May 20, 2012

လှချင်သူများသတိထားအလှကုန်အချို့တွင် ကန့်သတ်ဓာတုပစ္စည်းပါဝင်နေ

Photo

မကြာသေးမီက ပြုလုပ်ခဲ့သည့် ပြည်တွင်း၌ ရောင်းချနေသော အလှကုန်အချို့တွင်သုံးစွဲသူများအား အန္တရာယ်ဖြစ်စေသည့် ထည့်သွင်းသုံးစွဲခွင့်ပိတ်ပင်ထားသည့် ဓာတုပစ္စည်းအချို့ပါဝင်နေကြောင်း သုတေသနပြုလုပ်တွေ့ရှိခဲ့သည်။

ထိုသုတေသနတွေ့ရှိမှုအရ ပြည်တွင်း၌ ထုတ်လုပ်သည့် အလှကုန်ပစ္စည်းများတွင်သာမက ပြည်ပနိုင်ငံများမှတင်သွင်းသည့် အလှကုန်များလည်း ပါဝင်နေသည်။
အလှကုန်များတွင် ဓာတုပစ္စည်းပေါင်းသောင်းနှင့်ချီ ပါဝင်နေပြီး  ထိုအထဲတွင်  သုတေသနရှာဖွေတွေ့ရှိမှုများအရဘေးထွက် ဆိုးကျိုးများကြီးမားသော အန္တရာယ်
ဖြစ်စေသည့်  ပစ္စည်းများအား နိုင်ငံတကာတွင်ထည့်သွင်းသုံးစွဲခွင့် ပိတ်ပင်ထားခဲ့ကြသည်။

ပြုလုပ်ထားသည့် သုတေသ နများတွင် ပြည်တွင်း ပြည်ပမှ တင်သွင်းထုတ်လုပ်သော မျက်နှာ လိမ်းအောက်ခံမိတ်ကပ်များတွင် အမေရိကန်နိုင်ငံတွင် ၂၀၀၆ ခု နှစ်ကတည်းမှစတင်ပြီး အသုံးပြုမှု ပိတ်ထားသည့် ဟိုဒရိုကွီနှုန်းဟု ခေါ်သည့် ဓာတုပစ္စည်းတစ်မျိုးနှင့် ပြည်တွင်းတွင် အသုံးများပြီး ဈေးသက်သာသော အလှကုန်များ တွင်လည်း မာကျူရီသတ်မှတ်ချက်အထက် အဆပေါင်း ၂၀၀ ကျော်မှ ၂၀၀၀ ကျော်အထိပါဝင်နေကြောင်း တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

“အခုကတော့ ဒီနှစ်မျိုးကိုစစ်လို့ ဒီဟာကို ပြောတာလေ။ တခြားမစစ်ပေမယ့် ရှိနေတဲ့ မသုံး သင့်တဲ့ဓာတုပစ္စည်းပါနေတဲ့ ပစ္စည်းတွေ လည်းအများကြီးပဲပေါ့။ အဲဒါတွေလည်း   မတွေ့မချင်းသုံးနေကြတာပဲ။ တွေ့တော့မှသာတစ်ခုခုလုပ်ကြတာပေါ့”ဟု  သုတေသနပညာရှင်တစ်ဦးကပြောသည်။နိုင်ငံတစ်နိုင်ငံချင်းစီတွင် အလှကုန်များ၌   ပါဝင်သင့်သည့် ဓာတုပစ္စည်းများအား သတ်မှတ်ချက်များဖြင့် ထည့်သွင်းခွင့်ပြုထားသော် လည်း (ဥပမာ-မာကျူရီပါဝင်နှုန်း အမေရိကန်နိုင်ငံတွင် 1ppm သတ်
မှတ်ပြီး အချို့နိုင်ငံများတွင်   16ppm  အထိ ပါဝင်ခွင့် သတ်မှတ်ထားသည်)မြန်မာနိုင်ငံတွင်မူ ထိုကဲ့သို့သတ် မှတ်ချက် တစ်စုံတစ်ရာ မရှိပေ။

“သတ်မှတ်ချက် မရှိပေမယ့်လည်း မာကျူရီပါဝင်နှုန်းဆိုရင် အဆ ၂၀၀၀ ကျော်အထိများနေ တယ်ဆိုတာကတော့ မဖြစ်သင့်ဘူးလေ”ဟု ရန်ကုန်ဆေးရုံကြီး အရေပြားအထူးကုဌာနမှ ဒေါက် တာလင်းထက်က ပြောသည်။ပြည်တွင်းရှိ အလှကုန်ပစ္စည်းထုတ်လုပ်သူများသည် သတ်မှတ်ချက်မရှိသည့်အခါ ထိုပစ္စည်းများ
ထည့်သွင်း အသုံးပြုလျှင် ထိရောက်မှုများသည်ဆိုသည့်အချက်တစ်ခုတည်းကိုကြည့်၍ ထည့်သွင်းသုံးစွဲကြလေ့ရှိပြီး ထိုပစ္စည်းများ၏ ရေရှည်တွင်ဖြစ်ပေါ်လာနိုင်သည့် ဆိုး
ကျိုးများအား ဂရုပြုမှုနည်းပါးခြင်းနှင့် သိရှိမှုနည်းပါးခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း  ပညာရှင်များမှ သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင်လည်း ဈေးကွက်ရောင်းအားအရ အသားဖြူစေသည့် အလှကုန်ပစ္စည်းများအား လူကြိုက်များသည့်အတွက် ထိုပစ္စည်းများ ထုတ်လုပ်သည့်အခါ ဟိုက်ဒရိုကွီနှုန်းနှင့် မာကျူရီအား ထည့်သွင်းအသုံးပြုကြခြင်း ဖြစ်သည်။ ထိုပစ္စည်းများမှာ အရောင်ခြယ် ဆဲလ်များအား ပျက်စီးစေသည့်အပြင် အရောင်ခြယ် ပစ္စည်းမထွက်စေရန် အင်ဇိုင်းတစ်မျိုးအား ပိတ်စေသည့် အာနိသင်ရှိ သောကြောင့် အသားဖြူလာခြင်းဖြစ်သည်။

ထိုပစ္စည်းများသည် အရေ ပြားမှ ခန္ဓာကိုယ်အတွင်း စိမ့်ဝင်ပြီး ပမာဏများပြားလာလျှင် အာရုံကြောများ ထိခိုက်ခြင်း၊ အရေပြားထူခြင်း၊ အရေပြားကင်ဆာများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ကျောက်ကပ်ရောဂါ၊  အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ် ပေါ်လာစေနိုင်ခြင်းအတွက်   ထည့်သွင်းသုံးစွဲခွင့်ကန့်သတ်ထားခြင်း ဖြစ်သည်။ အလှကုန်များတွင် ထိုကဲ့သို့အန္တရာယ်ဖြစ်စေသည့်   ဓာတုပစ္စည်းများ ထည့်သွင်းအသုံးပြု ခြင်းနှင့်   ထိုပစ္စည်းများအသုံးပြု ခြင်းကြောင့် ရေရှည်တွင်ဖြစ်ပေါ် လာသည့် ကျန်းမာရေးပြဿနာ များအား စောင့်ကြည့်ခြင်းများသည်  ငွေကြေးအကုန်အကျများခြင်းနှင့်   စက်ပစ္စည်းများစွာလိုအပ်သည့်အတွက် ပြည်တွင်း၌ စောင့်
ကြည့်မှုမလုပ်နိုင်ပေ။

“ဒီမှာကလည်း ကျောက်ကပ်ပျက်သွားတယ်ဆိုရင်တောင် ဘာရောဂါကြောင့်   ပျက်သွားလည်းဆိုတာ မသိတဲ့ကေ့စ်တွေလည်း အများကြီးပဲလေ။ စနစ်တ ကျစောင့်ကြည့်မှုမရှိတဲ့အခါကျတော့ ဘာကြောင့်ဆိုပြီး ပြောဖို့ ခက်တယ်။ အဲလိုနဲ့ပဲ ဘာမှန်းမသိ ဘဲ ဖြစ်သွားတဲ့ရောဂါတွေလည်း အများကြီးရှိနိုင်တယ်လေ”  ဟု
ဒေါက်တာလင်းထက်က   ဆက်လက်ပြောသည်။ အခြားနိုင်ငံများတွင် မိမိနိုင်ငံသို့  တင်သွင်းသည့် ပစ္စည်းများနှင့်    ပြည်တွင်း၌ ထုတ်လုပ်သော ပစ္စည်းများအတွက်   သတ်မှတ်ချက်များလည်းရှိပြီး ဥပဒေကြောင်းအရ သတ်မှတ်ချက်နှင့်မညီသော ပစ္စည်းများတင်သွင်းပါက သေဒဏ်အထိ ထိရောက်စွာအရေးယူမှုများလည်း ရှိကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်   စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက အလုပ်ရုံဆွေးနွေးပွဲတွင်ထည့်သွင်းပြော ကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဥပဒေကြောင်းအရ ထိန်းကွပ်မှုနှင့် ဈေးကွက်အတွင်း ထိရောက်သော စစ်ဆေးမှုများ၊ အဆိုပါပစ္စည်းများကြောင့် ဖြစ်ပေါ်လာသည့် နောက်
ဆက်တွဲပြဿနာများအား စောင့်ကြည့်မှုများအားနည်းသည့်အတွက်   သုံးစွဲသူများတွင်  နစ်နာမှုများနှင့် ရင်ဆိုင်နေရကြောင်း အဆိုပါတာဝန်ရှိသူကပြောသည်။
ပြည်ပမှ  တင်သွင်းသော အချို့အလှကုန်များတွင်လည်း တားမြစ်ပစ္စည်းများ ပါဝင်နေ ကြောင်း တွေ့ရှိထားပြီး ထိုပါဝင်မှုများမှာ ထုတ်လုပ်သည့်နိုင်ငံမှ ခွင့်ပြုထားသည့် ပမာဏ(သို့မဟုတ်) ထိုနိုင်ငံတွင်း    မထည့်သုံးသော်လည်း မြန်မာနိုင်ငံကဲ့သို့ ပါဝင်မှုကန့်သတ်မှုမရှိသည့် နိုင်ငံအား တင်သွင်းမှသာ ထည့်သွင်းထားခြင်းကိုလည်း မည်သို့မျှမသိနိုင်ကြောင်း ပညာရှင်တစ်ဦးက ပြောသည်။

“သူတို့ရေးမထားရင်လည်း ဘာမှမသိနိုင်ဘူးလေ။ ကိုယ့်ဆီမှာကလည်း ပါ၊ မပါကို လွယ်လွယ်စစ်နိုင်တဲ့ စက်ပစ္စည်းတွေကလည်း မရှိတဲ့အခါ မစမ်းနိုင်ဘူးပေါ့”ဟု
ဒေါက်တာလင်းထက်ကပြောကြားသည်။ထိုပစ္စည်းများသည် ရေရှည် တွင်ပြဿနာဖြစ်စေနိုင်ပြီး၊ လူအများစုမှာ လတ်တလော ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သည့်   အ
ရေပြားလောင်ခြင်းတို့လောက်သာ ဂရုစိုက်ပြီး ရေရှည်ဆိုးကျိုးများကိုမူ သတိပြုမှုနည်းပါးနေသေးကြောင်း   ဒေါက်တာလင်းထက်က ဆက်လက်ပြောသည်။

“အဆိပ်သင့်တဲ့ လူမျိုးတွေ တွေ့ဖူးပေမယ့် တိကျတဲ့ စစ်ဆေးမှုမရှိတဲ့အခါကျတော့ ဒီဟာကြောင့်လို့ပြောဖို့ကခက်တယ်။ ဒါကြောင့်  ဒီဟာတွေပါဝင်နိုင်တဲ့
အတွက် သတိထားပြီး သုံးပါလို့ပဲပြောဖြစ်တယ်” ဟု ဒေါက်တာလင်းထက်က ဆက်လက်ပြောသည်။    မာကျူရီပါဝင်မှုစမ်းသပ်ခြင်းတွင် ပြည်တွင်းတွင် လူသုံးများသော ဈေးသက်သာသည့် ပစ္စည်းများအား စမ်းသပ်ခဲ့ခြင်းဖြစ်သည်။   ယခုတွေ့ရှိမှုသည် အသားဖြူစေသော အလှကုန်များသုံးစွဲသူများအတွက် ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း သတိပေးလျက်ရှိသည်ဟု ပညာရှင် ၉ ဦးစုပေါင်းပြုလုပ်ထားသည့် စာတမ်းတွင် ဖော်ပြထားသည်။