May 20, 2012

ရှင်သာမဏေနှင့် မိဘမဲ့ကလေးတစ်သောင်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန်၊ ဖေဖော်ဝါရီ-၁

ပရိယတ္တိစာသင်တိုက်များနှင့် ဘုန်းတော်ကြီး ပညာသင်ကြား ရေးကျောင်းများ အပါအ၀င် မိဘမဲ့ ပရဟိတဂေဟာများရှိ ရှင်သာမဏေများနှင့် မိဘမဲ့ကလေးတစ်သောင်းကျော်အား ရှင်သာမဏေကျန်းမာရေးဝန်ဆောင်မှုအထောက်အကူအဖွဲ့ မှ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သတင်းရရှိသည်။

ရှင်သာမဏေများ၊ မိဘမဲ့ကလေးများကိုသာ အဓိကကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ထိုအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းတိုက်များ၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရှင်မဏေနှင့်မိဘမဲ့ကလေး ၁၂၄၀၀ကျော်တို့အား စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ သူနာပြုများနှင့်လုပ်အားပေး လူငယ်များဖြင့် စောင့်ရှောက်မှုပေးခဲ့ခြင်းဖြစ်သည်။

“တစ်လကို တနင်္ဂနွေတစ်ပတ်ခြား နှစ်ကြိမ်သွားတယ်။ အခုဆိုရင် လူပုဂ္ဂိုလ်တွေတင်မကဘူး။ရဟန်းတွေကပါ လိုက်ပါပြုစုစောင့်ရှောက်ပေးနေတယ်” ဟု အဆိုပါအဖွဲ့မှ ဥက္ကဋ္ဌ ဦးမင်းလွင်မှပြောသည်။    ရှင်သာမဏေများနှင့် ကျောင်းသားများ ဖြစ်ပွားလေ့ရှိသည့် ဒက်နှင့်အရေပြားတွင် ဖြစ်ပွားတတ်သည့် ပွေး၊ ၀ဲ၊ ညှင်း၊ ယားနာများအတွက်  ကုသခြင်း၊ အသုံးအဆောက်ပစ္စည်းများအား   ဒက်တောဆေးရည်စိမ်ကာ  လျှော်ဖွတ် သန့်စင်ပေးခြင်း၊ ပညာရေးအထောက်အကူ ပစ္စည်းများ လှူဒါန်းခြင်း စသည့်တို့ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့မှသိရသည်။    ရှင်သာမဏေကျန်းမာရေးဝန်ဆောင်မှုအထောက်အကူပြုအဖွဲ့တွင် လုပ်အားဒါနနှင့် အလှူငွေများ ပါဝင်လှူဒါန်း လိုပါက အမှတ်-၁၂၇-အေ၊ ၃၉လမ်း၊ အောက်ဘလောက်၊ ကျောက်တံတားမြို့နယ်နှင့်ဖုန်း ၀၁-၂၄၉၃၂၃  တို့အားဆက်သွယ်နိုင်ကြောင်း သိရသည်။