ဒုက္ခသစ္စာဆိုတာ ဆင်းရဲခြင်း အမှန်တရားဖြစ်တယ်လို့ မြတ်ဗုဒ္ဓဟောကြားတော်မူတယ်။ အမှန်စင်စစ်ဆင်းရဲတယ် ဆိုတာကို မသိရင် ကံတရားကိုနှစ်သက် သဘောကျတတ်တယ်။ ဘာဖြစ်လို့ ကံတွေကို ဒီလောက်တောင်သ ဘောကျ နေတာလဲ၊ ကြိုက်ကြတာလဲလို့ ကောက်ချက်ချလိုက်ရင် ဒုက္ခသစ္စာကို မသိလို့ဆိုတဲ့ အဖြေထွက်လာပါတယ်။ ဒုက္ခသစ္စာကို မသိမမြင်တဲ့သူဟာ သံသရာကိုလည်းမကြောက်လန့်ဘူး။ သံသရာလည်ရမှာကိုလည်း မစိုးရိမ်ဘူး။ မျက်ကန်း တစေမကြောက် ဆိုတဲ့ မြန်မာစကားပုံလို မျက်စိကန်းနေသူဟာ မမြင်ရတော့ တစေကို မကြောက်မလန့်ဘူး။ ဒီသဘောပါပဲ။ ဒုက္ခသစ္စာကို မသိဘူးဆိုရင် သံသရာဆိုတာကိုမထိတ်လန့်ဘူး။ သံသရာလည်ချင်သလောက်လည်၊ သံသရာရှည်ချင်သလောက်ရှည်၊ သံသရာဒုက္ခဘယ်လောက်များများ သံသရာထဲမှာပဲ ပျော်တယ်။ သံသရာထဲမှာနေရတာကိုပဲ ကျေနပ်ကြတယ်။ လူပဲဖြစ်ရဖြစ်ရ၊ ဘာပဲဖြစ်ရ ဖြစ်ရ၊ လူဖြစ်နေရတာလည်း ကောင်းတာပဲ။ နတ်ဖြစ်ရတာ လည်းကောင်းတာပဲ။ လူ့ဘ၀မှာလည်းနေရတာ ပျော်တယ်။ နတ် ဘ၀မှာလည်းနေရတာပျော်တယ်။ လူ၊ နတ်ဘ၀တွေမှာနေချင်တယ် ဆိုပြီးဖြစ်နေတာဟာ အဖြေရှာကြည့်ရင် ဒုက္ခသစ္စာဆိုတဲ့ ဆင်းရဲခြင်းအမှန်တရားကို မသိလို့ပါ။ အဲဒီတော့ နိဗ္ဗာန်လိုချင်တဲ့သူဟာ ဒုက္ခသစ္စာကိုသိရပါမယ်။ ခန္ဓာရဲ့ ဒုက္ခ၊ ဘ၀ရဲ့ ဒုက္ခ၊ သံသရာရဲ့ ဒုက္ခတွေကို ရှင်းရှင်းလင်းလင်းသိ နေရပါမယ်။ လူပဲဖြစ်နေဖြစ်နေ၊ နတ်ပဲဖြစ်နေဖြစ်နေ၊ တိရစာန်ပဲ ဖြစ်နေဖြစ်နေ ဘယ်လိုဘ၀မှာပဲ ရောက်နေ၊ ဘ၀မှာနေရတဲ့ ဆင်းရဲအကျပ်အတည်းကို သဘောပေါက်နားလည်ဖို့ လိုအပ်တယ်။
ဘယ်ဘ၀မှာရှိနေနေ ဆင်းရဲခြင်း အမှန်တရားကို သိဖို့လိုတယ်


