ဒေါ်ရှယ်လီနန်းဟွမ်လိတ်
ကျွန်မဒီဆောင်းပါးကို ရေးဖို့ကြံရွယ်နေတာ ကြာပါပြီ။ အလုပ်တစ်ပြီးတစ်ခု ပေါ်လာတာရယ် ယာယီခရီးတိုလေးတွေ ပေါ်လာတာရယ်ကြောင့် နေ့ရွှေ့ ညရွှေ့နဲ့ မရေးဖြစ်တာပါ။ ဒီနေ့မှ Voice ဂျာနယ်ထဲမှာ ဆရာဒေါက်တာအောင်ထွန်းသက်ဆောင်းပါးထဲက ကျွန်မရဲ့ ဆန္ဒနဲ့ထပ်တူဖြစ်တဲ့ တက္ကသိုလ်အဆောင်များ ပြန်ပေါ် ပေါက်လာရေးရယ်၊ နိုင်ငံခြား ပညာတော်သင်များများ လွှတ်ဖို့၊ ကျွမ်းကျင်သူများခေါ်လာပြီး ပညာတတ်ဖြစ်စေဖို့စသည်တို့ကို ဖတ်လိုက်ရပါတယ်။ ရာနှုန်းပြည့် လည်း ထောက်ခံပါတယ်။ ဒါပေမဲ့ ဖြည့်စွက်ချင်တာလေးလည်း ရှိတာနဲ့ ဒီဆောင်းပါးကိုရေးဖြစ်သွားပါတယ်။
စနစ်တစ်ခုနဲ့တစ်ခုအကူး အပြောင်းမှာ ပြင်ဆင်ကြတာတွေ ဆွေးနွေးကြတာတွေဟာ စိတ်ဝင်စားဖို့ ကောင်းသလို စိတ်လှုပ်ရှားဖို့လည်း အင်မတန်ကောင်းပါတယ်။ ဘာတွေများဖြစ်လာမလဲ၊ ဘယ်တွေက ဆောင်ရွက်နေကြသလဲစသဖြင့် မျှော်တလင့်လင့် အရသာလေးနဲ့ စောင့်မျှော်ရတာပေါ့။ အခုတလော ဆက်တိုက်ပေါ်ပေါက်နေတဲ့ ပညာရေးလောက အပြောင်းအလဲအတွက်လည်း ဒီလိုပဲ စိတ်ဝင်စားစရာပါပဲ။ ပုဂ္ဂလိက ကျောင်းဥပဒေတွေ ထွက် လာမယ်လို့ကြားလိုက်၊ ပါမောက္ခတွေ ပညာရှင်တွေ ဆွေးနွေးပွဲလုပ်လိုက်၊ စာစောင်တွေထဲမှာ ဒီလိုဆိုရင် ပိုကောင်းပါမယ်၊ ဒီ ဟာကိုတော့ မမေ့ပါနဲ့စသဖြင့် အကြံပြုချက် အမျိုးမျိုးကိုလည်းတွေ့ လိုက်ဖတ်လိုက်ရပါတယ်။
ဒီလိုဖတ်ရင်းနဲ့ပဲ ကျွန်မအတွေးတစ်ခု ပေါ်လာပါတယ်။ ကျွန်မတို့ရဲ့ အရိုးထဲစွဲနေတဲ့ အတွေးအခေါ်တစ်ခုက ဘာပဲလုပ်လုပ် အတွေ့အကြုံ အရင့်ဆုံး၊ အမြင့်ဆုံး ပညာရှင်တွေနဲ့ ပုံစံ ဟောင်းကို ပြုပြင်ဖြည့်စွက်လိုက်တာကို အကောင်းဆုံး အပြည့်စုံ ဆုံးလို့ မှတ်ယူခြင်းပါပဲ။ အဲဒီတော့ ပါဝင်ဆွေးနွေးလုပ်ဆောင်သူ အများစုဟာလည်း အသက်အရွယ် ၅၀ တန်းကနေ ၇၀-၈၀ တန်းအ ထိ ပါဝင်တာပေါ့။ သက်ကြီးပညာ ရှင်တွေဆိုတော့ အမှားအယွင်းနည်းပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဒီအုပ်စုပဲဆိုတော့ ဒီလိုပဲ ယူဆတာပေါ့လေ။ ဒါပေမဲ့ နိုင်ငံ ခြားသားတွေနဲ့ အလုပ်လုပ်ရင်းက နေ အမြင်သစ်တစ်ခုရလာပါတယ်။ ဒါကဘာလဲဆိုတော့ အမြဲ တမ်းသမားရိုးကျလမ်းကိုပဲ မလိုက်
ပါနဲ့။ ဒါဆိုရင် လမ်းသစ်တစ်ခု အတွေးအခေါ်သစ်တစ်ခု ဖောက်ထွက်လာဖို့ မရှိနိုင်ဘူးလို့ ယူဆကြတယ်။ သူတို့က အမြဲတမ်းဘာကို အားပေးလဲဆိုတော့ နုပျိုလန်း ဆန်းတဲ့ အတွေးသစ်၊ အမြင်သစ်ရယ်၊ Thinking outside the box ဆိုတာရယ်ကို အားပေးပါ တယ်။ ပုံစံခွက်ဟောင်းထဲက နေထွက်ပြီး အမြင်သစ်တစ်မျိုး၊ ဒေါင့် တစ်မျိုးကနေ စဉ်းစားပြီး လမ်းသစ်တွင် ပါလို့ဆိုလိုတာပေါ့။
ဥပမာအားဖြင့် nine dots puzzle ဆိုတာနဲ့ ရှင်းပြပါရစေ။ ဒီလိုအစက် ၉ စက်ကို မျဉ်းလေးကြောင်းနဲ့ အစက်အားလုံးကို ဖြတ်ပြီး ဆက်ကြည့်ပါလို့ဆိုရင် လေးဒေါင့်ဘောင်ထဲကနေ စဉ်းစားပြီးလုပ်ကြည့်တော့ ခက်သ ယောင်ယောင်ပါပဲ။ အဲဒီလေး ဒေါင့်ဘောင်ကနေ ဖယ်ခွာပြီး တစ်မျိုးစဉ်းစားဆက်လိုက်ရင် ဒီ အတိုင်းရပါမယ်။ ဒါက thinking outside th box ဆိုတဲ့ theory သဘောတရားပါပဲ။ နိုင်ငံတကာမှာ အရမ်းရေပန်းစားတဲ့ အတွေးအခေါ်ပေါ့။
ဒီလိုရှည်ရှည်ဝေးဝေး ဥပမာနဲ့ ပြနေရတာက သမားရိုးကျနည်း တွေသုံးပြီး ပြဿနာတစ်ခုကို အဖြေရှာတဲ့အခါ အဖြေကအလွယ်တကူနဲ့ တွေ့ချင်မှတွေ့တာလေ။
တွေ့ပြန်တော့လည်း စိတ်တိုင်းကျ ဖြစ်ချင်မှ ဖြစ်တတ်တာမို့ “သေတ္တာထဲက ထွက်ပြီးစဉ်းစားကြပါစို့” လို့ လှုံ့ဆော်ချင်တာပါ။ပညာရေးစနစ်သစ်ကို ဖော် ဆောင်တဲ့အခါမှာလည်း ဒီလိုအတွေးအခေါ်ပုံစံဟောင်းနဲ့ စဉ်းစား ရင် ထင်သလောက် ခရီးမပေါက်တတ်ဘူးလေ။ မြန်မြန်နဲ့ အမှန်ကန်ဆုံး၊ အကောင်းဆုံးလမ်းပေါ် ရောက်မှ ဖြစ်မယ်။ ဒီတစ်ခါ အမှားလည်း မခံနိုင်တော့ဘူးလေ။ အဲဒါကြောင့် စည်းကမ်းတစ်ခုညွှန်ပါရစေ။ သမားရိုးကျအုပ်စု သမားရိုးကျအတွေးမျိုး မဟုတ်လို့ ရုတ်တရက် လက်မခံနိုင်ရင်လည်း အချိန်ယူပြီး ဖြည်းဖြည်းစဉ်းစား ကြည့်ပါဦးလို့ တာဝန်ရှိသူများကို ပန်ကြားပါရစေ။
ခါတိုင်းလိုပညာရှိ ပါမောက္ခဟောင်းများ၊ ပါမောက္ခသစ်များ အလွှာသီးသီးမှ ပညာရှင်များကို တာဝန်ပေးပြီး စနစ်သစ်ပညာရေးအတွက် အကြံပေးလွှာများ သင်ရိုးညွှန်းတမ်းများ ပြန်လည် ရေးဆွဲခိုင်းခြင်းသည် အင်မတန်ကောင်းတဲ့အစဉ်အလာပါ။ တလေးတစား တန်ဖိုးထားပါတယ်။အဲဒါက သမားရိုးကျ သေတာလေးထဲက ဖြစ်ရိုးဖြစ်စဉ်ပေါ့။ ဒါကိုတော့ ပစ်ပယ်စရာ မကောင်းမပါဘူး။ သို့သော်လည်း အတွေးသစ် အကြံသစ်စိတ်ကူးစိတ်သန်း အသစ်လေးများရရင် ပိုကောင်း မယ်ထင်လို့။ အခုအကြံတစ်ခုချ ပြပါရစေ။
ခေတ်တွေ စနစ်တွေဟာ နာရီနဲ့အမျှ ပြောင်းလဲနေပါတယ်။ ကျွန်မတို့ မြန်မာပြည်အနေနဲ့ လည်း လမ်းမှန်လမ်းသစ်ပေါ် အချိန်မဆိုင်းရောက်စေချင်လှပါပြီ။ အဲဒီတော့ အဖက်ဖက်က အ ကြံပြုမှုတွေကို လက်ခံစဉ်းစားဖို့လည်း နှိုးဆော်လိုက်ချင်တာပါ။ ကျွန်မဒီဆောင်းပါး ခေါင်းစဉ်တပ်ထားသလိုပဲ “ဖွင့်ရန်အသင့်ရှိနေတဲ့ ရတနာသိုက်များ”ကို လမ်း ညွှန်လိုက်ချင်ပါတယ်။
ကမ္ဘာ့နိုင်ငံတကာမှာ Fulbright Scholars, Habert Humphrey Scholars တွေဆို တာ လူတကာတန်ဖိုးထားလေးစားရပါတယ်။ အထင်ကြီးရပါတယ်။ ဒီပညာရှင်တွေက ဘယ် သူတွေလဲဆိုတော့ နိုင်ငံအသီးသီးက အလားအလာရှိသော အတတ်ပညာရှင်၊ အသိပညာရှင်၊ အတွေ့အကြုံအချို့ရှိပြီးသား လူလတ်ပိုင်းများကို အထပ်ထပ်စိစစ်
ပြီး အမေရိကန်ပြည်ထောင်စု အစိုးရက Scholarship ဆုများပေးခေါ်ပြီး ပညာသင်စေပါတယ်။ ဒီအမေရိကန်ပြည်ထောင်စုမှာရှိ တဲ့ အကောင်းဆုံးထိပ်တန်းအကျ ဆုံး တက္ကသိုလ်တွေမှာ ဘာသာရပ်အသီးသီးကို မိမိသန်ရာ စိတ်ဝင်စားရာ တိုင်းပြည်အတွက် အသုံးကျမယ့် ဘာသာရပ်တွေကို ရွေးချယ်ပြီး သင်ကြားစေပါတယ်။ Fulbright Scholarship က ဘွဲ့ လွန်ပညာရေးစနစ်ဖြစ်လို့ မဟာ ဘွဲ့အသီးသီး ရခဲ့ကြပါတယ်။ Hubert Humphrey ကတော့ ဘွဲ့မရပေမယ့် အရည်အသွေးကတော့ Fulbright လိုပါပဲ။ ဘွဲ့မရ တာကလွဲလို့ ကျန်တာတွေက စံ ချိန်မီပါပဲ။ အဲဒီအုပ်စုတွေထဲက လူတွေဟာ ဘယ်နိုင်ငံကိုပဲသွား သွား သူတို့ရဲ့ Scholarship နာမည်ကိုသာ ထုတ်ပြောလိုက်ရင် တလေးတစား တန်ဖိုးထားပြီး သူတို့ကို နယ်ပ ယ်အသီးသီးမှာ လိုအပ်သလို သုံးနိုင်ကြပါတယ်။ ကျွန်မတို့ နိုင်ငံကနေပြီး ဒီ Program နှစ်ခုနဲ့စာသင်ပြီး ပြန်လာ တဲ့လူစုစုပေါင်းဟာ မရှိဘူးဆိုရင် ၁၀၀ ပတ်ဝန်းကျင်လောက်ရှိမှာပဲ။ ဒီလိုပဲ တခြား Program များနဲ့ ဘွဲ့ကြိုဘွဲ့လွန်သွားသင်ပြီး ပြန်ရောက်နေတာလည်းရာနဲ့ချီပြီးရှိ မှာပဲ။ ခြောက်လ၊ တစ်နှစ် Program တွေသွားခဲ့တာတွေ အမျိုး မျိုးရှိတယ်လေ။ ဒါက ကျွန်မသိတဲ့ အမေရိကန်ပြည်ထော်စုကိုသွားရောက်ပညာသင်ခဲ့တဲ့ လူတွေကိုပဲ ဆိုလိုတာပါ။ တခြား ထိပ်တန်းတက္ကသိုလ်များရှိတဲ့ ဗြိတိန်တို့ သြစတြေးလျတို့ကနေ အောင်လာတဲ့သူတွေအပါအ၀င်ဆိုရင် ပိုတောင်များပါမယ်။
ကျွန်မပြောချင်တာက ဒီလို လူငယ်လူရွယ်များကို စုစည်းပြီး workshop ပုံစံမျိုးလုပ်သင့်တယ်။ သူတို့တွေထဲက Curriculum နဲ့ ပတ်သက်တဲ့ဘာသာရပ်ကို အထူး ပြုခဲ့တဲ့လူတွေ Education Policy တွေကို အထူးပြုခဲ့တဲ့လူတွေဆိုရင် ပိုလို့တောင်ကောင်းဦးမယ်။ ကျွမ်းကျင်ရာဘာသာရပ်ကို စုစည်းပြီး Project လေးတွေချပြီး လုပ်ခိုင်း သင့်ပါတယ်။ ကာလတိုပဲ သွားခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ဆိုရင်လည်း သူတို့ဖြတ်သန်းလာ တဲ့ အတွေ့အကြုံအရ ဘယ်အချက်လေးက တို့နိုင်ငံမှာ မရှိလို့ ရှိအောင်လုပ်ပေးသင့်တယ်။ ဘယ်ဟာကတော့ သာမန်ပဲဆိုတာစု စည်းပြီး Paper လေးတွေတင် ခိုင်းရင်ကောင်းမယ်။ သူတို့လုပ်
တဲ့ paper တွေ Progect တွေကို သုံးသော်ရှိ မသုံးသော်ရှိ အမြင် အမျိုးမျိုးသိရမှာပါ။ အထူးသဖြင့် ကျွန်မကတော့ Fulbright တွေ Humphray program က လူ တွေဟာ ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်သစ် တည်ဆောက်ရာ မှာ သေချာပေါက် အကြံကောင်း ဉာဏ်ကောင်းများနဲ့ အုတ်တစ် ချပ်၊ သဲတစ်ပွင့်ဖြစ်မှာပါ။ သုံး ကြည့်ပါ။ ကျွန်မကတော့ ဒီရတနာတွေကို ဖွင့်တော့ ဖွင့်ကြည့်စေ ချင်တာပါပဲ။ လူ ၁၀၀ လောက်ရဲ့ အကြံသစ် ဉာဏ်သစ်တွေဟာ ထူးခြားမှာအသေအချာပါလို့ ပြောပါရစေ။
စနစ်သစ်တစ်ခုပေါ်ပေါက် လာပြီးရင် ကိုက်ညီတဲ့လိုအပ်တဲ့သင်တန်းတွေ ဖွင့်တဲ့အခါမှာလည်းကျွန်မသိတဲ့ အခြေအနေတွေကိုချပြချင်ပါသေးတယ်။ နောက် မကျသွားအောင်လို့ မကြာခင်မှာ ကျွန်မရေးပြပါဦးမယ်။ ။


