May 20, 2012

ပညာသင်ဆု အင်တာဗျူးဝင်ရန် ကြိုတင်ပြင်ဆင်သင့်သောအချက်များ

Photo

နိုင်ငံတကာအစိုးရနှင့် ပြည်ပအဖွဲ့အစည်းများက မြန်မာ ကျောင်းသားများ နိုင်ငံခြားတက္ကသိုလ်များတွင် အဆင့်မြင့်ပညာများ လေ့လာသင်ယူနိုင်ရန် ပညာသင်ဆု အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ အချို့သော နိုင်ငံခြားအစိုးရအဖွဲ့တို့က ပညာတော်သင်ဆု ချီးမြှင့်ပေးအပ်မည့် မြန်မာကျောင်းသားဦးရေကိုတိုးမြှင့်ရန် စီစဉ်နေသည်။ ထို့ပြင် အခြားသောပညာရေးနှင့် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများကလည်း မြန်မာကျောင်းသားများ အတွက်ပညာသင်ဆုအခွင့်အလမ်းများဆောင်ရွက် ရန် လေ့လာပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ထို့ကြောင့် မကြာမီကာလ တွင် ထူးချွန်မြန်မာကျောင်းသားများအတွက် နိုင်ငံရပ်ခြားပညာ ရေးအခွင့်အလမ်းများ ပိုမိုပွင့်လင်းလာဖွယ်ရှိနေသည်။ ပညာသင်ဆုဖြင့်ပြည်ပ ၌ ပညာလေ့လာ သင်ယူလိုသော ကျောင်းသားများအနေဖြင့် ပြည်ပတက္ကသိုလ်များ၏ ကျောင်းဝင်ခွင့်အရည်အချင်းများနှင့် ပြည့်မီနေရန် လိုအပ်သလိုပညာသင်ဆု ပေးအပ်မည့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စည်း မျဉ်းစည်းကမ်းသတ်မှတ်ချက်များ နှင့်လည်း ကိုက်ညီမှုရှိအောင် လေ့လာပြင်ဆင်ထားရမည်ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများထံတွင် ပညာသင်ဆုလျှောက်ထားပြီးနောက် ဆန်ခါတင်ရွေးချယ်ခံရကာ လူတွေ့အင်တာဗျူးဖိတ်ခေါ်ခံရသူများအတွက် ကြို တင်ပြင်ဆင်လေ့လာထား သင့် သည့်အချက်များကို အကြံပြုဖော်လိုက်ပါသည်။

လူတွေ့အင်တာဗျုးရန် ရွေးချယ်ခံရခြင်းသည် ပညာသင်ဆုရရှိရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေခြင်းဖြစ်ပြီး အင်တာဗျူးအတွက်  ကြိုတင်ပြင်ဆင်မှုအားကောင်း ရန်လိုအပ်သည်။ ပထမဆုံးအနေဖြင့် မိမိအား ပညာသင်ဆုပေးအပ်မည့် အဖွဲ့အစည်းဝက်ဘ်ဆိုက်နှင့် အင်တာနက်ကိုအသုံးပြု၍ အဆိုပါအဖွဲ့ အစည်း၏ နှစ်ပတ်လည် အစီရင်ခံစာ၊ သတင်းစာစောင်၊ လက်ကမ်း စာစောင်များမှတစ်ဆင့် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အထူးလုပ်ဆောင်ချက်များ၊ ၎င်းတို့ရင်ဆိုင်နေရသောစိန်ခေါ် မှုများ၊ အနာဂတ်ရည်မှန်းချက်များ၊ အဖွဲ့အစည်း တည်ဆောက်မှုပုံစံများကို တတ်နိုင်သမျှ လေ့လာ ရမည်ဖြစ်သည်။ အင်တာဗျူး၌ အဖွဲ့အစည်းအကြောင်း မိမိမည်မျှ သိထားသည်ဆိုသောမေးခွန်းကို ရှောင်လွှဲ၍ ရနိုင်မည်မဟုတ်ပါ။ အဖွဲ့အစည်းနှင့်  ပတ်သက် သော ဗဟုသုတနည်းပါးနေခြင်းသည် မိမိအနေဖြင့် ပညာသင်ဆုပေးအပ် မည့် အဖွဲ့အစည်းအပေါ်တွင်  စိတ်ဝင်စားမှုမရှိကြောင်း ပြသရာရောက်နေလိမ် မည်။ ထို့အပြင် အချို့သော အဖွဲ့အစည်း များသည် ပညာသင်ပြီးပါက ၎င်းတို့ထံတွင် လုပ်ငန်းခွင် ၀င်ရောက် လုပ်ကိုင်ရန် နှစ်ကာလ တစ်ခုသဘောတူညီစာချုပ်ရလေ့ရှိ သည်။  ထိုအဖွဲ့အစည်း၌  နှစ် ကာလကြာရှည်စွာ လုပ်ကိုင်ရန် စိတ်ဆန္ဒရှိပါသလား ဆိုသည်မှာ အရေးကြီးသော ဆုံးဖြတ်ချက်ဖြစ်သည်။

ပညာသင်ဆု ပေးအပ်မည့် အဖွဲ့အစည်းအကြောင်း တုံ့ပြန်မေးခွန်းထုတ်ခြင်းဖြင့်  မိမိလေ့လာသိရှိထားမှုနှင့် ၎င်းတို့အပေါ် မိမိ၏ စူးစမ်းလေ့လာစိတ်ဝင်စားမှုကို ဖော်ပြနိုင်သည်။ ကျောင်းသားဘ၀ (သို့မ ဟုတ်) လုပ်ငန်းခွင်ဘ၀၌ မိမိ၏ ဦးစီးဦးဆောင်ပြုခဲ့မှုများနှင့် အခြားသူများနှင့်အတူ လုပ်ငန်း တာဝန် ဆောင်ရွက်ခဲ့မှုများကို ဖော်ပြခြင်းဖြင့် မိမိအရည်သွေးကို ပြသနိုင်သည်။ သို့သော် မိမိကိုယ်ကို အမွှန်းတင်မလွန်ရန် သတိပြုရမည်ဖြစ်သည်။ မိမိ တွေ့ကြုံလုပ် ကိုင်ဖူးခြင်းမရှိသော အကြောင်း အရာများကို လိမ်လည်ပြောဆို ခြင်းအား လုံးဝရှောင်ကြည်ရမည်။ မိသားစု(သို့မဟုတ်) သူငယ်ချင်းများအား အင်တာဗျူးစစ်ဆေး မည့်သူ နေရာတွင် သရုပ်ဆောင် စေ၍ အင်တာဗျူးအမေးအဖြေ လေ့ကျင့်နိုင်သည်။ ပြီးနောက် မိမိ လေသံ၊ ကိုယ်နေဟန်ထားနှင့် ဋ္ဌာန်ကရိုဏ်းကျကျ ပြောဆိုနိုင်မှုအခြေအနေကို ရိုးသားစွာမှတ် ချက်ယူရမည်။ မိမိဖြေဆိုမှုများသည် လေကြီးလေကျယ် (သို့မဟုတ်) ဟန်ဆောင်ပန်ဆောင် အမူအရာ (သို့မဟုတ်) ဇဝေဇ၀ါ ၀ိုးတိုးဝါးတား (သို့မဟုတ်) လေကြောရှည်မှုဖြစ်နေပါက အားနည်းချက် အဖြစ်မှတ်ယူ၍  မိမိလှုပ်ရှား ဆောင်ရွက်မှုအခြေအနေတိုးတက်လာစေရန် လေ့ကျင့်ရမည်ဖြစ်သည်။

တစ်ခါတစ်ရံ အလွန်ခက်ခဲသော မေးခွန်းမျိုး မေးမြန်းခံရနိုင်သည်။ ယင်းသည် အင်တာဗျူးစစ်ဆေးသူက မိမိအားအခက်တွေ့စေလိုခြင်းထက် မထင်မှတ်ထားသော မေးခွန်းမျိုးကို ဘယ်လိုအကောင်းဆုံးတုံ့ပြန်မည်ကို မြင်တွေ့လို၍ဖြစ်သည်။ ထို့ပြင် မိမိတွင် မြုပ်ကွယ်နေသောအရည် အသွေးကို သူတို့ တွေ့မြင်သွားနိုင်ရန် အခွင့် ကောင်းတစ်ခုဖြစ် သည်။ အရေးကြီးဆုံးအချက်မှာ ရိုးသားမှုနှင့် ယဉ်ကျေးသိမ်မွေ့မှုဖြစ်သည်။ ပညာသင်ဆုအတွက် အင် တာဗျူးဖြေဆိုခြင်းသည် အလုပ်အကိုင်ရွေး ချယ်မှုအတွက် ဆုံးဖြတ်ချက်ချရသော အခြေအနေနှင့် တူညီလိမ့်မည် မဟုတ်ဘဲ မိမိဘ၀ရှေ့ရေးအတွက် နှစ်ကာလ အနည်းငယ်အား အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းဖြစ်သည်။  စင်ကာပူအခြေစိုက်  Brightspark  ပညာရေးမဂဇင်း တွင် ဖော်ပြထားသော ပညာသင် ဆုအင်တာဗျူးသူများ မေးမြန်းလေ့ရှိသောမေးခွန်း အချို့ကိုပြန်လည်ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

-သင့်အကြောင်းကို ပြောပြပါ။
-သင်ရရှိခဲ့ဖူးသော အကြီးမားဆုံး အောင်မြင်မှုကိုပြောပြပါ။
-သင့်အနေနဲ့ လူ့အဖွဲ့အစည်းကို ဘယ်လိုအလုပ်အကျွေးပြုနိုင်မလဲ။
-ဘ၀မှာ ရှုံးနိမ့်ခဲ့ဖူးတဲ့ ကာလတစ် ခုအကြောင်းပြောပြပါ။
-ဘာကြောင့် ဒီပညာသင်ဆုကို လျှောက်ထားတာလဲ။
-ဘယ်လိုဘာသာရပ်ကို လေ့လာ သင်ယူလိုသလဲ၊ ဘာကြောင့်လဲ။
-ဘာကြောင့် ဒီပညာသင်ဆုကို ရထိုက်တယ်လို့ ထင်တာလဲ။

Brightspark မဂ္ဂဇင်းကပင်အင်တာဗျူးဝင်သည့်အခါ ကြို တင်ပြင်ဆင်ထားရမည်များကို အောက်ပါအတိုင်း အကြံပြုထားသည်။
-အင်တာဗျူးမည့်နေရာသို့ အချိန် မီသွားရောက်နိုင်ရန် လုံလောက် သော ပြင်ဆင်ချိန် ရှိနေရမည်ဖြစ် ပြီး ကားလမ်းပိတ်မည့် အခြေအနေအတွက် စဉ်းစားထားရမည်ဖြစ် သည်။
-အင်တာဗျူးအတွက် ပြင်ဆင်ထားသော အမေး၊ အဖြေများကို မိမိနှင့် တစ်ပါတည်း ယူဆောင်သွားရမည်ဖြစ်သည်။
-သေသပ်ကျနသော ၀တ်စားဆင်ယင်မှုရှိနေရမည်ဖြစ်ပြီး ကျွမ်းကျင်သူများထံမှ အကြံဉာဏ်ရယူသင့်သည်။
-အင်တာဗျူးစစ်ဆေးမည့်သူအား ရည်မွန်သောအပြုံးဖြင့် လက်ဆွဲနှုတ်ဆက်ပါ။ လက်ပိုက်ထိုင်ခြင်းသည် တောင့်တင်းသောကိုယ်နေ ဟန်ထားကို ဖြစ်ပေါ်စေသော ကြောင့် ရှောင်ကြည်ရမည်။
-ဂနာမငြိမ်သောအမူအရာ ဖြစ်ပေါ်နေခြင်းကို ဆင်ခြင်ပါ။ မေးခွန်းများ ဖြေကြားနေစဉ်တွင် အင်တာဗျူးစစ်ဆေးသူနှင့် မျက်လုံး အကြည့်ချင်း ဆက်သွယ်မှုရှိနေပါစေ။
-မေးခွန်းများကို အသံကျယ်ကျယ်ဖြင့် တိကျရှင်းလင်းစွာဖြေဆိုပါ။                       
Ref; Brightspark