May 20, 2012

မိုးကောင်းမြို့နယ် နမ်တီးရွာကွင်းတွင် မဲဆွယ်စည်းရုံးခွင့်ပြန်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ-၂၁

ကချင်ပြည်နယ်သို့မဲဆွယ်စည်းရုံးရန်သွားရောက်မည့်ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်တွင် မိုးကောင်းမြို့နယ်အတွင်းရှိ နမ်တီးရွာ ကွင်းတစ်ကွင်းတွင်
မူလက လုံခြုံရေးအခြေအနေကြောင့်ဟုဆိုရာမှ စည်းရုံးဟောပြောခွင့် မရခဲ့ဘဲ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းကဟောပြောခွင့်ပြုကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကပြန်လည်အကြောင်းကြားလာကြောင်း NLD မှရွေးကောက်ပွဲအောင်နိုင်ရေးမန်နေဂျာ ဦးဥာဏ်ဝင်းကပြောသည်။

ကချင်ပြည်နယ်ခရီးစဉ်ကို ဖေဖော်ဝါရီ ၂၃နှင့်၂၄တို့တွင်သွားရောက်ရန်စီစဉ်ထားသည့်အတွက် နမ်တီးရွာအတွင်းမှ ကွင်းတစ်ကွင်းတွင် ဟောပြောစည်းရုံးခွင့်ကြိုတင် တင်ပြခဲ့ပြီး  နယ်မြေလုံခြုံမှုမရှိသောကြောင့် ခွင့်မပြုနိုင်ကြောင်း ပြန်လည်အကြောင်းကြားခဲ့သည်ဟုဦးဥာဏ်ဝင်းက ဖေဖော်ဝါရီ ၂၀ ရက်တွင် အဖွဲ့ချုပ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

“သတင်းစာရှင်းလင်းပွဲလုပ်ပြီး ညနေပိုင်းမှာ ခွင့်ပြုတဲ့အကြောင်း ပြည်နယ်ကော်မရှင်ကအကြောင်းကြားတယ်။ ကချင်ပြည်နယ်ခရီးစဉ်မှာအားလုံး အဆင်ပြေတယ်ပြောတယ်”ဟု ဦးဥာဏ်ဝင်းက ဖေဖော်ဝါရီ ၂၁ ရက်ညနေပိုင်းကပြောကြားသည်။