May 20, 2012

မိုဘိုင်းဆင်းမ်ကတ် ကျပ် ၅၀၀၀ ဖြင့် ရောင်းမည့်အစီအစဉ် လက်တွေ့ဖြစ်ပေါ်ရန် ရာခိုင်နှုန်းနည်းပါး

7Day News Journal
ရန်ကုန်၊ ဇန်န၀ါရီ- ၃

ယုဇနကိုကို၊ ၀တ်ရည်
မြန်မာငွေကျပ် ၅၀၀၀ တည်းနှင့် မိုဘိုင်းဖုန်းတစ်လုံးအသုံးပြုနိုင်မည့် စီမံကိန်းတစ်ခုကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက နိုင်ငံတော်သမ္မတရုံးသို့တင်ပြပြီး ခွင့်ပြု
ချက်တောင်းခံထားသည်။

အဆိုပါ ကုမ္ပဏီမှာ ရွှေပြည်တံခွန်ကုမ္ပဏီဖြစ်ပြီး အဆိုပါ စီမံကိန်းကို ၂၀၁၁ ခုနှစ်၊   ဒီဇင်ဘာလက    နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားခဲ့ခြင်းဖြစ်သည်။ သမ္မတ
ရုံးမှ ခွင့်ပြုချက်သည် ၂၀၁၂ မတ်လအတွင်း ကျလာနိုင်သည်ဟု အဆိုပါကုမ္ပဏီက မျှော်လင့်နေပြီး  ခွင့်ပြုချက်ကျသည့်အချိန်ကစ၍  သုံးလအတွင်း ထိုစီမံကိန်းအရအများ
ပြည်သူသို့ စတင်ရောင်းချပေးသွားမည်ဟု ယင်းကုမ္ပဏီ၏  မန်နေဂျင်းဒါရိုက်တာ  ဦးလွင်နိုင်ဦးက ပြောသည်။

သို့သော် ထိုအစီအစဉ်မှာ လက်တွေ့ဖြစ်ပေါ်လာရန် မလွယ်ကူနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးကလည်း အောက်ပါအတိုင်း မှတ်ချက်ပေးသည်။“အခုငါးထောင်တန် ဂျီအက်စ်
အမ်ဆင်းမ်ကတ်    ၀န်ဆောင်မှုဆိုတာမှာ သမ္မတရုံးကို တိုက်ရိုက်တင်ပြထားပေမယ့်   သက်ဆိုင်ရာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့နဲ့   ညှိနှိုင်းဆွေးနွေး
ပြီး   ခွင့်ပြုချက်ရယူထားခြင်းမျိုး မရှိတာကြောင့်အမှန်တကယ် ဖြစ်ပေါ်လာဖို့အတွက် ရာခိုင်နှုန်းနည်းပါးနေသေးတယ်လို့ ယူဆရပါတယ်”ဟု  မြန်မာ့ဆက်သွယ်
ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကသုံးသပ်ပြောကြားသည်။

ဂျီအက်စ်အမ်စနစ်ပေါ်တွင်အခြေခံထားသည်ဟုဆိုသော မြန်မာငွေကျပ်   ၅၀၀၀   ဖြင့်ဆင်းမ်ကတ်တစ်ကတ်ကို အသုံးပြုနိုင်မည့် ယင်းမိုဘိုင်းစနစ်တွင်အထွက်ခေါ်ဆိုခ တစ်မိနစ်လျှင် ၂၅ ကျပ်နှင့် နယ်ဝေးအထွက်ခေါ်ဆိုခ တစ်မိနစ်လျှင် ၃၀ ကျပ်သတ်မှတ်ထားသည်ဟုဆိုသည်။ အခြေခံလူတန်းစားများ၊ နိုင်ငံ့ဝန်ထမ်းများအတွက် ရည်ရွယ်ပြီး နိုင်ငံတကာနှုန်းထားများအတိုင်း ထုတ်လုပ်သွားမည်ဟုဦးလွင်နိုင်ဦးကဆိုသည်။

အထက်ပါအကြောင်းအရာကိုရွှေပြည်တံခွန်ကုမ္ပဏီက ၂၀၁၂ ဇန်န၀ါရီ ၃ ရက် နံနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီအထိ ပြုလုပ်သော ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲတွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

“အခုက စီမံကိန်းအစပိုင်း မို့လို့ကျွန်တော်တို့က ဆင်းမ်ကတ် တစ်ကတ်ရဲ့တန်ဖိုးကို ၅၀၀၀ သတ်မှတ်ထားတာပါ။ နောက်ပိုင်းဆိုရင် ဆင်းမ်ကတ်ကို အခမဲ့ပေးပြီး ဖုန်းခေါ်ဆိုခကိုပဲ ဒီအတိုင်း ယူသွားမှာပါ။ ရည်ရွယ်ချက်ကတော့နိုင်ငံတကာအတိုင်းတယ်လီ ဖုန်းကို အခြေခံလူတန်းစားကအစ အသုံးပြုနိုင်ဖို့ပါ။ ပြီးတော့ သမ္မတ ပြောထားသလို ဆင်းရဲမွဲနွမ်းပါးမှုလျှော့ချရေးအတွက် ဒီလိုတန်ဖိုး နည်းဖုန်းတွေကို အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း ထုတ်သွားမှာပါ”ဟု အထက်ပါ မန်နေဂျင်း ဒါရိုက်
တာကသတင်းစာရှင်းလင်းပွဲ အပြီးတွင် 7Day News ၏ ဆက် သွယ်မေးမြန်းမှုကို  ပြန်လည်ဖြေကြားသည်။

အဆိုပါတယ်လီဖုန်းဝန်ဆောင်မှုကို နိုင်ငံတော်သမ္မတရုံး မှ လုပ်ကိုင်ခွင့်ကိုချပေးလာမည်ဆိုပါက ငါးနှစ်စီမံကိန်းဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆုံး တစ်
နှစ်အတွင်း ဆင်းမ်ကတ်တစ်သန်း ကို 3G စနစ်ဖြင့် စတင်ရောင်းချပေးသွားရန် စီစဉ်ထားသည်ဟုသိရသည်။ ပထမဆုံးတစ်နှစ်အပြီးတွင်မှသို့  တိုးမြှင့်ဝန်ဆောင်မှုပေးသွားမည်ဟုလည်းသိရသည်။

နိုင်ငံတော်သမ္မတရုံးသို့ တိုက်ရိုက်တင်ပြထားသည်ဟုဆိုသော   အဆိုပါကုမ္ပဏီ၏ စီမံကိန်းသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်သွားမည့် Business Planမျိုးမဟုတ်ဘဲ    နောက်ပိုင်းတွင် အများပိုင်ကုမ္ပဏီအဖြစ်  ပြောင်းလဲပေးသွားရန်စီစဉ်ထားခြင်းမျိုးဖြစ်ကြောင်း  သိရသည်။ထိုစီမံကိန်းကို   နိုင်ငံတော်
သမ္မတရုံးမှ ခွင့်ပြုချက်ကျလာမည်ဆိုပါက နိုင်ငံတော်အစိုးရက ၄၀ရာခိုင်နှုန်း၊ ရွှေပြည်တံခွန်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနှင့် အများပြည်သူက ၃၀ ရာခိုင်နှုန်းဖြင့် ရှယ်ယာ
များဝယ်ယူထည့်ဝင်နိုင်ရန် ကြိုတင်စီစဉ်ထားပြီးဖြစ်ကြောင်းလည်း အထက်ပါသတင်းစာရှင်းလင်းပွဲမှ သိရသည်။

ရွှေပြည်တံခွန် ကုမ္ပဏီက ယင်းစီမံကိန်းကို အများပြည်သို့ စတင်ရောင်းချရန် မျှော်လင့်ထားသည့်အချိန်သည်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အခြားပုဂလိကကုမ္ပဏီ အချို့ ပူးပေါင်းဆောင်ရွက်ထား သည့်ကျပ်သုံးသိန်းဝန်းကျင်ဂျီအက်စ်အမ်ဖုန်းများစတင်ရောင် ချမည့်အချိန် ဖြစ်နေသည်။  ထိုတိုက်ဆိုင်မှုနှင့် ပတ်သက်ပြီး အထက်ပါပုဂ္ဂလိကကုမ္ပဏီ၏တာဝန်ရှိသူက   “အစိုးရရဲ့ ကျပ်သုံးသိန်းစီမံကိန်းနဲ့ ပတ်သက်လို့ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆို တော့ ကျွန်တော်တို့က အစိုးရ၀န်ထမ်းတွေ၊    အခြေခံလူတန်းစား တွေနဲ့နယ်စပ်ဒေသကလူတွေအတွက်အဓိကထားပြီး ရောင်းချပေးမှာဖြစ်လို့ပါပဲ။ ကျွန်တော်တို့ရဲ့ စီမံကိန်းကလည်းနိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်အတိုင်းဆောင်ရွက်ထားတာဖြစ်လို့ ခွင့်ပြုမိန့်ကမတ်လအတွင်း  ကျလာဖို့များပါတယ်”ဟုပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ကျပ်သုံးသိန်းတန် ဂျီအက်စ်အမ်ဖုန်းစီမံကိန်းသည်  ပုဂ္ဂလိက ကုမ္ပဏီများဖြစ်သော ထူးကုမ္ပဏီပိုင်    E-Lite, Asia Mega Link, Fortune, MDS ကုမ္ပဏီတို့အပါအ၀င် ပုဂ္ဂလိကကုမ္ပဏီ ၂၀ က အကျိုးတူပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်သည်။