May 20, 2012

မိခင်နှင့် စိတ်ဆိုးကာ ကိုယ့်အိမ်ကိုယ် မီးရှို့မှုဖြစ်

နေပြည်တော်၊ ဇန်န၀ါရီ- ၂၀

မိခင်ဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး စိတ်ဆိုးကာ ကိုယ့်အိမ်ကိုယ် မီးနှင့်ပြန်ရှို့ခဲ့သောဖြစ်စဉ်တစ်ခု  နေပြည်တော် ပျဉ်းမနား၌ ယခုလ ၁၉ရက် ညဦးပိုင်းက ဖြစ်ပွားခဲ့ကြောင်းသိရသည်။

နေပြည်တော်ပျဉ်းမနားမြို့၊ နတ်သူရဲကျေးရွာအုပ်စု၊ နတ်သူရဲရွာတွင် ယခုလ ၁၉ရက်ည ၈း၄၅ မိနစ်အချိန်ခန့်ကမီးလောင်မှုတစ်ခုဖြစ်ပွားကြောင်း၊  သတင်းအရ တာဝန်ရှိသူ
များက သွားရောက်စစ်ဆေးရာ အဆိုပါ မီးလောင်မှုဖြစ်ပွားသော နေအိမ်တွင်နေထိုင်သူ ဇော်မင်းဦး (၃၀နှစ်)သည် ယင်း၏မိခင်ဖြစ်သူနှင့် ရန်ဖြစ်စကားများစိတ်ဆိုးပြီး နေအိမ် သက်ငယ်မိုးအား မီးခြစ်ဖြင့် မီးရှို့ရာမှ သုံးပင်ပတ်လည် နေအိမ်ခေါင်မိုးတစ်ဝက်နှင့် (၆)ပေခန့်ရှိ အဖီမိုးတစ်ဝက် လောင်ကျွမ်းသွားကြောင်းသိရသဖြင့် ရဲတပ်ဖွဲ့မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရသည်ဟုသိရသည်။

အဆိုပါအမှုကို  နေပြည်တော်ပျဉ်းမနားရဲတပ်ဖွဲ့မှ နေပြည်တော် ပျဉ်းမနားရဲတပ်ဖွဲ့စခန်း (ပ) ၆၅/၂၀၁၂ ဥပဒေပုဒ်မ ၄၃၆ (မီး ရှို့မှု)အရ အမှုဖွင့်ခဲ့ပြီး မီးရှို့သူ ဇော်မင်းဦးမှာ ထွက်ပြေးတိမ်းရှောင်သွားနေ၍   လိုက်လံဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။“စုစုပေါင်း မီးလောင်ကျွမ်းချိန်က ငါးမိနစ်ပဲရှိပါတယ်။ အားလုံးက ၀ိုင်းငြှိမ်းသတ်တာမြန်လို့ပါ။ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးက နှစ်သောင်းခွဲပဲရှိပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။