May 20, 2012

သမ္မတထံသို့ မမှန်မကန် တိုင်ကြားသူများကို အရေးယူမည်

ရန်ကုန်၊ ဖေဖော်ဝါရီ-၂၀

နိုင်ငံတော်သမ္မတထံသို့ လုပ်ကြံမှုနှင့် အသရေဖျက်လိုမှုတို့ကြောင့် မမှန်မကန် တိုင်ကြားလာသူများကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၇ ရက်က နေပြည်တော်ခရိုင်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးတွင် သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးစတီဗင်သာဘိတ်၏ “၀န်ထမ်းများအား လစာတိုးပေးရန် အကြံပြုချက်နှင့် ဌာဆိုင်ရာတွင်တပ်မတော်မှ ပြောင်းရွှေ့လာ
သူများအား ခန့်ထားသည့် ပေါ်လစီကို ပြန်လည်သုံးသပ်ရန် အစီအစဉ် ရှိ၊ မရှိ”မေးခွန်းနှင့် ပတ်သက်ပြီး ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။

ဦးစိုးမောင်က ပြောကြားရာတွင် နိုင်ငံတော်သမ္မတ သို့ ၂၀၁၁  ခုနှစ် ဧပြီလ ၅ ရက်မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၁ အထိ တိုင်ကြားစာ ၆၆၆၀ ရောက်ရှိသည်။ စာပေါင်း ၆၆၆၀ အနက်တွင် မမှန်မကန်တိုင်ကြားလာသူများကို တွေ့ရှိခဲ့ရသည့်အတွက်ထိုသူများကိုလည်းမှတ်တမ်းတင်သတိပေးခဲ့ရခြင်းများရှိကြောင်း အထက်ပါအစည်းအဝေးတွင် ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ထို့အတွက် ဆက်လက်ပြီး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြလာသောမနာလိုဝန်တိုမှု၊ အခြားသူများကို လုပ်ကြံတိုင်ကြားမှု၊ အသရေဖျက်မှုအစရှိသည့် မမှန်မကန်တိုင်ကြားမှုများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟုပြောကြားသွားသည်။ တိုင်ကြားစာများအနက်မှ အမှုပေါင်း၂၇၈၀ ကို စိစစ်ပြီးဖြစ်ပြီး ဆက်လက်စိစစ်ဆဲအမှုအရေအတွက်မှာ ၁၉၅၁ စောင်ရှိသည်။  အဆင့်မမီသော တင်ပြတိုင်ကြားစာများနှင့် အကြိမ်ကြိမ် တိုင်ကြားမှုပေါင်း ၁၉၂၉ စောင်ရှိကြောင်းလည်းသိရသည်။

တိုင်ကြားလာသော အဆိုပါအမှုများတွင် မှန်ကန်သော တင်ပြချက်များကို စိစစ်ဆောင်ရွက်ပြီး ကျူးလွန်သောပြစ်မှုအလိုက် အရေးယူဆောင်ရွက်ခြင်းများကိုလည်း ပြုလုပ်ပြီးဖြစ်ကြောင်း ဦးစိုးမောင်က ပြောကြားခဲ့သည်။