အချိန်အခါမဟုတ်သော်လည်း လူအချို့တွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ အဖြစ်များနေကြကြောင်း မြို့နယ်အတွင်းရှိ အထွေထွေရောဂါကုဆရာဝန်အချို့ထံမှသိရသည်။
ဝမ်းပျက်ဝမ်းလျှောခြင်းသည် ပုံမှန်အားဖြင့် မတ်လကုန် ဧပြီလများကဲ့သို့ ရေခန်းပြီး မိုးအကူး ယင်ကောင်ပေါများသည့် အချိန်များတွင် ဖြစ်ပွားလေ့ရှိသော်လည်း ယခုကဲ့သို့ အချိန်များတွင် ဖြစ်ပွားမှုနည်းပါးကြောင်း အထွေထွေရောဂါကုဆရာဝန်ဒေါက်တာထွန်းသိန်းကပြောသည်။“လူကြီးတွေကတော့ နှာစေး၊ ချောင်းဆိုးနဲ့ ဖျားကြတာတွေလည်းရှိတယ်။ ကလေးတွေက အထက်လန်အောက်လျှောလိုမျိုးတွေဖြစ်တာများနေကြတယ်”ဟု တာမွေမြို့နယ်အတွင်းရှိ ကလေးအထူးကု ဆရာဝန်တစ်ဦးကပြောသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါသည် လက်မသန့်ဘဲ ပြုလုပ်ထားသည့် အစားအစာများစားမိခြင်း၊ ယင်နားစာများ စားမိခြင်း၊ ရေခန်းသည့်အချိန်တွင် မသန့်သောရေ များ သောက်မိခြင်းများတို့ကြောင့် ဖြစ်ပွားလေ့ရှိပြီး အချို့နှစ်များတွင် တစ်နေရာတည်း၌ ကပ်ရောဂါအသွင် လူအများအပြား ဖြစ်ပွားခဲ့သည်များလည်းရှိခဲ့သည်။ “တစ်ညတည်းနဲ့ ၀မ်းသွားတာ ဆယ်ခါကျော်တယ်။ ဆေးရုံတော့ မသွားဖြစ်ဘူး။ ဖြစ်နေတုန်း ဓာတ်ဆားရည်သောက်ပြီး မနက်မိုးလင်းတော့ ဆေးခန်းသွားရတယ်”ဟု ၀မ်းပျက်ဝမ်းလျှောခဲ့သူ မဌေးဌေးကပြောသည်။
“အရမ်းပူတဲ့အချိန်ဆိုရင် အစားတွေက သိုးတာမြန်တဲ့အတွက် အဲဒါတွေစားမိရင်းနဲ့ ၀မ်းလျှောတာတွေလည်းဖြစ်တတ်တယ်။ အခုချိန်ကတော့ ရာသီဥတုလည်း သိပ်မပူသေးဘူး။ ပုံမှန်ဖြစ်နေတဲ့အချိန်လည်းမဟုတ်ဘဲ ဖြစ်ကြတယ်”ဟု ဒေါက်တာထွန်းသိန်းကဆက်လက်ပြောသည်။ ရာသီဥတုအပြောင်းအလဲလည်းဖြစ်နေသဖြင့် လူအချို့တွင် ဖျားနာခြင်းများလည်း ဖြစ်ပွားနေကြောင်းသိရသည်။


