ဖုန်းလင်မယား

Photo

တစ်နေ့သ၌ ကျွန်ုပ်သည်မြန်မာစာပေလောကတွင် ဆရာ ကြီးတစ်ဆူဖြစ်တော်မူသော ဆရာ ကြီးရန်ကုန်ဘဆွေ၏ “မြန်မာပြည်သား”၀တ္ထုကြီးကို အရသာခံကာ ပြန်လည်ဖတ်ရှုဖြစ်နေပါ၏။ ကျွန်ုပ် တို့၏ ဘိုးစဉ်ဘောင်ဆက် ဓား ထက်ခဲ့ကြသော ရှေးသရောအခါ က မြန်မာကြီးများ၏ အမျိုးဘာ သာသာသနာကိုစောင့်ထိန်း သည့် စိတ်ဓာတ်၊ သတ္တိဗျတ္တိအရာမှာ အများတကာထက်သာသည့် သွေးရဲသူ မျိုးရိုးစဉ်ဆက်တို့၏ ဇာတ် သွားများကား မှတ်သားစရာများ နှင့်အပြည့်ပါလေ။

    ယဉ်ကျေးမှုအရာမှာ အဆင့်အတန်းမြင့်လှစွာသော ရှေးမြန်မာ ကြီးများကား စံထားထိုက်သည့် စရိုက်လက္ခဏာရှိသူများပါလေ။ မဟုတ်မခံ သူတစ်ပါးကို စတင် ရန်မလုပ် အချုပ်အချယ်ကင်း ကင်း စိတ်သောကရှင်းရှင်းဖြင့် ဘ၀တစ်သက်တာ ပျော်ရွှင်စွာ ဖြတ်သန်း လိုသူများပင်ဖြစ်ပါ၏။ ဆွေမျိုးမတော်သော်ငြား နှမအ ရင်း ကလေးများကဲ့သို့ အမျိုးသမီးပျိုလေးများကို စောင့်ရှောက် ကြသည့် ပီဘိအမျိုးသားများ၊ ဆွေမျိုးမဟုတ်သော်ငြား အစ်ကို ရင်းများကဲ့သို့ တကယ့်ကို အားကိုး ကာ ရပ်ရွာမှာ ဗိုင်းကောင်းကျောက်ဖိ ဂုဏ်ယူစရာဖြစ်လျက် မိဘမျက် နှာရစေပါသည့် ဆယ်ကျော်သက် မိန်းမပျိုလေးများ၏ ဖြူစင်မှုမှာအတုယူစရာများသာဖြစ်ပါ ၏။
    စာအုပ်ကို ပြန်လည်ဖတ်ရှုဖြစ်သည့်အခါ ပြန်လည်သတိရမှတ်သားစရာများစွာကိုတွေ့မြင်ရပြန်ပါ၏။ ရှေးမြန်မာတို့၏ ရွာငယ်ဇနပုဒ်မှ နောက်ဆုံး နေပြည် တော် အထိ အုပ်ချုပ်ပုံအဆင့်ဆင့်မှအစ ညညကျေးရွာသဘာဝ လူပျိုလှည့်ခြင်းအလယ်၊ယောက်ျားပီသ စွာ သတ္တိအရာမှာ မခေသူဖြစ် ကြောင်း သက်သေခံပေါင်ခြံ မှာ ထိုးကွင်းအပြည့် ရေးထိုးကြပုံအ ဆုံး ဗဟုသုတလှိုင်းလုံးကြီးများမှာ စာဖတ်သူရင်ခွင်တွင် စွဲထင်ရိုက် ခတ်စေပါ၏လေ။ “မြန်မာ” ဆိုသည့် လူမျိုးစု၏ ရိုးသားမှု၊ ငဲ့ညှာမှု၊ သတ္တိရှိမှု၊ ထူးချွန်မှု၊ ဖြောင့်မတ်မှု အစုစုကို “မြန်မာပြည်သား”မှာမြင်ကြားရပါပေ၏။
    ဤသို့ဖြင့် စာအုပ်ထဲ စိတ်စွဲမျောပါနေခိုက် ကတိုက်ကရိုက် တံခါးခေါက်သံသုံးချက်ပေါ်ထွက် လာပေရာ ကျွန်ုပ်မှာ စာအုပ်ကို အသာချကာတံခါးကို အသာဟ လိုက်ရပါ၏။ အပေါက်ဝတွင်ကား မတွေ့တာကြာပြီဖြစ်သည့် ကျွန်ုပ် ၏မိတ်ဆွေ ပျော်ပျော်နေတတ်သူ ကြီး“ကိုဟက်ပီး”ကို ပြုံးပြုံးကြီးတွေ့ ရပါပေ၏။
    “ဟယ်လို ဆာသော်ဒိုး.. ဟောင်းတာယူ”
    “ဖိုင်း..ဖိုင်း..တဖိုင်းဖိုင်း ပါပဲခင်ဗျာ”
    အနှီကိုဟက်ပီးမှာ လက် ထောက်ညွှန်ကြားရေးမှူးဘ၀မှ အငြိမ်းစားယူခဲ့သူဖြစ်ကာ ယခု အခါ ကျွန်ုပ်နှင့် စာရေးဖက်မိတ် ဆွေတစ်ယောက်ဖြစ်ပြီးဒီလူ ကြီးမှာ စာတအားရေးနိုင်သူဖြစ်ပါ၏။ အင်္ဂလိပ်မှ မြန်မာဘာသာပြန်ရာမှအစ ကိုယ်တိုင်ရေးအက်ဆေး၊ အတွေးအမြင်၊ ဟာသအလယ် ကျန်းမာရေးဆောင်းပါးနှင့် ဘောလုံးအဆုံး မနုံးမခွေရေးနိုင်စွမ်း ရှိသူပါပေ။ သူပိုင်ဆိုင်သော ကလောင်များကား ၁၂ခုကြီးများ တောင်မှပါလေ။ ဘာသာရပ်အစုံ ကို စိတ်ဝင်စားသလိုဘာလာ လာချောမွေ့စွာရေးသားတင်ဆက်နိုင် သည့်ပညာရှိသူပါပေ။
    ကျွန်ုပ်တို့လည်း မတွေ့တာ ကြာပြီဖြစ်သည်နှင့်အညီ စကားတွေစီလိုက်ကြသည်မှာ တစ်နာရီ ခန့်ပင်ရှိသွားပါပေ၏။ စမ်းချောင်း အရပ်သို့ ယနေ့သူ ရောက်လာရသည့်ကိစ္စကား အခြားမဟုတ်။ စမ်းချောင်းမှာ အခြေစိုက်သည့် ဂျာနယ်တိုက်တစ်ခုက သူ့အား ဆက်သွယ်ကာ အယ်ဒီတာချုပ် လုပ်ပေးပါရန်ပန်ကြား လာသည့် အတွက် ယနေ့ယခု သူလာရောက် တွေ့ဆုံမှုပြုခြင်းသာဖြစ်ပါပေ၏။ ကိစ္စတွေအပြီး မိတ်ဆွေကြီးကျွန်ုပ် ထံဝင်လာခြင်းဖြစ်ပါ၏။
    ခဏအကြာ ဖုန်းမြည်သံ တစ်ခုထွက်ပေါ်လာရာ ကိုဟက် ပီးမှာ သူ့လွယ်အိတ်ထဲသို့ လက် နှိုက်ကာ ဖုန်းပြောရန်ပြင်ပါ၏။ လွယ်အိတ်ထဲဟိုနှိုက်သည် နှိုက် ဟိုစမ်းသည်စမ်း လုပ်သော်ငြား သူ့လက်တွင်းမှာ ဖုန်းပါမလာပါ ပေ။ ဖုန်းမြည်သံမှာ သူ့လွယ်အိတ် ထဲမှမဟုတ်ဘဲ ကျွန်ုပ် ရှိုးကေ့စ် ပေါ်မှ သူ့ဖုန်းနှင့် Ring Tone  ခပ်ဆင်ဆင်တူ ကျွန်ုပ် အိမ်သူ၏ ဖုန်းဖြစ်နေရာ ဇနီးသည်မှာ ပြေး လာပြီး ကိုင်ပါလေ၏။ ကိုဟက် ပီးကား လွယ်အိတ်စာအုပ်များ ကြားထဲ ဖုန်းစမ်းဆဲပါလေ။
    “အဲ..အကုန်နှံ့နေပြီ။ ဖုန်း ဘယ်ဆီရောက်နေပါလိမ့်” သူ့လွယ်အိတ်ထဲသာမက သူ့အကျအိတ်ကပ်နှင့် ဘောင်းဘီ အိတ် ရှိရှိသမျှ တစ်ခုမှမကျန် ထပ်မံရှာ ဖွေသော်ငြား ဖုန်းကားမတွေ့  ပါလေ။ သူနေထိုင်ရာ အင်းစိန် အိမ်မှအထွက်တွင်ဂျာနယ်တိုက်မှ ဖုန်းတစ်ခါဝင်လာ၍ ထုတ်ဆက်ဖြစ်ကြောင်း၊ ပြီးသော် လွယ်အိတ်
ထဲထည့်လိုက်ပြီး ကမန်းကတန်းဘတ်စ်ကားပေါ်ပြေးတက်ခဲ့ကြောင်း၊ ယခုအထိ လမ်းမှာ၊ ဂျာနယ်တိုက်မှာ နောက်ထပ်တစ်ခါ ဖုန်းမပြောဖြစ်ပါကြောင်းပြန်ပြောင်း စဉ်းစားပြီး ပြောပါလေ၏။
    သို့ဖြင့် သူရောက်ခဲ့ရာ ဂျာနယ်တိုက်ကို ကျွန်ုပ်အိမ်မှနေ၍ လှမ်းကာ စုံစမ်းကြည့်ရာ အဲဒီမှာ မကျန်ရစ်ခဲ့ကြောင်း သိရပါလေ ၏။ နောက်ဆုံးတွင်ကား ကျွန်ုပ်အိမ်သူ၏ဖုန်းကို ဒုတိယအကြိမ် ငှားကာ သူ၏ ယာယီပျောက်ဆုံး နေသည့် ခရီးဆောင် မိုဘိုင်းဖုန်း နံပါတ်အား နှိပ်လိုက်သည်ရှိသော် ဟိုတစ်ဖက်မှပြန်ထူးပုံ ရပါပေတော့၏။
    “ဗျာ..ဟုတ်ပါတယ်၊ ဟုတ် ပါတယ်။ အဲဒါ..ဟုတ်ကဲ့၊ ကျေး  ဇူးတင်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ ဟုတ်ကဲ့။ ညနေ ၄နာရီ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ”
    အပြုံး ယဲ့ယဲ့ဖြင့် ကိုဟက်ပီး ကား သက်ပြင်းများ အကြိမ်ကြိမ် ချလျက် ရင်ဘတ်ကိုဖိကာ လျှာ ထုတ်ပြန်ပါလေ၏။ သူ့ထံမှ သိရ သည်မှာ ဖုန်းကောက်ရထားသူက ယနေ့ ညနေ ၄နာရီတွင် အင်းစိန် ပန်းခြံနားမှာဆုံမည်ဖြစ်ကြောင်း သူ့ကို ချိန်းဆိုသည်ဟုသိရပါပေ၏။
    “အေးဗျာ။ ဆာသော်ဒိုးရာ၊ အဲဒီ ဂျီဝယ်တုန်းက ၃၂ တောင်ပေးခဲ့ရတာဗျ။ အခုလို လူသူတော်ကောင်းနဲ့တွေ့လို့ အကျိုးမနည်းတာဗျို့”
    ယခုမှ နေ့လယ် ၁ နာရီပဲ ရှိသေးရာ ညနေ အင်းစိန်ပြန်လျှင် ကျွန်ုပ်ကို အဖော်လိုက်ခဲ့ရန်ခေါ် ပြန်ရာ ကျွန်ုပ်လည်း လိုက်ခဲ့ပါမည်ဟု ကတိပြုလျက်လက် ဖက်ရည်ဆိုင်သို့ ထွက်လို့လာခဲ့ကြပါ၏။ လက်ဖက်ရည်ဆိုင်မှာ စကားအတန်ကြာပြောပြီးနောက် မြေနီကုန်းမှတ်တိုင်မှ အထူးဘတ်စ်ကိုစီးကာအင်းစိန်ပန်းခြံ မဟာသို့လိုက် ပါခဲ့ကြပါ၏။
    ချိန်းဆိုထားရာ ပန်းခြံအနီး လက်ဖက်ရည်ဆိုင်သို့အရောက် ဆိုင်ပေါက်ဝမှ အထဲကို အကဲခတ် ကြရာ သုံးဝိုင်းသာ လူရှိနေပါ၏။ တစ်ဝိုင်းမှာထိုင်နေသူ ကား မုတ် ဆိတ်ရှည်ရှည်နှင့် အိနိယနွယ်ဖွား ဘူတားကြီး၊ တစ်ဝိုင်းမှာ ထိုင်နေ သူများကား တက္ကသိုလ်ကျောင်း သူအရွယ် အပျိုငယ်တစ်သိုက်၊တတိယ၀ိုင်းတွင် ကား မျက်စိများ နားများကို အစွမ်းကုန်ဖွင့်ကစား နေဟန်တူသည့် ငါးဆယ်ဝန်းကျင် စုံတွဲတစ်တွဲ။ သို့ဖြင့် အခြေအနေ အရပ်ရပ်ကို အကဲခတ်ကာ အနှီ စုံတွဲထံ တန်းတန်းမတ်မတ်ဝင် ရောက်ခဲ့ကြပါ၏။
    “အဲ..ဟို..ဖုန်းဆက်ထား တဲ့သူ”
    “ဟုတ်ပါတယ်၊ ဟုတ်ပါ တယ်။ ကျွန်တော်ကိုဟက်ပီးပါ။ နေ့လယ် သူ့အိမ်ကျမှ ဖုန်းက ပါမလာမှန်းသိတော့တယ်”
    သို့ဖြင့် တစ်ဦးနှင့် တစ်ဦးမိတ်ဆက်ပြီး ဖုန်းအကြောင်း စာလုံးပေါင်းလိုက်ကြသည်မှာ အတော်ပင် ကြာသွားပါပေ၏။ ကိုဟက်ပီးကလည်း သူ့ဘ၀မှာသည် လို တစ်ခါမှ နမော်နမဲ့မဖြစ် ဖူးပုံ၊ ယနေ့မနက်မှာတော့ မည်သို့ သောအကြောင်းကြောင့် ဤသို့ ဖုန်းကျကျန်ရစ်မှန်း စဉ်းစားမရပုံ၊ ကောက်ရသူက ယခုလိုခေါ်၍ ပြန်ပေးခြင်းမှာ ရိုးသားသည့် မြန် မာစိတ်ဓာတ်တွေ မပျက်စီးသေး ကြောင်း ဥပမာတစ်ခုဖြစ်ပုံတို့ကို အားပါးတရ ပြောနေပါပေ၏။ ထို့ နောက်တွင်ကားထိုလင် မယားကို ကျေးဇူးတင်ပါသဖြင့် လက်ဖက် ရည်မှာပါ၊ အအေးမှာပါ၊ မုန့်မှာပါ ကြိုက်ရာမှာပါဟု လောကွတ်ပြုပေရာ အနှီလင်မယားကား လက်ကာကာကာကာလုပ်ပြီး သကာလ ဤသို့ စကားဟလာပါတော့၏။
    “ဟောဒီမှာ ငါ့ညီရဲ့ဖုန်း၊ အစ်ကိုတို့ကို ငါးသောင်းပဲပေးပါ”
    “ခင်ဗျာ”
    “ဟုတ်တယ်ညီလေး။ ဟောဒီဟန်းဆက်က သုံးသိန်းနဲ့ခြောက်သောင်းတန်တယ်လို့သိရပါတယ်။ ဒါပေမဲ့လို့ အစ်ကိုတို့ကို ငါးသောင်းပဲပေးပါ”
    “ခင်ဗျာ”
    “မနက်က ဟောဒီက မင်း အစ်မနဲ့ အစ်ကို ကားတွေ ဥဒဟို အပြင်းမောင်းနေတဲ့ ဟောဒီ လမ်းမအလယ်မှာ ဟောဒီဖုန်းကို အသက်နဲ့လုပြီးပြေးကောက် ခဲ့ရတာကွ။ ဖုန်းက ကားကြိတ်မသွားတာ ကံကောင်းတယ်။ ဒီတော့ ကိုယ့်ညီရယ် အစ်ကိုတို့ကို ငါးသောင်းပဲပေးပါ”
    “အာ..အဲ”
    “င့ါညီဆီက ငါးသောင်းကို အစ်ကိုတို့ အလဟဿဖြုန်းမပစ်ပါဘူး။ အစ်ကိုနဲ့ မင်းအစ်မကောင်းကောင်းမစားရတာကြာပြီ။ ဒါကြောင့်မို့ ဒီညတော့ငါ့ညီ ကျေးဇူးနဲ့ သင့်တင့်တဲ့ စားသောက်ဆိုင်တစ်ခုမှာ အရက်ကောင်းကောင်းတစ်လုံးမှာမယ်။ ပြီးတော့ ဟင်းလေးငါးပွဲမှာပြီး ဒီညကိုပျော်ပျော်ကြီးဖြတ်သန်းမလား လို့ပါ ငါ့ညီရာ”
    သို့ဖြင့် ကိုဟက်ပီးမှာ ငြင်းရမှာ အခက်တွေ့လျက်သားဖြစ်ကာ သူ့ပိုက်ဆံအိတ်ကို အပြန်ပြန် အလှန်လှန်ဖွင့်လေသော်သုံးသောင်းကျော်ရှိသည်ကို တွေ့ရပြီး ကျွန်ုပ်ထံ အကြည့်ရောက်လာရာ ကျွန်ုပ်လည်း မနေသာဘဲ ကျွန်ုပ် ပိုက်ဆံအိတ်အတွင်း ခပ်ပျင်းပျင်း ခွေနေသောခြသေ့င်္ကိုးကောင်ကို ထုတ်ပေးလိုက်ရာ လေးသောင်း ကျော်ကျော်လေးရသွားပါတော့ ၏။ “ဒီလိုလုပ်ပါ အစ်ကိုရာ၊ တကယ်လည်း ကျေးဇူးတင်ပါတယ်။ဟောဒီအထဲက အစ်ကိုတို့ကိုကျွန်တော်လေးသောင်း ပေးလိုက်ပါ့မယ်။ အစ်ကို ဘလက်လေဘယ်ဝမ်းလီတာတစ်လုံးမှာဗျာ။ ကျန်တာ အမြည်းနဲ့ ထမင်းဖိုးအတွက်ကောင်းကောင်းလောက်ပါတယ်”
    “ကောင်းပြီလေ ကိုယ့်ညီ၊ ဒီညတော့ မောင်ရင့်ကျေးဇူးနဲ့ အစ်ကိုနဲ့ မင်းအစ်မ ဒင်နာကလေး လှတော့မှာ”။                       ။

7daynewsjournal.com