လက်ရှိ လူဖြစ်လာတဲ့ဘ၀၊ နတ်ဖြစ်တဲ့ဘ၀တွေဟာ တော်ပါသေးတယ်လို့ဆိုရမယ်။ ဘ၀ငါးမျိုးရှိတဲ့အနက် လူ့ဘ၀၊ နတ်ဘ၀တွေဟာ ကောင်းရာသုဂတိတွေပါ။ တိရစာန်ဘ၀၊ ပြိတ္တာဘ၀၊ ငရဲဘ၀ဟာ ဒုဂတိဘ၀တွေဖြစ်တယ်။ လူတစ်ယောက်ဟာ ကောင်းတဲ့ဘ၀နေရာကိုရောက်သွားနိုင်သလို မကောင်းတဲ့ဘ၀နေရာကိုလည်းပဲ ရောက်သွား နိုင်ပါတယ်။ သေပြီးရင် နတ်ပြည်ပဲသွားချင်တယ်ဆိုပေမယ့် ကုသိုလ်ရှိမှသွားလို့ရတယ်။ တခြားဘယ်ဘ၀မှ မသွားချင်ဘူး၊ ဘာမှလည်း မဖြစ်ချင်ဘူး။ လူပဲပြန်ဖြစ်ချင်တယ်ဆိုလို့လည်း လက်တွေ့မှာမလွယ်ဘူး။ တရားမမြင်သေး မသိသေးတဲ့လူသားတစ်ယောက်ဟာ ဘ၀(ဂတိ)ငါးမျိုးမှာ လှည့်ပတ်ကျင်လည်နေရတယ်။ တရားသိမြင်ပြီးသူတွေအတွက် သေချာတာ တစ်ခုကတော့ ဒုဂတိဘ၀တွေကိုမရောက်နိုင်ဘူး။ ပုထုဇဉ်အဆင့်ကနေ တစ်ဆင့်မြင့်သွားတဲ့သူက သောတာပန်ပုဂ္ဂိုလ် ဖြစ်တယ်။ အရိယာထဲမှာ အနိမ့်ဆုံးအဆင့်ပေမယ့် ပုထုဇဉ်တွေထက် တစ်ဆင့်မြင့်တဲ့ဘ၀တစ်ခုဖြစ်တယ်။ သောတာပန်ပုဂ္ဂိုလ်ရဲ့ အားသာချက်က ဒုဂတိဘ၀က လွတ်မြောက်သွားခြင်းပဲ။ တရားအားထုတ်လိုက်လို့ သောတာပန်ဖြစ်သွားပြီ ဆိုရင် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘ၀တွေမရောက်တော့ဘူး။ တရားမကျင့်၊ တရားအားမထုတ်ဘဲ ပုထုဇဉ်ဘ၀နဲ့နေမယ်ဆိုရင် ငရဲလည်းကျနိုင်တယ်။ ပြိတ္တာလည်း ဖြစ်နိုင်တယ်။ တိရစာန်လည်းဖြစ်နိုင်တယ်။ ဒါကြောင့် အဲဒီ့ဘ၀တွေ မရောက်ချင်ရင် ပုထုဇဉ်ဘ၀က လွတ်အောင်ကြိုးစားရမယ်။ တရားကျင့်ရမယ်။ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ဖို့ တကယ့်အားကိုးရာဖြစ်တဲ့ တရားဓမ္မ၊ ကိုယ့်ရဲ့အားကိုးအားထားဖြစ်တဲ့ တရားဓမ္မကို မပျင်းမရိနဲ့ ကြိုးစားရှာရမှာဖြစ်တယ်။ ဘယ်လမ်းကနေဘယ်ဘ၀ ကိုသွားမယ်ဆိုတာ သင့်ဆုံးဖြစ်ချက်ပဲဖြစ်တယ်။


