အချိန်ကြာမြင့်စွာဖြစ်ပေါ်နေသည့် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းကျပ်တောက်မှုပြဿနာများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆက်သွယ်ရေးဝန် ဆောင်မှုအသစ်များကို တိုးချဲ့နေချိန်ကာလအတွင်း ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်ကို သုံးစွဲသူများက မျှော်လင့်နေကြောင်း ပြည်တွင်းဖုန်းအသုံးပြုသူများကပြောသည်။
ပြည်တွင်း၏ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းများသည် မကြာခဏလိုင်းကျပ်ခြင်းများ၊ လိုင်းဆွဲ အားမကောင်းမွန်ခြင်းများကို ကြုံ တွေ့နေကြရသဖြင့် အစိုးရက ဆက်သွယ်ရေးကဏ္ဍတွင် ယခင်ထက်ပိုမိုကောင်းမွန်သည့် စနစ်များသို့ ပြောင်းလဲဝန်ဆောင်မှုပေးနေချိန်တွင် အဆိုပါဂျီအက်စ်အမ်လိုင်းပြဿနာကိုပါ ဖြေရှင်းပေးနိုင်ရန် ဆန္ဒရှိနေကြခြင်းဖြစ်သည်ဟု သိရသည်။
“အခုဆို ဆက်သွယ်ရေးကဏ္ဍကို အစိုးရက တစ်ဆင့်ချင်းဖြေလျှော့ပေးနေတယ်။ ဒီအချိန်အတွင်းမှာ ကျွန်တော်တို့ ဆယ့်ငါးသိန်းဂျီအက်စ်အမ်ဖုန်းသမားတွေ အပါအ၀င်ဂျီအက်စ်အမ်ဖုန်းအားလုံးကြုံနေရတဲ့ လိုင်းမမိတဲ့ပြဿနာ၊ ဘေးချင်းကပ်ခေါ်နေတာ တောင် ဧရိယာပြင်ပဆိုတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးစေချင်ပါတယ်” ဟု အသက် ၃၅နှစ်အရွယ် ပုဂ္ဂလိကမိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုမှ အမျိုးသားဝန်ထမ်းတစ်ဦးက ၄င်း၏အမြင်ကိုသုံးသပ်ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ယခုကဲ့သို့ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများ၏ လိုင်းကျပ်ခြင်း၊ လိုင်းကျခြင်းပြသနာများတွင် တရားမ၀င် Repeater များကို တပ် ဆင်အသုံးပြုနေကြသူများရှိနေခြင်းကြောင့်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။“ဒီတရားမ၀င် ရီပိတာတွေ ကြောင့်ချည်း လိုင်းတွေကျပ်တာ မဟုတ်ပါဘူး။ တခြားအကြောင်း အရင်းတွေလည်းအများကြီးရှိပါသေးတယ်။ ဒီရီပိတာတွေကတော့ လိုင်းကျပ်ရခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပေါ့” ဟု အထက်ပါတာဝန်ရှိ သူကဆိုသည်။
ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့်လိုင်းကျပ်နေသည့် အဆိုပါ ဂျီအက်စ်အမ်ဖုန်းလိုင်းများသည် ယခုလက်ရှိတွင် ဆောင် ရွက်နေပြီဖြစ်သည့် တန်ဖိုးနည်း ဖုန်းအလုံးရေ လေးသန်းအတွက် (ပထမနှစ်စီမံကိန်း) တာဝါတိုင်တည်ဆောက်မှုများပြီးစီးပါက ကောင်းမွန်လာမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။“လိုင်းတွေမကျပ်အောင် နည်းပညာပိုင်းတွေကိုလည်း အဆင့်မြှင့်တာတွေလုပ်နေတယ်။ ပြီးတော့ ရီပိတာတွေကိုလည်း မသုံးဖို့လိုပါတယ်။ ရီပိတာသုံးတဲ့သူ တွေရှိနေလို့ ကျန်တဲ့သူတွေရဲ့ ဖုန်းတွေက လိုင်းကျပ်နေတာတွေ ဖြစ်လာရတာ”ဟု အထက်ပါလုပ်ငန်း၏ အခြားတာဝန်ရှိသူတစ်ဦးကလည်းဆိုသည်။
မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ယင်းကဲ့သို့ တရားမ၀င် GSM Repeater သုံးစွဲသူများကို သတိ ပေးသည့်အနေဖြင့် ဂျီအက်စ်အမ်ဖုန်းအသုံးပြုသူအများစုသို့ သတိ ပေးစာတိုများ ပေးပို့ခြင်းကိုလည်း ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်က ဆက်တိုက်ပြုလုပ်ခဲ့သည်။


