(၁)
ပြောရလျှင် ဒီရက်ပိုင်း စာ မရေးဖြစ်ပါ။ ခရီး ယာယီများနေ သောကြောင့်ဖြစ်သည်။ ခါတော်မီ တုပ်ကွေးနှင့် တိုးနေသောကြောင့် လည်းဖြစ်သည်။ ထို့ထက် ဖတ်စရာတွေ မနိုင်မနင်းများနေသော ကြောင့်လည်းဖြစ်ပါသည်။ သတင်း ထူးတွေ တသွင်သွင်စီးနေသော ကာလမို့ ခါတိုင်း ပုံမှန်မဖတ်ဖြစ် သော ပြည်တွင်းဂျာနယ်တွေကို ပင် တကူး တကရှာပြီး တခုတ်တရ ဖတ်နေရသည်။
အဆိုပါ သတင်းရေစီးတွင် မင်္ဂလာအရှိဆုံး သတင်းတစ်ပုဒ် ကား ဆယ်စုနှစ်များနှင့်ချီ၍ ထောင်ဒဏ်ကျခံနေရသော နှစ်ကြီးယုံကြည်ချက် အကျဉ်းသားတွေ
အစုလိုက်အပြုံလိုက် လွတ်လာ သော သတင်းပင်။ အထူးသဖြင့် လူထုချစ်သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ပါလာသည်။ သူတို့ကို လူတွေက သောင်းသောင်းဖြဖြကြိုကြသည်။ မလိုင်လုံး ထုပ်ကလေးကိုင်ရင်း မျက်ရည်စမ်းစမ်းဖြင့် ကျောင်းသားခေါင်းဆောင်ကို ဖက်ပွေ့ကြိုဆိုနေသော အဘွားအိုတစ် ယောက်၏ သတင်းဓာတ်ပုံဆိုလျှင် ထိထိခိုက်ခိုက်ရှိလှသည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ် ကျော်ဝန်းကျင်ကဆိုလျှင် သူတို့ တစ်တွေမှာ အသက်နှစ်ဆယ်ဝန်း ကျင် လူငယ်လူရွယ်များ။ ယခု တော့ အသက် လေးဆယ်ကျော် လူလတ်ပိုင်းတွေဖြစ်နေချေပြီ။ သူတို့မျက်နှာပေါ်တွင် နုပျိုမှု၏ အမှတ်အသားများကို မတွေ့ရ တတ်တော့။ ဇရာ၏ လက္ခဏာ များက နေရာယူထားချေပြီ။ ယုံ ကြည်မှုတစ်ခုအတွက် ဘ၀၏ အလှပဆုံး၊ အချိုမြိန်ဆုံး၊ အနုပျိုဆုံး အချိန်တွေကို ထားရစ်ခဲ့ချေပြီ။ စာရေးသူအနေနှင့်မူ သူတို့တစ် တွေကိုသော်လည်းကောင်း နောင် လာမည့်မျိုးဆက်များကိုသော် လည်းကောင်း ယခုလို ဘ၀ကြမ်း ကြမ်း ခရောင်းလမ်းတွေမကြုံစေ ချင်တော့ပါ။ သမိုင်းတစ်ကျော့ မလည်စေချင်တော့ပါ။ ကျွန်တော်တို့တိုင်းပြည်တွင် ရင်နာစရာတွေများရုံမျှမကလျှံ၍ပင်နေပြီထင်ပါသည်။
(၂)
တိုင်းမ်မဂ္ဂဇင်း အက်ဆေး ဆရာတစ်ယောက်ဖြစ်သူ ဇိယာ အက်ဘ်ဒိုလ်ခါရင်မ်က သူ၏ အက်ဆေးတစ်ပုဒ်ဖြစ်သည့် “ In Search of New Heroes ” တွင် ယခုလို ရေးဖူးသည်။ “လူ့အဖွဲ့အ စည်းတစ်ရပ် ကံဆိုးမိုးမှောင်ကျ နေပြီဆိုလျှင် သူရဲကောင်းတွေ ပေါ်ထွက်တတ်ပါသည်။ သို့နှင့် တိုင် အဆိုပါလူ့အဖွဲ့အစည်းသို့ ကံကောင်းခြင်းများ သယ်ဆောင် လာဖို့ဆိုလျှင် စွန့်လွှတ်အနစ်နာခံ ရဲသော သူရသတ္တိတစ်ခုတည်းနှင့် မလုံလောက်ပါ။ သူရဲကောင်း အသည်းနှလုံးကို တည့်မတ်ရှေ့ ဆောင်နိုင်မည့် အမြော်အမြင်ကြီး သော ဦးနှောက်ရှိဖို့လည်း လိုပါ သည်...”စသဖြင့်။
နိုင်ငံများ၏ ဒီမိုကရေစီအ ရေးတော်များ၊ တစ်နည်း- ဒီမိုက ရက်တိုင်ဇေးရှင်းသမိုင်းကိုကြည့် လိုက်လျှင်လည်း အဖွင့်ကျားကွက် ရွှေ့ခဲ့ကြသူများမှာ ဘ၀နှင့်ရင်းပြီး အမှောင်ကန့်လန့်ကာ ဖွင့်ခဲ့ကြ သည့် “တက်ကြွလှုပ်ရှားသူတွေ” ( Activists ) သာဖြစ်ပါသည်။ သို့နှင့်တိုင် ဒီမိုကရေစီခရီးကို ရေဆုံးရေဖျား ဆက်နိုင်ဖို့ဆိုလျှင် တက်
ကြလှုပ်ရှားသူမျှဖြင့် မလုံလောက်ပါ။ “ပညာဖြင့်ယှဉ်၍နိုင်ငံရေးလုပ်တတ်သူများ” (ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမားများ) ရှိဖို့လိုသည်ဟု အီတလီနိုင်ငံ ဖလောရင့်တက္က
သိုလ်မှ ပါမောက္ခဖိလစ်ပီရှမစ်သာကဆိုသည်။
ဤအတွက် အကောင်းဆုံး ဥပမာမှာ ဗိုလ်ချုပ်အောင်ဆန်းဟု သဘောရပါသည်။ ကိုအောင် ဆန်းမှာ ဒုတိယကျောင်းသား သပိတ်(၁၉၃၆ သပိတ်) က မွေးထုတ်လိုက် သော တက်ကြွလှုပ်ရှားသူဖြစ်သည်။ နောက် ဒို့ဗမာ အစည်းအရုံးဝင် သခင်အောင် ဆန်းဖြစ်လာသည်။ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် “လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး” ဆိုသော မဟာဗျူဟာလမ်း ကြောင်းတစ်ခုကို ချမှတ်ဖော်ထုတ် သူ၊ ပရော်ဖက်ရှင်နယ်နိုင်ငံရေး သမားဖြစ်သွားသည်။ လွတ်လပ်ရေးတိုက်ပွဲတွင် စစ်ရေးက အဓိက ဖြစ်လာသောအခါ ဗိုလ်ချုပ် အောင်ဆန်းဖြစ်လာပြန်သည်။ စစ် ပြီးခေတ် လွတ်လပ်ရေးတိုက်ပွဲ တွင်မူ ဦးအောင်ဆန်းအဖြစ် ဖဆ ပလကို ဦးဆောင်ပြီး တစ်မျိုးသား လုံးညီညွတ်မှုအင်အားဖြင့် လွတ် လပ်ရေးကို အရယူပေးခဲ့သည်။ နိုင်ငံရေးဆိုသည်မှာ အခြားသော လောကဓမ္မတာများနည်းတူ နုရာမှ ရင့်လာရသည် မဟုတ်ပါလော။
(၃)
ယနေ့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း၏ အခင်းအကျင်းသစ်မှာ ကနဦး ကာလ ၁၉၈၈ ၀န်းကျင်နှင့်မတူ တော့ပါ။ ဒီမိုကရေစီရေးအတွက် ရင့်မှည့်လာ သော နိုင်ငံတကာရေ စီးနှင့် ပြည်တွင်းနိုင်ငံရေးအင် အားစုများ၏ ရင့်ကျက်လာမှုကြောင့် ထိခိုက်နာကျင်စရာတွေ နည်းပါးလိမ့်မည်ဟု မျှော်လင့်ရ သော လမ်းကြောင်း သစ်တစ်ရပ် သို့ “တည်”မိပြီဟုထင်ပါသည်။ ဤ လမ်းကြောင်းသစ်က ယခင်ကလို ဆန့်ကျင်ဘက်များ အပြန်အလှန် ဖယ်ထုတ်ဖို့မဟုတ်။ အမျိုးသားရင် ကြားစေ့ရေးဖြင့် ဘုံတူညီချက်ရှာ ကာ ဒီမိုကရေစီရေးသို့ ဦးတည် ကြဖို့ဖြစ်သည်။
တစ်ကျော့ပြန် ၈၈ မျိုးဆက် များ၏ အင်တာဗျူးများတွင် အဆိုပါအပြောင်းအလဲနှင့်ပတ် သက်သော အကောင်းမြင်အရိပ် နိမိတ်အချို့ကို “ဆ၀ါး”မိ၍ ကျေ နပ်ရသည်။ သူတို့က အစိုးရသစ် ၏ ပြုပြင်ပြောင်းလဲမှုများကို တစ် စုံတစ်ရာ သိမှတ်လက်ခံသည့် သဘောရှိသည်။ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သော NLD ရွေးချယ်လိုက် သည့် လမ်း ကြောင်းကိုလည်း ခံတွင်းမတွေ့ သည့်လက္ခဏာမျိုးမတွေ့ရပါ။ဘ၀၏ အထုအထောင်း ဒဏ်ရာ ဒဏ်ချက်များ အကင်းသေ ကောင်းမှ သေနိုင်သည့်တိုင် သူတို့အားလုံးတွင် ရင့်ကျက်သော ဆင်ခြင်တုံတရားအပြည့်ရှိပြီဟုထင်ပါသည်။
လူထုကမူ သူတို့ ရှေ့ဆက် ကြမည့် ခြေလှမ်းတွေကို စိတ်ဝင် တစား စောင့်ကြည့်နေကြသည်။ အချို့က သူတို့ကို ခွပ်ဒေါင်းအလံ နှင့်ခွဲမမြင်၊ တွဲမြင်ချင်ကြဆဲရှိ သည်။ အချို့က နိုင်ငံရေးပါတီ ထောင်ပြီး ရွေးကောက်ပွဲလမ်း ကြောင်းလိုက်စေလိုသည်။ အချို့ ကမူ ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေးလမ်းကြောင်းမလိုက်ဘဲ အမျိုးသား နိုင်ငံရေး လမ်းကြောင်း ပေါ်မှာပဲ ရှိစေချင်သည်။ စာရေး သူအနေနှင့်မူ ပါတီနိုင်ငံရေး၊ အမျိုးသားနိုင်ငံရေးခွဲခြားကြည့်မြင် ကြသည်ကို ဘ၀င်မကျ။ ၁၉၉၀ ရွေးကောက်ပွဲ အကြိုကာလလောက်က ဤအမြင်မျိုး အတော်အသံကျယ်ခဲ့ဖူးသည်။ ထိုစဉ်ကတည်းက ဘ၀င်မကျ။
(၄)
အမှန်စင်စင် ဒီမိုကရေစီရေး မှာ မြန်မာတစ်မျိုးသားလုံး၏ အရေး၊ တစ်နည်း အမျိုးသားရေးပင်ဖြစ်သည်။ ဒီမိုကရေစီရေးနှင့် အမျိုးသားနိုင်ငံရေးကို တသီး တခြား ခွဲလို့မရ။ တစ်ထပ်တည်း ပင်ဖြစ်သည်။ အတူတူပင်ဖြစ် သည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းလှုပ်ရှားကြသည်မှာလည်း ဒီမိုက ရေစီရေးအတွက်ပင်ဖြစ်သည်။ အမျိုးသားနိုင်ငံရေးပင်ဖြစ်သည်။ နိုင်ငံရေးပါတီထောင်သည်နှင့် အမျိုးသားနိုင်ငံရေးမဟုတ်ဟု ပြောမရ။ လုံးဝ(လုံးဝ) ပြောမရ။ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ မှတစ်ဆင့် အာဏာရယူဖို့ ကြိုး ပမ်းကြသည်မှာလည်း ဒီမိုက ရေစီရေးအတွက် လက်တွေ့ လုပ် ပိုင်ခွင့်အာဏာရယူဖို့သာ ဖြစ် သည်။ အမျိုးသားနိုင်ငံရေးပင်ဖြစ်
သည်။ စာရေးသူကတော့ ဤ အတိုင်းပဲမြင်သည်။
၈၈ မျိုးဆက်များ နိုင်ငံရေး ပါတီထောင် မထောင်ဆိုသည်မှာ သူတို့ ဆုံးဖြတ်ချက်နှင့်သူတို့ဖြစ် သည်။ ပါတီထောင်သည်ဖြစ်စေ မထောင်သည်ဖြစ်စေ ဒီမိုကရေစီ ရေး တစ်နည်း အမျိုးသားနိုင်ငံရေး ဦးတည်ချက်မှ သွေဖည်မသွားနိုင် ဟုယုံကြည်သည်။ နိုင်ငံရေးပါတီ တွေ လိုအပ်သည်ထက် များလွန်း နေလျှင် ဒီမိုကရက်တစ်အင်အားစု များ ညီညွတ်ရေးအတွက် အဟန့် အတားဖြစ်ကောင်းဖြစ်နိုင်သော် လည်း ဤသို့ ပါတီတွေများခြင်း သည်ပင် ဒီမိုကရေစီအသွင်ပြောင်း ခါစ နိုင်ငံများ၏ အခြင်းအရာဖြစ် လေရာ အကောင်းအဆိုး ဝေဖန် ဖို့မသင့်ဟုထင်သည်။
အရေးကြီးသည်မှာ ဂိုဏ်း ဂဏအစွဲတွေကို ကျော်ကြည့်နိုင် ဖို့ပင်ဖြစ်သည်။ ဒီမိုကရေစီ မျှော် မှန်းချက်၊ တစ်နည်း အမျိုးသား ရေးမျှော်မှန်းချက်ကို မျက်ခြည်
မပြတ်ဖို့ပင်ဖြစ်သည်။ ယနေ့ ရောက်ရှိနေပြီဖြစ်သော အဆင့်နေရာမှ နောက်ပြန်မဆုတ်ဘဲ ရှေ့တိုးနိုင်ဖို့ပင်ဖြစ်သည်။ ဤအတွက် ဆနထက် အမြော်အမြင်က ပိုအရေး
ကြီးလိမ့်မည်ဟု ထင်သည်။ အသည်းနှလုံးထက် ဦးနှောက်က ပိုကြီးဖို့လိုမည်ထင်ပါသည်။ ။


