“ကျန်းကျန်းမာမာ xxx ချမ်းချမ်းသာသာ xxx ဘေးရန် ကာဆီးပြီ xxx လူမွဲတွေက မနှေးခေတ်မီ xxx သူဌေးဖြစ်တော့မည်”
ဒီစာသားတွေပါတဲ့ နဂါးနီသီချင်းကို မြန်မာတိုင်းမှတ်မိကြပါလိမ့်မယ်။ အမှန်တော့ နဂါးနီသီချင်းဟာ နိုင်ငံရေးနိုးကြထကြွမှုမှာ အလွန်အရေးပါခဲ့တာဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ အတွက် အားပေးအားမြှောက်ပြုခဲ့တဲ့ သမိုင်းဝင်သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဆရာက ဒီသီချင်းကို သိပ်ကြိုက်တယ်။ ဆရာငယ်ဘ၀နဲ့ စီးပွားရေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ရင်း အနုပညာအသင်းမှာ ပါဝင်လှုပ်ရှားတဲ့အခါ ဒီသီချင်းကို ကျောင်းသူ၊ ကျောင်းသားတွေကို ဆိုစေခဲ့တယ်။ အမှတ်
ရတာတစ်ခုကတော့ ညဘက် အဆောင်မှာ စာသွားပြရင်း လက်ဖက်ရည်ကို လက်တွန်းလှည်းကလေးနဲ့ ရောင်းနေတဲ့အချိန်မှာ လက်ဖက်ရည် ရောင်းတဲ့သူက နဂါးနီသီချင်းကို ဖွင့်ပြီး “လူမွဲတွေက xx မနှေးခေတ်မီ xxx သူဌေးဖြစ်တော့မည်”ဆိုတာကို ကြော်ငြာခဲ့တာ သတိရနေမိပါတယ်။
ဆရာ သိသလောက်ပြောရရင် ဒီသီချင်းဟာ နဂါးနီစာဖတ် အသင်းကြီးကို အမှူးပြုပြီး သီဆိုရေးစပ်ထားတာလို့သိခဲ့ရတယ်။ နိုင်ငံရေးအသိတွေ မြန်မာလူငယ်တွေရဲ့ ရင်ထဲရောက်အောင် ဆရာ ကြီး J.S Furnivall က စာဖတ်အသင်းကို တည်ထောင်ခဲ့ပြီးဒီခေတ်က ဗြိတိန်အစိုးရကိုပုန်ကန်နေတဲ့ အိုင်ယာလန်နိုင်ငံက Sinn Fein နိုင်ငံရေးပါတီရဲ့ စာရွက်စာတမ်းတွေကို စတင်ပြီးဖြန့်ဖြူးခဲ့တယ်လို့သိရပါတယ်။ ဒီလိုဆောင်ရွက်တာဟာ အခုခေတ်အသုံး အနှုန်းနဲ့ဆိုရင် Globalization of Politics ဖြစ်ပါတယ်။ နိုင်ငံရေး အတွေးအခေါ်အယူအဆတွေက တစ်နိုင်ငံတည်းအတွက်သာမဟုတ်ဘဲနိုင်ငံတကာအတွက် ပတ်သက် အကျုံးဝင်နေတာ တွေ့ရပါတယ်။
နဂါးနီသီချင်းထဲမှာပါတဲ့ စောစောက အပိုဒ်ကလေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀ လောက်ကရေးစပ်ခဲ့ပေမယ့် အခုခေတ် ၂၁ ရာစုနှစ်အတွက် နိုင်ငံရေးဘောဂ ဗေဒအတွေးအခေါ်နဲ့ တိုက်ရိုက် ဆက်စပ်နေတာကိုအံ့သြစရာတွေ့ မြင်ရပါတယ်။ ဒါကတော့ နိုင်ငံ တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်တဲ့အယူအဆပဲဖြစ်ပါတယ်။ ဒီအယူအဆ၊ ဒီအတွေးအခေါ်ကိုယခုလို ပြုပြင်ပြောင်းလဲမှုကာလမှာ ပိုပြီးအရေးကြီးပြီး အရေးပါလှတာကို သုံးသပ်ရပါတယ်။ နိုင်ငံတော်အစိုးရသစ်အနေနဲ့ တိုးတက်ဖွံ့ဖြိုးမှုရည်မှန်းချက် အဖြစ်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ကျေးလက်ဒေသဖွံ့ဖြိုးမှုကို သတ်မှတ်ထားတာမို့ ပိုပြီးအရေးပါလှပါတယ်။
ဖွံ့ဖြိုးမှုစီးပွားရေးပညာရပ် (Development Economics)ရဲ့ အခြေခံလေ့လာသုံးသပ်မှုဟာ နိုင်ငံတွေ ဘာကြောင့် တိုးတက်ဖွံ့ဖြိုး ကြသလဲ၊ တိုးတက်ဖွံ့ဖြိုးအောင် ဘယ်ပုံဘယ်နည်း ဆောင်ရွက်ရ မလဲဆိုတဲ့ အခြေခံမေးခွန်းတွေကို မေးမြန်းလျက်ရှိပါတယ်။ နိုင်ငံတ ကာအတွေ့အကြုံတွေကို ခြုံငုံသုံးသပ်ပြီး ဘယ်နိုင်ငံက တိုးတက် တယ်၊ ဘယ်နိုင်ငံက မတိုးတက်ဘူး။ တိုးတက်ဖွံ့ဖြိုးမှုကို အားပေး အားမြှောက်တဲ့ အခြေခံတွေက ဘာတွေလဲဆိုတာတွေကို သုံးသပ်လေ့လာနေတာဖြစ်တယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်ပြီးချိန်ကစပြီး ဆင်းရဲတဲ့နိုင်ငံတွေအနက် ဘယ်နိုင်ငံ တွေကတော့ ဘွဲ့ရ(Graduate)သွားတဲ့နိုင်ငံတွေ တစ်နည်းပြောရရင် ဆင်းရဲတွင်းကလွတ်မြောက် သွားတဲ့နိုင်ငံတွေကို လေ့လာသုံးသပ်ဆန်းစစ်လျက်ရှိပါတယ်။
တိုင်းပြည်တစ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ယေဘုယျအားဖြင့် တိုင်းပြည်ဝင်ငွေနဲ့ တိုင်းတာလေ့ ရှိပါတယ်။ အတိအကျပြောရရင် Gross National Income စုစုပေါင်း
အမျိုးသားဝင်ငွေဖြစ်ပါတယ်။ လူအများကြားဖူးတဲ့ပေတံကတော့ GDP လို့ခေါ်တဲ့ Gross Domestic Product စုစုပေါင်းပြည်တွင်း ကုန်ထုတ်လုပ်မှုပမာဏပဲဖြစ်ပါ
တယ်။ တချို့ကလည်း Per Capitor Income လူတစ်ဦးချင်းဝင် ငွေပေတံကိုသုံးစွဲကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပေတံတွေအားလုံးဟာ ၀င်ငွေပေတံတွေသာဖြစ်ပါ တယ်။ ၀င်ငွေပေတံတွေကိုသုံးစွဲ ပြီး တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာခြင်းဖြစ်ပါတယ်။ ရိုးရိုးလေးပြောရရင် ၀င်ငွေမြင့်တဲ့၊ များတဲ့နိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးတဲ့နိုင် ငံလို့သတ်မှတ်ပါတယ်။ အခုလို သတ်မှတ်တာဟာ Uni-Dimensional ရှုထောင့်တစ်ခုတည်းက သာ ကြည့်ခြင်းဖြစ်ပါတယ်။ ဒီဝင်ငွေပေတံ သုံးရတာဟာလည်း လွယ်ကူသလို လူတိုင်း နားလည် တဲ့အယူအဆဖြစ်ပါတယ်။ ဒီအတွေးကြောင့် နိုင်ငံတိုးတက်ဖို့ ၀င် ငွေတိုးတက်အောင်လုပ်ကြတယ်။ တိုးတက်ဖွံ့ဖြိုးမှုကို စီးပွားရေးရှု ထောင့်တစ်မျိုးတည်းက သုံးသပ် ခြင်းဖြစ်တယ်။ GDP အပေါ် အာရုံပြုမှုများလွန်းတာကြောင့် GDP Fatish GDPအစွဲအလမ်းလို့သတ် မှတ်လာကြတယ်။
တိုင်းပြည်တစ်ပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို စီးပွားရေးပေတံ တစ်ခုတည်းနဲ့ တိုင်းထွာတာမက မပြည့်စုံမလုံလောက်ကြောင်းကို ၁၉၈၀ ခုနှစ်လောက်ကတည်းက စီးပွားရေးပညာရှင်တွေက ရေး သားဖော်ထုတ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆရာကိုယ်တိုင်လွန်ခဲ့တဲ့ ၁၉၈၅ ခုနှစ်လောက်က Physical Quality of Life Index(PQLI) လူ့ဘ၀အရည်အသွေးညွှန်းကိန်းကိုသုံးပြီး မြန်မာနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုအနေအထားကိုတိုင်းခဲ့ပါတယ်။ ဒီတုန်းက မြန်မာနိုင်ငံရဲ့ ၀င်ငွေဟာ အလွန်နိမ့်ကျနေတာတွေ့ရပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာ ရေးအခြေအနေတွေကိုထည့်ပြီး စဉ်းစားသုံးသပ်တဲ့အခါ မြန်မာနိုင်
ငံရဲ့အခြေအနေဟာ မဆိုးကြောင်းတွေ့ရပါတယ်။ ၀င်ငွေနည်းပေ မယ့် ပညာရေးအဆင့်က အဆင့် အတန်းရှိနေသလို ကျန်းမာရေး အဆင့်ဟာလည်း မဆိုးတာကို တွေ့မြင်ရပါတယ်။ ဆရာ့ရဲ့ တွေ့ရှိချက်ကို ဒီခေတ်က ခေတ်စားတဲ့ သုတေသနစာတမ်းဖတ်ပွဲမှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်ကတော့ ဖွံ့ဖြိုးမှုစီးပွားရေး ပညာရပ်အတွက် အထူးခြားဆုံး သမိုင်းမှတ်တိုင်ဖြစ်ပါတယ်။ ဒီနှစ်မှာ UNDP အဖွဲ့အစည်းက ပထမဆုံးအကြိမ်အနေနဲ့ Human Development Report (လူသား ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ)ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ဒီအစီရင်ခံစာကို အတိုကောက်အနေနဲ့ HDRလို့ ခေါ်ဝေါ်ပါတယ်။ ဆရာ့အနေနဲ့ စာဖတ်ပရိသတ်တွေကို ဒီ HDR ဝေါဟာရကို စွဲစွဲမြဲမြဲလက်ခံလိုတဲ့ဆန္ဒရှိပါတယ်။ HDR အစီရင်ခံစာမှာအခြေခံအစိတ်အပိုင်းနှစ်ခုပါဝင်ပါတယ်။ တစ်ပိုင်းကတော့ ဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီး အရေးပါတဲ့ခေါင်း စဉ်တစ်ခုကိုရွေးချယ်ဖော်ထုတ်ပြီး မီးမောင်းထိုးပြပါတယ်။ ဒုတိယ အပိုင်းမှာတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံအားလုံးကို လူသားဖွံ့ ဖြိုးမှုအဆင့်အတန်းကို အခြေခံပြီး တန်းစီပေးခြင်းဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ အသုံးပြုတဲ့ ညွှန်ကိန်းကတော့ ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ဝင်စားသူတိုင်း သိသင့်တဲ့ သိရမယ့် Human Development Index(HDI) လူသားဖွံ့ဖြိုးမှုညွှန်ကိန်းပဲဖြစ်ပါတယ်။ HDI ဟာ အလွန်ထက်မြက်လှတဲ့ ပေတံဖြစ်ပါတယ်။ အမှန်တော့ HDR ရဲ့အခြေခံအသက်ဟာ HDI သာဖြစ်ပါတယ်။
ဒီ Human Development အယူအဆကို စပြီးတီထွင်ခဲ့သူကတော့ ကွယ်လွန်သွားတဲ့ ပါကစ္စတန်နိုင်ငံက ပါမောက္ခ၊ မာဘူး မာ့ခ်ဖြစ်ပါတယ်။ ဒီဆရာကြီးဟာ စီးပွားရေးပညာရှင် ဗြိတိန်နိုင်ငံကန်းဘရစ်ခ်ျ တက္ကသိုလ်က ပါရဂူ ဘွဲ့ရခဲ့သူ။ ဆရာကြီးတင်မက စီးပွားရေးနိုဗယ်ဆုရှင် ပါမောက္ခ၊ အမာတရာဆင်လည်း ပါဝင်ခဲ့ပါ
တယ်။ သူတို့နှစ်ဦး စတင်တီထွင်ခဲ့တဲ့အတွေးအခေါ်ဟာ စီးပွားရေးတစ်ရပ်လုံးကိုတွန်းလှန်ပြောင်းလဲခဲ့ပါတယ်။ ဖွံ့ဖြိုးမှုကို စီးပွားရေး ရှုထောင့်က မကြည့်ဘဲ လူသား
တွေရဲ့ ရှုထောင့်က ကြည့်ရှုသုံးသပ်လေ့လာခဲ့ပါတယ်။ ဖွံ့ဖြိုးမှုဟာရွေးချယ်မှု (Choice) ဖြစ်ကြောင်းဆိုမိန့်ခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေ
မှာ ရွေးချယ်မှုများကြောင်း၊ ရွေးချယ်မှုနည်းကြောင်း ဖော်ထုတ်ခဲ့ပါတယ်။
ဒီ Human Development အယူအဆဟာ ကုလသမဂအဖွဲ့ အစည်းကြီးကို တည်ထောင်ခဲ့စဉ် ကတည်းက ဖော်ထုတ်ခဲ့ပါတယ်။ ဒီဖော်ထုတ်မှုတွေကို Freedom (လွတ်လပ်မှုများ)လို့ သတ်မှတ်ခဲ့ပါတယ်။ လွတ်လပ်ခြင်းသုံးမျိုးကတော့ ပထမအနေနဲ့ Freedom from want (လိုအပ်ချက်လွတ်လပ်ခြင်း)လို့ပြောလို့ရပါတယ်။ လူ တစ်ယောက်မှာလိုအပ်ချက်ရှိနေ သရွေ့ လွတ်လွတ်မှုရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအစီအစဉ်ကို ချမှတ် တဲ့အခါ အခြေခံဖြစ်တဲ့ လိုအပ်မှုကိုဖြည့်ဆည်းနေတယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။ ဒုတိယ လွတ်လပ်ခြင်းက Freedom from fear (အကြောက်တရားမှ လွတ်လပ်ခြင်း)၊ ဒီလွတ်လပ်ခြင်း ဟာလည်း အခြေခံဖြစ်ပါတယ်။ ဆရာတို့နိုင်ငံမှာ တစ်ချိန်တုန်းက National Security ဆိုတဲ့ အတွေးအခေါ်ကို တွင်တွင်သုံးစွဲခဲ့ပါတယ်။ အရာရာကို အမျိုးသား လုံခြုံရေးရှုထောင့်ကနေ ကြည့်ခဲ့ ပါတယ်။ National Securityဟာ အရေးကြီးသလို တစ်ဖက်ကလည်း Human Security (လူသားလုံခြုံမှု)ဟာလည်း အလားတူ အရေးကြီးပါတယ်။ လွတ်လပ်စွာ အိပ်ရာဝင်နိုင်သလို လွတ်လွတ်လပ်လပ်အိပ်ရာက နိုးထနိုင်စွမ်း ရှိဖို့အရေးကြီးလှပါတယ်။
နိုင်ငံတော်အစိုးရသစ်က ဖွဲ့စည်းလိုက်တဲ့ Freedom from fear (အကြောက်တရားမှလွတ်လပ်ခြင်း)မှာ Freedom of expression (လွတ်လပ်စွာထုတ်
ဖော်ပြောဆိုခွင့်ရှိခြင်း)ဟာ အရေးကြီးလှပါတယ်။ တတိယလွတ်လပ်ခြင်းကတော့ Freedom to live in Human Dignity (သိက္ခာရှိရှိနေထိုင် လှုပ်ရှားအသက်ရှင်နိုင်
ခြင်း)ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အရေးကြီးဆုံးက Human Rights (လူ့အခွင့်အရေး)ဖြစ်ပါတယ်။ ဆရာဝမ်းသာရတဲ့ ပြောင်းလဲမှုတစ်ရပ်ကတော့ နိုင်ငံတော်
အစိုးရသစ်ဖွဲ့စည်းလိုက်တဲ့ မြန်မာလူ့အခွင့်အရေးကော်မရှင်ဖြစ် ပါတယ်။ ဒီကော်မရှင်ဟာ နိုင်ငံ တော်အစိုးရရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတာမဟုတ်ဘဲ ပြည်သူ ပြည်သားတွေရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက် ပေးမယ့်အဖွဲ့ ဖြစ်တယ်လို့ဆိုပါတယ်။ အသေအချာ စဉ်းစားလိုက်ရင် ဒီလွတ်လပ်ခြင်းသုံးမျိုးနဲ့ ပြည့်
စုံတဲ့ နိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးမှုမရှိတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလွတ်လပ်မှုသုံးရပ်ကို စုပေါင်းပြီး ၁၉၄၅ ခုနှစ်တုန်းက ကမ္ဘာ့ကုလသမဂ္ဂ
အဖွဲ့အစည်းတည်ထောင်စဉ် In Larger Free-dom (ကြီးမားထူးကဲတဲ့လွတ်လပ်မှု) ကို သတ်မှတ်ဖော်ထုတ်ခဲ့ပါတယ်။
Human Development လူသားဖွံ့ဖြိုးမှုအတွေးအခေါ်ဟာ ယခုအချိန်မှာ ပိုပြီးအရေးကြီးလှပါတယ်။ နိုင်ငံတော်မှာ နိုင် ငံရေး၊ စီးပွားရေး၊ လူမှုရေးအခင်း အကျင်းအသစ်တွေကို ဖော်ထုတ်နေချိန်မှာ တာဝန်ရှိသူများအနေနဲ့ လူသားဖွံ့ဖြိုးမှုအတွေးအခေါ်ရှိဖို့သိဖို့ လက်ခံဖို့ လိုအပ်လှပါတယ်။ တာဝန်ရှိသူတွေသာမကပြည်သူ ပြည်သားများအနေနဲ့လည်းပိုပြီး သဘောပေါက်နားလည်ရမှာဖြစ်တယ်။ ဒီမိုကရေစီဖွံ့ဖြိုးနေတဲ့ အချိန်မှာ ပြည်သူများအနေနဲ့ မြန် မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုကို စဉ်းစားနေချိန်မှာ စီးပွားရေးပေတံတစ်ခုတည်းနဲ့ ချိန်ပြီး မကြည့်ဘဲ စောစောကတင်ပြခဲ့သလို ဘက်စုံထောင့်စုံက ကြည့်ရှုဖို့လိုအပ်ကြောင်း သဘောပေါက်ရမှာဖြစ် ပါတယ်။ ဒီအတွေးအခေါ်ဟာ လူတွေကို အခြေပြုတဲ့ တိုးတက် ဖွံ့ဖြိုးမှု(People Centered Development) ဖြစ်ပါတယ်။ အမှန်တော့ လူသားတွေဟာ နိုင်ငံရဲ့အစစ်အမှန်တွေသာ ဖြစ်ပါတယ်။ လူသားတိုင်း ကျန်းမာရမယ်၊ ပညာတတ်ရမယ်၊ ချမ်းသာရမယ်၊ ဒီရည်မှန်းချက်ကိုရအောင် ဆရာတို့နိုင်ငံမှာ ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။ ။
(ဆက်လက်ဖော်ပြပါမည်)


