ်သွားတယ်”ဟု ဆာကူရာကား အရောင်းစင်တာမှ ကိုအောင်နိုင်ထွန်းက ပြောသည်။ Polistar ကားအရောင်းစင် တာမှ ဦးသက်စိုးကလည်း “သင်္ဘောသားပါမစ်နဲ့ လာဝယ်ကြတယ်။ ပါမစ်ဈေးက သိန်း ၇၀ ရှိတယ်။ ရန်ကုန်အရောက်ဈေးကတော့ သိန်း ၁၃၀ ရှိတယ်”ဟုပြောသည်။ ယခု အ၀ယ်လိုက်နေသော မတ်ခ်တူး 99 ကားအမျိုးအစား၊ ရွှေငါး 2 . 0 ကားများမှာ ဆီစား သက်သာခြင်းကြောင့် တက္ကစီ လိုင်းဆွဲရန် ပိုကောင်းမွန်သောကြောင့် အ၀ယ်များလာကြောင်း သိရသည်။
ဟံသာဝတီကားပွဲစားတန်း တွင်လည်း နယ်မှ ကားအ၀ယ်ရှိ သောကြောင့် အရောင်းအ၀ယ် ကောင်းပြီး ကားဈေးနှုန်းထပ်မံကျဆင်းခြင်းမရှိသေးကြောင်းသိရသည်။ “ကားဈေးတွေက ကျတယ် ဆိုတာ ကားတွေ ပြည်တွင်းကို တရားဝင် စသွင်းတဲ့အချိန်ကနဲ့ စာရင်တော့ ကျပ်သိန်း ၄၀ လောက်ကျတယ်။ ပါဂျဲရိုးဆို စသွင်းတဲ့ အချိန်က သိန်း ၅၇၀ ရှိရာက အခုသိန်း ၅၁၀ လောက်ပဲရှိတယ်။ ကားတွေသွင်းနေပြီး ဈေးထပ်မကျတာ ကတော့ ပါမစ်ဈေးမြင့်လို့ မကျတာပဲ”ဟု ဟံသာ ၀တီကားပွဲစားတန်းမှ ဦးဝင်းကပြောသည်။ အရောင်းအ၀ယ်ဖြစ်သော ကားအမျိုးအစားနှင့် ဈေးနှုန်းမှာ ပါဂျဲရိုး (၄၆ရိုးရိုး) ကျပ်သိန်း ၃၅၀၊ ဟိုင်းလတ်ဆပ် ၉၇ မော်ဒယ် အက္ခရာ ၉ဂ မှာ ကျပ်သိန်း ၄၀၀၊ ရွှေငါး 2.0 ကျပ်သိန်း ၃၀၀၊ ၉၉ မတ်ခ်တူးကျပ်သိန်း၂၈၀ဖြစ်သည်။


