May 20, 2012

ဖရုံကာကျွန်းမှ ကျောက်ထုတ်ယူသုံးစွဲလာမှုကြောင့်သန္တာကျောက်တန်းများ ပျက်စီးလာ

စစ်တွေ၊ ဖေဖော်ဝါရီ-၈

စစ်တွေရေနက်ဆိပ်ကမ်းတည်ဆောက်မှုလုပ်ငန်းများနှင့် ဒေသတွင်း လမ်းတံတားအဆောက်အအုံစီမံကိန်းလုပ်ငန်းများအတွက်လိုအပ်သော ကျောက်များကို လေး
မြို့ချောင်းဒေသမှ မဟုတ်ဘဲ ဖရုံကာကျွန်းစုအတွင်းမှထုတ်ယူသုံးစွဲလာမှုများကြောင့် သန္တာကျောက်တန်းများ ယိုယွင်းပျက်စီးလာကြောင်း စစ်တွေမြို့ခံ သဘာဝ
ပတ်ဝန်းကျင် သန္တာကျောက်တန်းများအကြောင်း လေ့လာသူပညာရှင်တစ်ဦးကပြောသည်။

ဖရုံကာကျွန်းစုအတွင်း သဘာဝအတိုင်း ဖြစ်တည်နေသော သန္တာကျောက်တန်း အရေအတွက်၅၀ ကျော်ရှိပြီး အချို့သန္တာကျောက် တန်းများမှာကျောက်တပ်၊  
ကျောက်ဆောင်၊ ကျောက်တုံးများဖြင့် ဖွဲ့စည်းတည်ရှိနေကြောင်း သိရသည်။“မဆင်မခြင်အတားအဆီးမရှိ ကျောက်ထုတ်လုပ်ငန်းတွေ ကြောင့် ဖရုံကာကျွန်းစုမှာ သန္တာ
ကျောက်တန်း တော်တော်များများယိုယွင်းပျက်စီးမှုတွေကို ရခိုင်ကမ်းရိုးတန်းဒေသသက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အချိန်မီ ဟန့်တားနိုင်ဖို့လိုပါတယ်။ ဒီလိုမှ
မဟုတ်ရင် ဖရုံကာကျွန်းစုအတွင်းသန္တာကျောက်တန်းသဘာဝအရင်း အမြစ်များ ပျက်စီးမြဲပျက်စီးနေမှာပဲ” ဟု အဆိုပါ ပညာရှင်ကအကြံပြု တိုက်တွန်းပြောကြားသည်။
လေးမြို့ချောင်းဒေသမှ ကျောက်ထုတ်လုပ်ရရှိမှုနည်းပါးလာခြင်း၊ ထုတ်လုပ်ရရှိသော ကျောက်များကိုလည်း စစ်တွေအထိ သယ်ယူရာတွင် စရိတ်ကြီးမြင့်မှုကြောင့် ခရီးမိုင်တိုပြီး လွယ်လင့်တကူ ထုတ်လုပ်ရယူနိုင်သော သန္တာကျောက်တန်းများမှ ကူးပြောင်းထုတ်ယူလာကြခြင်းဖြစ်ကြောင်း သိရသည်။