အောင်သူရ၊ ပြည်သိမ်း
စပါးကဲ့သို့ ပဲမျိုးစုံကိုလည်း အာမခံဈေးတစ်ခု သတ်မှတ်၍တောင်သူများထံမှ ၀ယ်ယူရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၁၉ ရက်တွင် ညွှန်ကြားလိုက်ကြောင်း
သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၉ ရက် နေပြည်တော်တွင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ၊ ဆန်စပါးလုပ်ငန်းအသင်းနှင့် မြန်မာနိုင်ငံ ပဲ၊ နှမ်းအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်
ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ထိုပွဲသို့ တက်ရောက်ခဲ့သော လုပ်ငန်းရှင်အချို့က ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ အာမခံဖြင့်ဝယ်ယူရန်အတွက် ဖေဖော်ဝါရီ ၂၀ ရက်
တွင် UMFCCI ရုံး၌ မြန်မာနိုင်ငံ ပဲနှမ်းအသင်းနှင့် ပဲကုန်သည်များ ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
“အများပိုင်ကုမ္ပဏီဖွဲ့ပြီး ၀ယ်ဖို့ ညှိနှိုင်းကြတာပါ”ဟု အဆိုပါပွဲကို တက်ရောက်ခဲ့သည့် ပြည်ပသို့ ပဲတင်ပို့သူ လုပ်ငန်းရှင်တစ် ဦးကဆိုသည်။အများပိုင်ကုမ္ပဏီဖွဲ့ပြီး အာ
မခံဈေးနှုန်းဖြင့်ဝယ်ယူပါက ဈေးအထိုက်အလျောက်ထိန်းနိုင်ပြီး တောင်သူများအတွက်လည်း ထိုက်သင့်သည့် ဈေးရရှိနိုင်သည်။ အများစုပေါင်းဝယ်ယူသည့် အတွက် ငွေအင်အားများပြီး လုပ်ငန်းပိုမိုလုပ်ကိုင်နိုင်သည်ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
“ပဲတစ်တင်းကို တောင်သူရဲ့အရင်းက ၁၆၀၀၀ ကျပ်ကနေ ၁၈၀၀၀ ကျပ်လောက်ရှိတယ်”ဟု ဟင်္သာတမြို့နယ်မှ ပဲစိုက်တောင်သူတစ်ဦး ကဆိုသည်။
လက်ရှိ မတ်ပဲဈေးသည် ကျေးရွာများတွင်တစ်တင်းလျှင် ကျပ်၁၂၈၀၀ မှ ၁၃၀၀၀ ကျပ် ကြားသာရှိသည်။ ရန်ကုန်ဈေးကွက်တွင် ပြည်ပသို့တင်ပို့ရန် မတ်ပဲဈေးသည် အသစ် တစ်တန်ကို ၄၅၅၀၀၀ ကျပ်၊ အဟောင်းတစ်တန် ၄၃၀၀၀၀ ကျပ်ဈေးရှိသည်။ ပဲတီစိမ်းမှာ ရန်ကုန်ဈေးကွက်တွင် တစ်တန် ၆၀၀၀၀၀ ကျပ်ဈေးရှိသည်။ ပဲစင်း
ငုံမှာ တစ်တန် ၅၀၂၀၀၀ ကျပ်ဈေးရှိကြောင်း စုံစမ်းသိရှိရသည်။
သမ၀ါယမနှင့် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းတို့ ပူးပေါင်း၍ အရန်ဆန်အဖြစ်ထားရှိရန်ဧည့်မထစပါး ၄၆ ပေါင် တစ်တင်းလျှင် သောင်းသုံးထောင်ကျပ်ဖြင့် တင်းပေါင်း ရှစ်သိန်းငါးသောင်းကျော်အား ဇန်န၀ါရီ ၂၂ ရက်မှ စတင်၍၀ယ်ယူခဲ့သည်။ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့အတွင်း ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသော ပဲတီ စိမ်းနှင့် မတ်ပဲမှာ ထွက်ရှိနေပြီး ပြီးခဲ့သည့်နှစ်ကထက် ဈေးနှုန်းထက်ဝက်ခန့်လျော့နည်းလျက်ရှိသည်။ “အစိုးရအနေနဲ့ တောင်သူ တွေ တကယ်အကျိုးရှိစေချင်ရင် ဒီလကုန်ကစပြီးဝယ်မှ။ ဘာဖြစ်လို့လဲဆိုတော့ အကြွေးဆပ်စရာ တွေရှိတော့ တောင်သူတွေအတွက် မတ်လကုန်ရင် ရောင်းကြရတာ”ဟု ရေကြည်ဒေသခံ တောင်
သူတစ်ဦးကပြောသည်။
ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသော မတ်ပဲတစ်ဧကလျှင် ပျမ်းမျှကုန်ကျစရိတ် ကျပ်တစ်သိန်းခွဲခန့်ရှိပြီး ယခုနှစ်တွင် ပျမ်းမျှ ၁၀ တင်းသာထွက်ရှိသဖြင့် မတ်ပဲတစ်တင်းလျှင် ကျပ်နှစ်သောင်းခန့် ရရှိမှတွက်ခြေကိုက်မည်ဟုတောင်သူ အချို့ဆိုသည်။


