ခရစ္စမတ်မတိုင်မီရက်သတ္တပတ်အနည်းငယ်အလို တစ်မနက်တွင် အေသင်မြို့ရှိ မူကြိုကျောင်းတစ်ကျောင်းမှ ဆရာမတစ်ဦး ၎င်း၏ အသက်လေးနှစ်အရွယ် တပည့်လေးတစ်ဦးထံမှ စာတစ်စောင်တွေ့ရသည်။
“ကျွန်မ အန်နာကို ကြည့်ရှုစောင့်ရှောက်ဖို့ မတတ်နိုင်တော့လို့ ဒီနေ့သူ့ကို ပြန်လာမကြိုတော့ဘူး”ဟု စာတွင်ရေးသားထားပြီး “အန်နာကို ကောင်းကောင်းဂရုစိုက်လိုက်ပါ။ ၀မ်းနည်းပါတယ်”ဟု ဆိုကာအန်နာ၏ မိခင်ကလက်မှတ်ထိုးထားသည်။အေသင်မြို့ ဆင်းရဲသားများအတွက် လူငယ်ပြုစုစောင့်ရှောက် ရေးစင်တာဖွင့်လှစ်ထားသော အော်သိုဒေါ့စ်ခရစ်ယာန် လူငယ်ဘုန်းတော်ကြီး ဖာသာအန်တိုနီရော့စ်သည် လွန်ခဲ့သောနှစ်လအတွင်း ၎င်း၏ ကျောင်းပေါက်ဝတွင် လူငယ်လေးဦးကိုတွေ့ရှိခဲ့ပြီး ၎င်းတို့အထဲ၌ ရက်သားအရွယ် နို့စို့ကလေးလည်းပါဝင်သည်။
အခြားလူမှုရေးအဖွဲ့အစည်းတစ်ခုကိုလည်း ဆေးရုံတွင် အစာအာဟာရချို့တဲ့မှုဖြင့် ဆေးကုသမှုခံယူနေရသော အမြွှာကလေးနှစ်ဦးအကြောင်းစုံတွဲတစ်တွဲက အကြောင်းကြားခဲ့သည်။ မိခင်ကိုယ်တိုင်က အစာအာဟာရချို့တဲ့နေ၍ ၎င်းတို့ကလေးငယ်နှစ်ဦးကို မိခင်နို့မတိုက် ကျွေးနိုင်တော့၍ဖြစ်ကြောင်းပြောသည်။
မိသားစုသံယောဇဉ်များ ခိုင်မာအားကောင်းသော တိုင်းပြည်အား ဤသို့သောအဖြစ်အပျက်များက တုန်လှုပ်စေပါသည်။ ကိုယ့်ကလေး ကိုယ်ပြုစုစောင့်ရှောက်ရန် ပျက်ကွက်ခြင်းမှာ လူမှုရေးအရလည်း လက်ခံနိုင်စရာမရှိ ဖြစ်နေရာ ယင်းအဖြစ်အပျက်များမှာ တတိယကမ္ဘာနိုင်ငံများမှ ဇာတ်လမ်းများလိုဖြစ်နေပြီး သူတို့၏မြို့တော်အေသင်တွင် ဖြစ်ပျက်နေသည်ကို ဂရိနိုင်ငံသားများက မယုံနိုင်လောက်အောင်ဖြစ်နေသည်။
ဖာသာအန်တိုနီရော့စ် ပြုစုစောင့်ရှောက်ထားရသော ကလေးငယ်များတွင် သွက်လက်ချက်ချာသော ၂ နှစ်သမီး နာတာရှာလည်း ပါဝင်သည်။ သူမမှာအလုပ်လက်မဲ့ဖြစ်နေပြီး နေထိုင်စရာလည်းမရှိဘဲ အကူအညီလိုအပ်ကြောင်း နာတာရှာ၏ မိခင်ကပြောသည်။ သူမကို အားပေးကူညီရန် ၀န်ထမ်းများက ပြင်ဆင်နေစဉ်မှာပင် နာတာရှာ၏မိခင်မှာ ပျောက်ကွယ်သွားသည်။ နာတာရှာအား ချန်ထားရစ်ခဲ့ပါသည်။“ပြီးခဲ့တဲ့ တစ်နှစ်လုံးသူတို့ရဲ့ကလေးတွေကို ဒီမှာထားချင်တဲ့ မိဘတွေအများကြီးနဲ့ဆုံခဲ့ရတယ်။ ငါတို့အကြောင်းကို သူတို့သိပြီး ငါတို့ကိုလည်း ယုံကြည်စိတ်ချတဲ့သူတွေပါ”ဟု ဖာသာအန်တိုနီ ရော့စ်ကပြောပြသည်။
“သူတို့မှာ ပိုက်ဆံမရှိဘူး။ ကလေးတွေအတွက် နေစရာ၊ စားစရာလည်းမရှိဘူး။ အဲဒီ့အချိန်မှာ ကလေးတွေအတွက် လိုအပ်တာတွေကို ငါတို့က ထောက်ပံ့ပေးနိုင်မယ်လို့ သူတို့မျှော်လင့်ကြတယ်”ဟု ခရစ်ယာန်ဘုန်းတော်ကြီး အန်တိုနီရော့စ်က ဆက်ပြောပါသည်။ ဘဏ္ဍာရေးအကျပ်အတည်းမတိုင်မီကလည်း ဤသို့သောအဖြစ်အပျက်မျိုး မရှိမဟုတ်၊ ရှိပါသည်။ သို့သော် ကလေးများကိုသည်အတိုင်း စွန့်ပစ်သွားတာကိုတော့ ဘုန်းတော်ကြီးအန်တိုနီရော့စ်တစ်ယောက် မကြုံဖူးပေ။ဆင်းရဲလွန်း၍ ကလေးကိုစွန့်လွှတ်ခဲ့သူ အမျိုးသမီးတစ်ဦးမှာ မာရီယာဖြစ်ပါသည်။ ယောက်ျားလည်းမရှိဘဲ ကလေးကို တစ်ဦးတည်း ပြုစုစောင့်ရှောက်နေသူ မိခင်မာရီယာမှာ အလုပ်ပြုတ်နေသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်သည်။
“ညတိုင်းပဲ အိမ်မှာ ငါတစ်ယောက်တည်း ငိုနေရတယ်။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ။ နှလုံးသားထဲမှာ နာကျင်ပေမယ့်လည်း ငါ့မှာရွေးချယ် စရာမရှိဘူးလေ”ဟု မာရီယာကဆိုပါသည်။ မာရီယာတစ်ယောက် ရက်ပေါင်းနေ့ပေါင်းများစွာ အလုပ်ရှာခဲ့သည်။ အဲသည်လို အလုပ်ရှာရင်း ရှစ်နှစ်သမီးအရွယ် အန်နာတာစီယာကို နာရီပေါင်းများစွာ တစ်ယောက် တည်းပစ်ထားခဲ့ရသည်။ သူတို့သားအမိမှာ ဘုရားကျောင်းက စွန့်ကြဲသည့် အစားအသောက်များဖြင့် အသက်ရှင်ခဲ့သည်။ မာရီယာတစ်ယောက် ကိုယ်အလေး ချိန် ၂၅ ကီလို လျော့ကျသွားသည်။
နောက်ဆုံးတွင် သမီးငယ်အန်နာတက်စီယာကို SOS ကလေးများရွာဟုခေါ်သော လူမှုရေးအဖွဲ့တွင်ထားရန် မာရီယာဆုံးဖြတ်ခဲ့သည်။
“ကျွန်မက ဒုက္ခခံစားနိုင်တယ်လေ။ ဒါပေမဲ့ အန်နာက ဘာလို့ဒုက္ခခံရမှာလဲ”ဟု မာရီယာက မေးခွန်းထုတ်ပါသည်။ ယခုအခါ မာရီယာတစ်ယောက် ကော်ဖီဆိုင်တစ်ဆိုင်တွင် အလုပ်ရ နေပါပြီ။ သို့သော် တစ်ရက်လျှင် ယူရို ၂၀ သာရရှိသည်။ မာရီယာသည် သမီးငယ် အန်နာကို တစ်လ တစ်ခေါက်သွားတွေ့သည်။ သူမ စီးပွားရေးအခြေအနေ ပြန်ကောင်းလာလျှင်တော့ အန်နာကို ပြန်ခေါ်ထားမည်ဟု မာရီယာမျှော်လင့်ထားသည်။ သို့သော်လည်း စီးပွားရေးအခြေအနေဘယ်တော့ ပြန်ကောင်းလာမည်နည်းဆိုသည် ကို မာရီယာတစ်ယောက်မသိနိုင်ပါ။
SOS ကလေးများရွာ လူမှုရေးအဖွဲ့ ဒါရိုက်တာစတာဂျီရော့စ်ကလည်း ၎င်းတို့၏ လူမှုရေးအဖွဲ့အနေဖြင့် စီးပွားရေးအခြေအနေကြောင့် မိသားစုများထံမှ ကလေးများကို လက်ခံသောထုံးစံမရှိကြောင်းနှင့် ယင်းသို့လည်း လက်မခံလိုကြောင်းပြောသည်။ “မာရီယာနဲ့ သူ့သမီးအန်နာတာစီယာတို့ရဲ့ ဆက်ဆံရေးက အရမ်းကိုနွေးထွေးတယ်။ ဒီကလေးက သူ့အမေဆီက ဘာမှ ခွဲနေစရာအကြောင်းမရှိဘူးလို့တောင်ပြောနိုင်တယ်။ ဒါပေမဲ့ နောက်နေ့တွေမှာ အလုပ်ရှိပါဦးမလားလို့ မသေချာတဲ့အခြေအနေမှာ မာရီယာ အတွက်လည်း ကလေးကိုပြန်ခေါ်ထားဖို့ဆိုတာခက်ခဲပါတယ်”ဟု စတာဂျီရော့စ်ကပြောပြသည်။
ယခင်ကဆိုလျှင် “SOS ကလေးများရွာ” အဖွဲ့အနေဖြင့် ကလေးများအား ခေါ်ယူမွေးစားပြုစုစောင့်ရှောက်ရခြင်းအကြောင်းရင်းမှာ အများအားဖြင့် မိသားစုအတွင်း အရက်စွဲခြင်းနှင့် မူးယစ်ဆေးဝါးပြဿနာများကြောင့်ဖြစ်သည်။ သို့သော် ယခုအခါ ဆင်းရဲမွဲတေမှုမှာ အဓိကအ ကြောင်းရင်းဖြစ်လာသည်။ အခြားလူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်သော "Smile of a Child" အဖွဲ့ဆိုလျှင် ယခင်ကကလေးများအား ညှဉ်းပန်းနှိပ်စက်မှုနှင့် စွန့်ပစ်ခြင်းအကြောင်းများကြောင့်သာ ကလေးများကို လက်ခံခဲ့သော်လည်း ယခုအခါ အေသင်မှ လူမွဲဆင်းရဲသားများ၏ကလေးများကိုပါ လက်ခံပေးနေရသည်။
မိဘက ကလေးငယ်အား အခြားသူတစ်ဦး ပြုစုစောင့်ရှောက်ရန်ပေးအပ်လိုက်ပါက ကလေးငယ်မှာ ၎င်း၏ဘ၀ အခြေခံတစ်ခုလုံးမှ ကိုင်လှုပ်ခံလိုက်ရသလိုခံစားရကြောင်း "Smile of a Child" အဖွဲ့၏ စိတ်ပညာရှင် စတီဖာနော့ကပြောသည်။ “ဒီလိုမိဘဆီက ခွဲခြားခံရတာကို အကြမ်းဖက်ညှဉ်းပန်းနှိပ်စက်မှုတစ်ခုလို ကလေးတွေကခံစားရပြီး အကြောင်းရင်းတွေကိုလည်း သူတို့ နားမလည်နိုင်ဘူး”ဟု စိတ်ပညာရှင်ကဆက်ပြောသည်။
သို့သော် "Smile of a Child" အဖွဲ့မှ ဆိုဖီယာကူဟီ၏ အမြင်အရမူ အကြီးမားဆုံးကြေကွဲစရာမှာ ကလေးများအား အခြားသူများ၏ ပြုစုစောင့်ရှောက်မှုလိုအပ်သော မိဘများသည် ၎င်းတို့၏ကလေးများကို အချစ်ဆုံး မိဘများဖြစ်နိုင်ကြောင်းပြောသည်။ “ကလေးတွေကိုထားခဲ့ရချိန်မှာ သူတို့ နှလုံးသားထဲက နာကျင်မှုကိုမြင်တွေ့ရတာ ၀မ်းနည်းစရာ ကောင်းပါတယ်။ ဒါပေမဲ့ ဒါဟာကလေးတွေအတွက် အကောင်းဆုံးဆိုတာ သူတို့သိတယ်။ အနည်းဆုံး ဒီလိုကာလမျိုးမှာပေါ့”ဟု ဆိုဖီယာကဆိုသည်။
ဖာသာအန်တိုနီရော့စ်ကတော့ ယင်းကို သဘောမတူပေ။ မိဘများမည်မျှဆင်းရဲနေပါစေ၊ ကလေးများသည် မိသားစုနှင့် အမြဲတမ်းရှိနေတာ အကောင်းဆုံးဟု ဖာသာကယုံကြည်သည်။ “ကလေးတွေက စွန့်လွှတ်ခဲ့တဲ့အတွက် အဲဒီ့မိသားစုတွေကို (လူ့အဖွဲ့အစည်းက)အကဲဖြတ်လိမ့်မယ်”ဟု ဖာသာကပြောရင်း “ငါတို့တွေက ကလေးအတွက် နေစရာနဲ့ စားစရာပေးနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်ကလေးအတွက်မဆို အကြီးမားဆုံးလိုအပ်ချက်ဟာ မိဘရဲ့ ချစ်ခြင်းမေတ္တာပဲဖြစ်တယ်ဆိုတာကတော့ အမှန်တရားပါပဲ”ဟု ဖာသာက စကားကို အဆုံးသတ်လိုက်သည်။
—Ref: The Greek parents too poor to care for their children


