ရေဖွေးဖွေးများ ဒလဟောစီးကျနေသာ လန်နခရေတံခွန်အနီးက ဆိုင်ခန်းငယ်တစ်ခုမှာ အဆာပြေစားပြီး ခရီး ဆက်ထွက်ခဲ့ရ၍ စိတ်များက ကြည်လင်နေကြသည်။
လမ်းဘေးဝဲယာမှ စိမ်းညို့ ညို့တောအုပ်ငယ်များနှင့် သဘာဝအလှဖြင့် လှပနေသေးသော ဆဒုံးမြို့
ငယ်လေးအကြောင်း စာဖွဲ့ပြောဆိုကြရင်း မြစ်ကြီးနားမြို့သို့ ဦးတည်ခရီးနှင်ခဲ့ကြသည်။
ကားပေါ်တွင် ငါးဦးပါသည်။ ရဲတိုက်၊ ဒါရိုက်တာရီဇော်၊ လိုက်ပါကူညီပေးသော KBC (ကချင်
ခရစ်ယာန်နှစ်ခြင်းအသင်းတော်)မှ ဆရာဘရန်မိုင်၊ ကားဆရာကို နော်ဆန်းနှင့်ကျွန်မ။ တရုတ်နယ်စပ်
ရောက်ရန်မိုင်အနည်းငယ်သာလိုတော့သော ရှင်ဂျိုင်စစ်ဘေးဒုက္ခသည် စခန်းတွင် သွားရောက်ကူညီကာ မြစ်ကြီးနားမြို့သို့ ပြန်လာခဲ့ကြသည်။
ထိုသို့ ခရီးနှင်လာရင်း ကုန်တင်ကားကြီး ခြောက်စီးခန့်နှင့် အိမ်စီးကားငယ်အချို့ရပ်တန့်
ထားသော ယာဉ်ရပ်နားစခန်းငယ် တစ်ခုအရောက်တွင် ဆန့်ကျင်ဘက်မှ မောင်းနှင်လာသည့် ဖိုးဝှီးကား
တစ်စီးက ဆက်မသွားရန် အော်ဟစ်တားသည်။ လမ်းဘေးတွင် ဟိုတစ်စုသည်တစ်စုရပ်ကာ စကားပြော
နေကြသည့် ခရီးသွားဖြစ်ဟန်တူသည့် အမျိုးသား၊ အမျိုးသမီးများ၏ မျက်နှာများကို အကဲခတ်ကြည့်
မိတော့ မသာမယာ။
ကားဆရာက ကားကို ရပ်တန့်ကာ စနည်းနာကြည့်တော့ “ရှေ့နားတစ်ကွေ့မှာ တိုက်ပွဲဖြစ်နေတယ်”ဟု အညာသားဖြစ်ဟန်တူသော ကုန်တင်ယာဉ်မောင်းတစ်ဦးက ဖြေသံကြားရသည်။ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည့် ကားဆရာတစ်ဦးက “လက်နက်ကြီးတွေနဲ့လည်း ဆော်နေကြတာ။ လက်နက်ကြီးနှစ် ချက်လောက်ဆင့်ပစ်သံကြားတော့ မဟန်ဘူးဆိုပြီး နောက်ပြန်လှည့် ချိန်တောင်မရဘူး။ ဘက်ဂီယာ ဆုတ်ပြေးလာရတယ်”ဟု အချင်းချင်းပြောသံကြားလိုက်ရသည်။ဆက်ပြီး မေးမြန်းကြည့်တော့ ဆက်
သွားရန် ဘယ်လိုမှ မဖြစ်တော့ဘဲ သည်နေရာမှာပဲ အိပ်ရတော့မည်မှာ သေချာသွားသည်။ အချိန်
က ညနေ ၆နာရီ။ထိုနေရာသည်ဘွန်တောင်ဟုခေါ်သောရွာအနီး တွင်ဖြစ်ပြီး မြစ်ကြီးနား-ကန်ပိုက်
တီးလမ်းပေါ်တွင် တည်ရှိသည်။
နောက်ထပ် တစ်နာရီခန့် ခရီးနှင် သည်နှင့် မြစ်ကြီးနားမြို့ကို ရောက်နိုင်သည်။ ၀ိုင်းမော်နှင့် ၂၅ မိုင်ဝေး သည်။တောင်စောင်း ကားလမ်းမ နံဘေးတွင် စိတ်ပျက်လက်မှိုင်ချသည့်ဟန်နှင့် ကုန်ကားမောင်းသူ များ စကားဝိုင်းဖွဲ့ကာညည်းညူနေကြသလို ဘင်ကားများဖြင့် ခရီးနှင်လာသော တိုင်းရင်းသူအချို့ နှင့် တရုတ်သွေးနှော အမျိုးသမီးအချို့မှာ ကလေးချီပိုးထားရင်းတီးတိုးရေရွတ်နေကြသည်။
“တိန်ချုန်း (တရုတ်နယ်စပ် မြို့)မှာ မအိပ်ချင်လို့ ထွက်လာပါ တယ်ဆိုမှ လမ်းမှာအိပ်ရပြီ။ စိတ် ညစ်ပါတယ်”ဟု ကချင်တိုင်းရင်း သူဖြစ်ဟန်တူသော အသက် ၃၀ ကျော်အရွယ် ကလေးအမေတစ်ဦး
က ညည်းတွားသည်။ ညနေ ၆ နာရီခွဲ ကျော်ပြီ ဖြစ်သဖြင့် မှောင်ရီပျိုးလာလေပြီ။ စိတ်ညစ်ညစ်နှင့် ကြုံရာနေရာတွင် ကိုယ့်အစုနှင့်ကိုယ် ၀ိုင်းဖွဲ့ထိုင်နေကြသည်။
ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များကိုကူညီရန် လာရင်း ကိုယ်တိုင် စစ်ဘေးရှောင် နေရပြီဟု အချင်းချင်း နောက် ပြောင်နေမိသည်။ အမှောင်ထုက တဖြည်းဖြည်း ကြီးစိုးလာတော့ အတွေ့အကြုံ ရှိဖူးဟန်တူသည့် အမျိုးသားကြီးတစ်ဦးက “အခန်းယူထားကြဟေ့။ အိပ်ရမှာ သေချာနေပြီ”ဟု ဆော်သြသည်။ သုံး ခန်းသာရှိသဖြင့် အတွေ့အကြုံရှိ သူများ လက်ဦးသွားကာ ကျွန်မတို့အဖွဲ့အတွက် အခန်းမရတော့ပါ။
ရန်ကုန်က လာသော ကျွန်မ အပါအ၀င် ရဲတိုက်ဖောင်ဒေးရှင်းအဖွဲ့ဝင်သုံးဦးနှင့် သည်လမ်းကြော
တွင်သည်လို အတွေ့အကြုံကို ပထမဆုံးကြုံဖူးသည်ဆိုသည့် ဆရာဘရန်မိုင်နှင့် ကားဆရာတို့
မှာ ဘာဆက်လုပ်ရမည်မှန်း မသိဖြစ်ကာ စိတ်ညစ်ညစ်နှင့် ဟိုလျှောက်လိုက် သည်လျှောက် လိုက်လုပ်နေခဲ့ကြသည်။
ခဏကြာတော့ညစာစားနိုင်ရန်နှင့် တစ်ညတာ အိပ်စက်ရန် နေရာရလိုရငြား အနီးရှိ တစ်ခုတည်းသော အဆောက်အအုံတွင်းသို့ ၀င်ကြည့်သည်။ ၀ါးကပ်များ မိုးကာထားကာ အုတ်အင်္ဂတေခံ ဆောက်ထားပြီး အတွင်းပိုင်းတွင် ထိုင်ခုံ ဟိုတစ်လုံးသည် တစ်လုံးချထား၍ မှန်ဗီရိုများအတွင်း ယမကာပုလင်းများနှင့် ခေါက်ဆွဲခြောက်များ၊ မုန့်များကို ချိတ်ဆွဲထားသည့် ထိုအဆောက်အအုံငယ်မှာ စားသောက်ဆိုင်ဟု အမည်တပ်မည် ဆိုလျှင်တော့တပ်လို့ရပေလိမ့် မည်။
ဆိုင်နောက်ဖေးခန်းသို့ ၀င်သွားလိုက်လျှင်တော့ ၀ါးပြောင်းရှည်နှင့် ခပ်ပုံ(ဘိန်းတစ်မျိုး)မှီဝဲ
နေကြသော တိုင်းရင်းသားအမျိုးသားကြီးများက မျက်နှာစိမ်းများမို့ အကဲခတ်သလိုကြည့်သည်။ မီးဖိုထဲ
တွင်တော့ မြစ်ကြီးနားတွင် တရုတ်စာကောလိပ် တက်ရောက်ကာသင်္ကြန်တွင်း အိမ်သို့ အလည်ပြန်
လာသော ဆယ်ကျော်သက် တရုတ်-ကချင် ကပြားမလေးက ဧည့်သည်များအတွက် ညစာပြင်ဆင်ရန် လက်မလည်အောင် အလုပ်ရှုပ်နေလေသည်။
မမျှော်လင့်ဘဲ သူမ ရရှိထားသော ဧည့်သည်များတွင် တရုတ်နိုင်ငံမှာ ကုန်များတင်လာသော ကုန်တင်ကားမောင်းသည့် အညာသား ကားဆရာကြီးများ၊ အဘွားအို တစ်ဦး၊ နို့စို့နှင့် မတ်တတ်ပြေး
ကလေးငယ်သုံးဦး၊ ခရီးသွား လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီးများအပါအ၀င် ၃၀နီးပါးရှိမည်။
စားသောက်ဆိုင်ကြီးရယ်လို့ သီးသန့်ကြီး ဖွင့်ထားသည် မဟုတ်သည့်အတွက် နောက်ဖေး မီးဖိုရှေ့နားတွင် စားပွဲနှစ်လုံးချကာ တစ်ဖွဲ့ပြီး တစ်ဖွဲ့ စားရသည်။ အမဲသား၊ ၀က်သားအာလူးချက်၊ ကြက်ဥမွှေကြော်၊ ခရမ်းချဉ်သီးကြက်သွန် အချဉ်၊ ကချင်ရိုးရာပိန်းဥဟင်းချိုတို့နှင့် ညစာတစ်နပ်ပြီးရသည်။
မြစ်ကြီးနားမြို့တွင် နေထိုင်ပြီး ယခုကဲ့သို့ မကြာခဏ ကြုံရဖူးသည်ဟုပြောသော အသက် ၃၀ ကျော် ကုန်သည်အမျိုးသားတစ် ဦးကို သေနတ်သံတွေကြားရမှာလား၊ တိုက်ပွဲက ဒီဘက်အထိ ရောက်
လာနိုင်လားလို့ စပ်စုကြည့်ရာ“ဘာမှ ကြောက်စရာမရှိပါဘူး။ မစိုးရိမ်ပါနဲ့။ စစ်ကြောင်းဆုတ်ရင်း တော့ ရောက်လာနိုင်တာပေါ့။ ပြည်သူတွေကို မပစ်ပါဘူး။ အဲ.. လက်နက်ကြီးတွေနဲ့ပစ်လို့ လာမှန် ရင်တော့ မတတ်နိုင်ဘူးပေါ့”ဟု သူ ပြန်ပြောသောအခါတွင်တော့မျက်ခုံးများ ပင့်တက်သွားသည်။
ညက မှောင်သထက် မှောင်လာသည်။ ည ၁၀ နာရီကျော် သည်အထိ စကားဝိုင်းဖွဲ့ ပြောနေ
ကြသဖြင့် လူသံတိတ်သည် မရှိသဖြင့် ကြောက်စိတ်၊ စိုးရိမ်စိတ်တော့ အနည်းငယ်လျော့သွားရ သည်။ ည ၁၁ကျော်တော့ နှိုးထားသောမီးစက်ကို ပိတ်လိုက်သောအခါ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွားသည်။ လူသံတွေလည်း တိတ်ဆိတ်ခြောက်ကပ်သွားသည်။ ပျဉ်နံရံသာခြားသော အခန်းများဆီက ဟောက်သံများ ပင် ထွက်လာသည်။
နယ်မြေစိမ်း၊ အတွေ့အကြုံ စိမ်း၊ ပတ်ဝန်းကျင်စိမ်းဖြစ်သောကြောင့် မျက်လုံးများ စုံမှိတ်ထား
သော်လည်း အိပ်၍ မပျော်။ လူခြေတိတ်သွားသောအခါ ကြောက်စိတ်ကြောင့်လားမသိ၊ နားထဲတွင် တဒက်ဒက်နှင့် စက်သေနတ်သံလိုလို။ သေချာ နားစိုက်ထောင်ကြည့်မှ အဆက်မပြတ်ထွက်နေ
သည့် ချောင်းရေ စီးသံလိုလို၊တောင်ကျရေသံလိုလိုကြားသည်။
တိုင်နံရံထက်က နာရီကို ဖုန်းမီးရောင်ဖြင့် ထိုးကြည့်မိတော့ ည ၁၂ နာရီ ၅ မိနစ်ရှိပြီ။ ထို့ကြောင့်
တစ်ဖက်တန်းလျားတွင် အိပ်မပျော်သေးသော ရဲတိုက်ကို "HappyBirthday" ဟု လှမ်းပြောလိုက်သည်။ သူက နာရီကို ဖယောင်းတိုင်မီးနှင့် ထိုးကြည့်ကာ “ဟာဆယ့်နှစ်ကျော်သွားပြီ။ မွေးနေ့ရောက်ပြီပဲ”ဟု ပြောကာ ဖယောင်းတိုင်မီးရောင်ကို အားပြုကာ သူ၏ဖုန်းဖြင့် သူ့ဘာသာသူမွေးနေ့ ဆုတောင်းလေသည်။
စုပေါင်းအိပ်ရသည့်နေရာမှာ နောက်ဖေးအဖီမှာ တစ်ဖက်ပွင့်ဖြစ်သဖြင့် လေကဒလဟော တိုက်ကာတောင်များ ပတ်ပတ်လည်ကာရံနေသည့် နေရာဖြစ်သဖြင့် အရိုးစိမ့်အောင်အေးနေသည်။ညအိပ်ရန် အစီအစဉ်မရှိသဖြင့် အနွေးထည်မည်မည်ရရ ဘယ်သူ့မှာမှ ပါမလာ။ ထို့ကြောင့် ညဥ့်သန်းခေါင်ကျော်တွင် မနေနိုင်တော့ သဖြင့် မီးပုံဖိုကာ အနွေးဓာတ်ရ အောင်လုပ်ကြရသည်။ မွေးနေ့ ရှင်ကတော့ မကြုံစဖူး မွေးနေ့နှင့် ကြုံရသဖြင့် စိတ်လှုပ်ရှား ပျော်ရွှင်နေဟန်ရှိသည်။ကြိုးစားအိပ်သော်လည်း အေးစိမ့်နေအောင် ချမ်းသဖြင့် ဘယ်လိုမှအိပ်မပျော်ပေ။ မနက်ပိုင်းကလှူခဲ့သမျှကို ပြန်စဉ်းစားနေမိသည်။
ဧပြီ ၁၀ရက်နေ့ မနက် ၁၀ နာရီ ၀န်းကျင်လောက်က မြစ်ကြီးနားမှ မိုင် ၆၀ ကျော်ဝေးသော ရှင်ဂျိုင် ကချင်စစ်ဘေးဒုက္ခသည် စခန်းသို့ အထောက်အပံ့ပစ္စည်း အနည်းငယ်သယ်ဆောင်ကာ နေ့ချင်းပြန် ခရီးထွက်လာခဲ့သည်။
ရှင်ဂျိုင်သည် မြစ်ကြီးနား မြို့မှ နှစ်နာရီကျော်သာသာ လောက် မောင်းလျှင် ရောက်နိုင်ပြီး ရှင်ဂျိုင်မှ တစ်နာရီလောက် ဆက်မောင်းနှင်သွားလျှင်တော့ တရုတ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့် တိန်ချုန်းသို့ရောက်လိမ့်မည်။ တစ်ဖက်တွင် တောင်လှေကားထစ် လက်ဖက်စိုက်ခင်းများနှင့် လမ်း
သာခြားကာ တောင်စောင်းတွင် ယာယီတဲငယ်များဖြင့် တည်ဆောက်ထားသော ဒုက္ခသည်စခန်းတွင် ရွာပေါင်း ၁၅ ရွာမှဒုက္ခသည်ပေါင်း ၁၂၁၅ ယောက်နေထိုင်သည်။
လူတစ်ထောင်ကျော်အတွက်အိမ်သာ ငါးလုံးသာရှိသည်။ ထို့ကြောင့် အခန်း ၂၀ ပါအဆောင်နှစ်
ဆောင်နှင့် အိမ်သာ ငါးလုံးကို ရန်ကုန်၊ မန္တလေးမှအလှူငွေများဖြင့် တည်ဆောက်ပေးရန်ဆုံးဖြတ်ခဲ့ ကြသည်။ စစ်ဘေးဒုက္ခသည်များ ကိုကူရင်း စစ်၏အတွေ့အကြုံကိုယခုတော့ကိုယ်တိုင်ကြုံရလေပြီ။ ဒါတောင် သူတို့လိုနဖူးတွေ့ ဒူးတွေ့ကြုံရသေးသည်မဟုတ်။နံနက်ပိုင်းကလာသည့် လမ်းခရီးတွင် မြန်မာ့တပ်မတော်မှ
ရဲဘော်အယောက်၂၀ ကျော်ခန့်လမ်းလျှောက်ခရီးနှင်နေသည်ကိုတော့ တွေ့ခဲ့ရသည်။ လမ်း ဘေး ၀ဲယာတစ်လျှောက် စိမ်းစိုသာယာသော တောအုပ်ငယ်များ၊ အနီရောင်တောင်ကုန်းများကြား
တွင် ဖောက်ထားသော တောင်ကြားလမ်းများကို ဖြတ်ရတိုင်း “လှလိုက်တာ”ကို အခွန်းပေါင်း မရေ
တွက်နိုင်အောင်ပြောဆိုခဲ့ကြသည်။
ညနေကျတော့ တိုက်ပွဲနှင့် တည့်တည့်တိုးသည်။ ကချင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မ တော်(ကေအိုင်အေ)တို့အကြား တိုက်ပွဲများဖြစ်နေသည်မှာ ၂၀၁၁ ဇွန် ၉ ရက်က တည်းကပင်။ ယခု ဆိုလျှင် ရက်ပေါင်း ၃၂၀ ကျော်လေပြီ။ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ဒုက္ခသည်ပေါင်းမှာလည်း ပြည်နယ်တစ်ခုလုံးတွင် ခုနစ်သောင်းကျော်ရှိခဲ့လေပြီ။ ဒုက္ခသည်များမှာ မြို့များတွင် နေထိုင်သူများက အတော်အသင့် အဆင်ပြေသူများရှိသလို မြို့နှင့်ဝေးကာ တောထဲ
တောင်ထဲတွင် ဖြစ်သလို နေထိုင်နေရသူများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ။ တိုက်ပွဲများ
ကလည်း ကြိုကြားကျိုးကြားဖြစ် နေဆဲ။
တိုက်ပွဲနှင့် နီးနီးကပ်ကပ် ရှိနေသည့် အတွေ့အကြုံမှာ ဘ၀တွင် အသစ် ဖြစ်နေသဖြင့် ရင်ခုန်
မိသလို ကြောက်စိတ်လည်း ၀င်မိသည်။ ဘယ်အချိန်များ ကိုယ့်အနား ရောက်လာမလဲဟု အတွေး
တွေလည်း ၀င်မိသည်။လင်းကြက်တွန်သံ ခပ်လှမ်းလှမ်းမှ ကြားသည့်အချိန်တွင်မှ မှေးခနဲအိပ်ပျော်သွားသည်။ နိုးလာတော့ လူများလှုပ်လှုပ်ရှားရှား ဖြစ်နေလေပြီ။ မျက်နှာသစ်သူသစ်၊ ကားရေပက်ဆေးနေ သူဆေးနှင့် အချို့ကတော့ အချင်းချင်း စနည်းနာကာ အခြေအနေကို စောင့်ကြည့်နေကြသည်။ နံနက် ၅နာရီခွဲသွား လေပြီ။
“ခင်ဗျားတို့ ကားကြီးတွေ အရင်သွား။ ကားကြီးတော့ ပစ်ရင်လည်း ခံနိုင်တယ်။ ကျွန်တော်တို့ ကားသေးတွေ နောက်ကလိုက်မယ်”ဟု အချင်းချင်း နောက်နေသံကြားရသည်။
နံနက်ခြောက်နာရီထိုးမှာတော့ တစ်ဖက်လမ်းမှ ကားများ တက်လာသဖြင့် သွား၍ရနိုင် ကောင်းပြီဟု မှန်းဆကာ တစ်စီးပြီး တစ်စီး ရှေ့ဆင့်နောက် ဆင့်စုထွက်ကြသည်။ နည်းနည်းလေး မောင်းလာပြီးတော့ ဘွန်တောင်ရွာဆိုသည့် ဆိုင်းဘုတ်ကို တွေ့ရသည်။
လမ်းတစ်လျှောက်တွင် စကားသိပ်မပြောဖြစ်ဘဲ လမ်းဘေးဝဲယာကိုသာ ကြည့်ရင်း ညက တိုက်ပွဲဖြစ်ခဲ့သည့်နေရာမှာ သည်နေရာဖြစ်နိုင်မလား၊ ဟိုနေရာဖြစ်နိုင်မလားဟု မှန်းဆရင်း
လိုက်ပါလာခဲ့သည်။ အချို့နေရာအရောက်တွင် အသွားကတည်းက တွေ့ခဲ့ရသည့် လေးထောင့် ကွက်မည်းမည်းနှင့် မီးသွေးဖြစ်နေသော အိမ်ငုတ်တိုင်တချို့တလေတို့ကို တွေ့ရသည်။
အနီရောင်တောင်ကြား လမ်းရောက်တော့ တောင်ထိပ်တွင်များ အစိမ်းရောင် ယူနီဖောင်းဝတ်များ တွေ့ရနိုးနှင့် လှမ်းကြည့် မိသေးသည်။ ရင်ကတော့ တထိတ်ထိတ်။
ဝိုင်းမော်မြို့ မရောက်ခင် ၀ါးရှောင်ရွာအရောက်တွင် ကားဆရာ ကိုနော်ဆန်းက“ဒီနေရာ ရောက်
ရင်တော့ စိတ်ချရပါပြီ”ဟု ပြောသည်။ အားလုံးက အခုတော့ ပြောလို့ရပြီပေါ့ဟု သူ့ကို ပြန်စကာရယ် မောလိုက်ကြသည်။ ဘွန်တောင်တွင် နေခဲ့ရ သည့် ၁၂နာရီကို ဘယ်တော့မှ မေ့လိမ့်မည်မထင်။
ကချင်ပြည်နယ် တစ်ခွင်လုံး အမြန်ဆုံး ငြိမ်းချမ်းပါစေ။ ။


