May 20, 2012

ဟိုတုန်းက . . . ဆရာတွေ

Photo
7Day News Journal

မင်းသန်းထိုက်(ဒေးဒရဲ)
တောမြို့ကလေးတွေမှာ နေထိုင်ရတဲ့ စာသမားများရဲ့ ဒုက္ခကလည်း မသေးလှပါ။ စာကြည့်တိုက်ကောင်းကောင်းမရှိ။ အငှားဆိုင်တွေမှာကလည်း စာအုပ်ကမစုံ။ လစဉ်ထုတ်မဂဇင်းကို မဆိုထား နှင့်။ ဂျာနယ်တွေတောင် အစုံမရောက်တော့ တချို့မဂ္ဂဇင်းတွေဆို တစ်လ၊ နှစ်လကျော်မှပဲ ဖတ်ရပါတော့တယ်။

အခုလည်း ကိုယ်ဖတ်ချင် တဲ့ မဂဇင်းကို အငှားဆိုင်မှာ သွားသွားမေးတိုင်း ငှားသွားတာနဲ့ ချည်းတိုးတိုးနေလို့ ၂၀၁၁ ခု ဒီဇင် ဘာလထုတ် ရုပ်ရှင်တေးကဗျာ မဂဇင်းက အခုမှပဲ ကျွန်တော့် လက်ထဲရောက်ပါတော့တယ်။ ဒါ ပေမဲ့ ကျွန်တော်စောင့်ငှားရကျိုး နပ်ပါတယ်။ ဆရာတင်မောင် သန်းရဲ့ “မင်္ဂလာရှိသောမနက်ခင်း”ဆောင်းပါး တစ်ပုဒ်နဲ့တင် ကျွန်တော့်ချဉ်ခြင်းတွေ အကုန်ပြေသွားပါတော့တယ်။

ဆောင်းပါးအကြောင်းအရာ က မြန်မာစာပါမောက္ခဆရာကြီး ဦးဧမောင်နဲ့ ရေစကြိုနယ်က ဆယ်တန်းကျောင်းသားလေး မောင်ဘဂျမ်းတို့အကြောင်းပါ။ မောင်ဘဂျမ်း ဆိုတာ နောင်တစ် ချိန်မှာ မြန်မာကဗျာဆရာကြီဖြစ်လာမယ့် ဆရာတင်မိုးပါ။ မောင်ဘဂျမ်းရဲ့ ဆယ်တန်းမြန်မာ စာအဖြေလွှာ ကောင်းလွန်းလို့ ဆရာကြီးဦးဧမောင်က မောင်ဘ ဂျမ်းကို သူနဲ့လာတွေ့ဖို့ လူကြုံနဲ့မှာသတဲ့။ မှာတဲ့လူကြုံကလည်း အညာကိုကိစ္စတစ်ခုနဲ့သွားတဲ့ ပညာရေးဝန်ကြီးတဲ့။ ၀န်ကြီးက လည်း တက္ကသိုလ်ပါမောက္ခက လူ ကြုံမှာတဲ့ကိစ္စကို မဖြစ်ဖြစ်အောင် ဆောင်ရွက်ပေးသတဲ့။ အညတြ တောသားကလေးတစ်ယောက်ရဲ့ ကိစ္စကို ၀န်ကြီးတွေ၊ ပါမောက္ခတွေအရေးတယူ ရှိလိုက်ကြပုံများ။
ကျွန်တော့်မှာ ဖတ်ရင်း ဖတ်ရင်း ကြက်သီးတွေ ဖြန်းဖြန်းထရလောက်အောင် ရင်ထဲမှာ ပီတိလှိုင်းတံပိုးတွေ တလိပ်လိပ်တက်ခဲ့ရပါတယ်။

မောင်ဘဂျမ်းခမျာမှာလည်း သူ့လိုတောသားကို ပါမောက္ခကတောင် အရေးတယူ ရှိတယ်ဆိုတော့ အတိုင်းမသိ ၀မ်းသာရှာတာပေါ့။  ဒါပေမဲ့လို့ သူ့မှာ ရန်ကုန်ကိုသွားဖို့ လမ်းစရိတ်က လည်း မရှိ၊ မြို့ကြီးပြကြီးဆိုလို့ မန္တလေးကိုတောင် ကိုရင်ဝတ် တုန်းက တစ်ခေါက်သာ ရောက် ဖူးတာဆိုတော့ ထီပေါက်ပြီးလက် မှတ်ပျောက်တဲ့သူလို သွားတွေ့ဖို့ အခွင့်မသာခဲ့ရှာပါဘူး။ ဒီဇာတ် လမ်းဒီတွင် နိတ္တိတံပြီပေါ့။ အောင်စာရင်းထွက်တော့ မောင်ဘဂျမ်းမြန်မာစာဂုဏ်ထူးရ ပါတယ်။ တက္ကသိုလ်တက်ဖို့ ငွေ ကြေးလည်း မပြည့်စုံတော့ အညာ မြို့လေး တစ်မြို့မှာပဲ အလယ်တန်း ပြဆရာ ၀င်လုပ်နေလိုက်ပါတယ်။ မောင်ဘဂျမ်းဘက်က ဇာတ်လမ်းကို ကန့်လန့်ကာ ချလိုက်တဲ့ သဘောပါ။ ကိုယ့်ဘ၀နဲ့ ကိုယ့်အ ကြောင်း ရှိပါစေတော့ပေါ့။

ဒါပေမဲ့ ဒီဇာတ်လမ်းကို ဒီ တွင် အဆုံးသတ်ခွင့် မပေးနိုင်ခဲ့ တာက  ပါမောက္ခဆရာကြီး ဦးဧမောင်ပါ။  ရန်ကုန်တက္ကသိုလ် ကျောင်းဝင်စာရင်းမှာ မောင်ဘ ဂျမ်းပါမပါ စုံစမ်းပါတယ်။ ရန်ကုန် တက္ကသိုလ်မှာမပါတော့ မန္တလေး တက္ကသိုလ်မှာ ဆက်စုံစမ်းပါတယ်။ မန္တလေးတက္ကသိုလ်မှာလည်း မပါ တော့သက်ဆိုင်ရာ ရေစကြိုပညာ ရေးဌာနနဲ့ ညှိနှိုင်းပြီး မောင်ဘဂျမ်း ကို မန္တလေးတက္ကသိုလ်ရောက် အောင်ပို့ဖို့ စီစဉ်ပါတော့တယ်။ ဒီ လိုနဲ့ မောင်ဘဂျမ်းရဲ့ဘ၀မှာ ပညာရေး လမင်းကြီး ထွန်းလင်းခွင့်ရ
လိုက်ပြီး မြန်မာစာပေကောင်းကင်မှာလည်း “တင်မိုး”ဆိုတဲ့ တောက်ပတဲ့ ကြယ်ကြီးတစ်လုံး ပေါ်ပေါက်ခဲ့ရပါတော့တယ်။ ဒါဟာ မြန်မာစာပါမောက္ခဆရာကြီး ဦးဧမောင်
ရဲ့ ပညာရေးကုသိုလ်ပြုမှုက သီးပွင့်ခဲ့ရတဲ့ အသီးအပွင့်တွေပါ။

ကျွန်တော့်မှာ ဒီဆောင်းပါး လေးကို ဖတ်ပြီး  ကိုယ်မမြင်ဖူး လိုက်တဲ့ ပါမောက္ခဆရာကြီးဦးဧ မောင်ကိုလည်း ရင်ထဲက လှိုက်လှိုက်ပြီး ကြည်ညိုမိသလို ဒီအ ကြောင်းကို ရေးပြတဲ့ဆရာတင် မောင်သန်းနဲ့ ဖော်ပြပေးတဲ့ ရုပ် ရှင်တေးကဗျာအယ်ဒီတာအဖွဲ့ကို လည်း အထူးကျေးဇူးတင်မိပါတယ်။ ဒါက နိုင်ငံသိ ထင်ရှားတဲ့ ပါမောက္ခဆရာကြီးနဲ့ ကဗျာဆရာ ကြီးတို့အကြောင်းပါ။ သူတို့လို မထင်ရှားပေမယ့် ဆရာနဲ့တပည့် အကြား နွေးထွေးတဲ့ဆက်ဆံရေး ရှိခဲ့တဲ့ ဆရာတပည့်နှစ်ယောက် အကြောင်းကိုလည်း ပြောပြချင်ပါ တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် က ကျွန်တော်တို့မြို့မှ ကျောင်း သားဟောင်းများရဲ့ (၁၁)ကြိမ် မြောက် အာစရိယပူဇော်ပွဲကျင်းပ ခဲ့ပါတယ်။ ဆရာကန် တော့ပွဲမတိုင်မီ တစ်လလောက်ကတည်းက ရန်ပုံ ငွေရှာဖွေရေးအဖွဲ့တွေ ဖွဲ့ကြ၊ကြို ဆိုရေးအဖွဲ့တွေ ဖွဲ့ကြ၊ အခမ်းအ နားပြင်ဆင်ရေးအဖွဲ့တွေ ဖွဲ့ကြနဲ့ကျောင်းသား ဟောင်းကြီးတွေ လည်း ငယ်မူတွေပြန်ပြီး နုပျိုလန်း ဆန်းနေကြပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ကန်တော့ခံဆရာတွေ စာရင်းပြုစုဖို့ ကျွန်တော်တို့အတူ တွဲပြီး တာဝန်ကျတဲ့ ကျောင်းသား ဟောင်းကြီးတစ်ယောက်က စကား စပ်မိရင်း ဒီအကြောင်းလေး ပြောပြတာပါ။

“ငါကွာ၊ ဒီလို ဆရာကန် တော့ပွဲနေ့ရောက်တိုင်း ငါ့ဆရာ ဦးစံဝေကို အရမ်းသတိရတယ် ကွာ။ ငါ့ဆရာကို ဒီလိုအခမ်းအ နားမျိုးနဲ့ စင်ပေါ်မှာထိုင်ပြီး ကန် တော့ခံတာ မမြင်လိုက်ရဘူး။ ငါ့ ဆရာဆုံးတော့ (၅၈)နှစ်ပဲရှိသေး တယ်။ သူ့ကျေးဇူးကြောင့် ငါဆယ် တန်းအောင်ခဲ့တာကွ”လို့ဆိုတော့ ကျွန်တော်က “လင်းအောင် ရှင်းစမ်းပါဦး” လို့ စကားထောက်ပေးလိုက်ရတယ်။    ဒီမှာတင် ထိုကျောင်းသား ဟောင်းကြီးက သူနှင့်ဆရာဦးစံ ဝေ  ပတ်သက်ခဲ့မှုကို  ရှင်းပြပါတယ်။

“ဒီလိုကွ။ ငါဆယ်တန်းတက် တဲ့နှစ်က သီတင်းကျွတ်ကျောင်း ပိတ်ရက် ရွာပြန်သွားချိန်မှာ ငါ့ အစ်ကိုကလည်း မိန်းမခိုးသွားတယ်ကွ။ အိမ်မှာ လယ်တွေကလည်း တိုး လိုးတန်းလန်းပေါ့ကွာ။ ဒီနှစ်မှ လူ ငှားကလည်း ငှားမထားတော့ အ ဖေတစ်ယောက်တည်း မနိုင်မနင်း ပေါ့။ ဒီတော့ ငါကျောင်းထွက်ရ တာပေါ့ကွာ။ ကျောင်းတွေ ပြန် ဖွင့်တော့ ငါပြန်မတက်ရတော့ ဘူး။ တစ်ပတ်လောက်လည်း ကြာ ရော ငါ့သူငယ်ချင်းနှစ်ယောက်ကို ခေါ်ပြီး ဆရာဦးစံဝေရွာကို ရောက်ချလာပါရော။ အိမ်က အဖေ၊ အမေ
တွေလည်း ဆရာကိုယ်တိုင်လာခေါ်တာဆိုတော့ အားနာနာနဲ့ ပြန်ထည့်လိုက်ရတာ ပေါ့ကွာ။ ဒါနဲ့ပဲ ငါ့မှာ ကျောင်းပြန်တက်ခွင့်ရပြီး ဆယ်တန်းအောင်ခဲ့ရတာကွ”

ထိုကျောင်းသားဟောင်းကြီး က သူကန်တော့ခွင့် မရလိုက်တဲ့ သူ့ဆရာအကြောင်းကို လွမ်းလွမ်း  ဆွေးဆွေးကြီး ပြောပြပါတယ်။ ကျွန်တော့်မှာလည်း နားထောင်နေရင်း ကပဲ ကြည်နူးသလို၊ ၀မ်း သာသလို ဘယ်လိုမှန်းမသိတဲ့ခံစားမှုတစ်မျိုးနဲ့ မျက်ရည်များ တောင်ဝဲမိပါတယ်။ သြော်-ဟိုတုန်းကဆရာတွေရဲ့တပည့်တွေ အပေါ်ထားတဲ့ နွေးထွေးတဲ့ မေတ္တာတရား။ အသက် (၆၀) ပြည့်ခါနီးတာတောင် ကွယ်လွန်သွားတဲ့ ဆရာ့ကျေးဇူးတွေကို မမေ့မလျော့ ထုတ်ဖော်ပြောကြားနေတဲ့ တပည့်ဟောင်း
ကြီးတစ်ယောက်ရဲ့ ကရုဏာလွှမ်းတဲ့ ကျေးဇူးစကား။ ကောင်းရာသုဂတိကနေ ဆရာဦးစံဝေကြားနိုင်ပါစေလို့ ကြားထဲကနေ ကျွန်တော်ဆုတောင်းပေးနေမိပါတယ်။

အဲဒီအာစရိယပူဇော်ပွဲ အ ခမ်းအနားမှာပဲ သက်တော်ရှည် ဆရာဟောင်းကြီးတစ်ယောက် ပြောပြတဲ့အကြောင်းကလည်း ကြည်နူးစရာ ကောင်းလှပါတယ်။ ၁၉၇၀ လောက်ဆီက ကျောင်း ပေါင်းစုံဘောလုံးပြိုင်ပွဲလုပ်တော့ သူတို့ကျောင်းက ခရိုင်မှာ ပထမ ရသတဲ့။ ဒါနဲ့ ကလေးတွေကို ကျောင်းမှာ ဂုဏ်ပြုပွဲ ပြန်လုပ် တော့ ကလေးတွေက  tracksuit  လိုချင်ကြတယ်။ ကျောင်းကလည်း ဆင်းရဲတဲ့ကျောင်းဆိုတော့  tracksuit   ပေးနိုင်လောက်အောင် ရန် ပုံငွေကလည်း မရှိဘူး။ ကျောင်း ဂုဏ်ဆောင်ခဲ့တဲ့ ကလေးတွေရဲ့ ဆနကိုလည်း ဖြည့်ဆည်းပေးချင် တော့ ကျောင်းအုပ်ကြီးနဲ့တကွ ဆရာတွေ စုဝေးတိုင်ပင်ပြီးတော့ လောလောဆယ်လိုတဲ့ငွေကို တခြားကနေ အတိုးနဲ့လှည့်ပြီး ကလေးတွေကို ဂုဏ်ပြုပွဲလုပ်ပေး ခဲ့တယ်။ အဲဒီဂုဏ်ပြုပွဲမှာလည်း ကလေးတွေလိုချင်နေတဲ့  tracksuit  တွေ ၀ယ်ပေးနိုင်ခဲ့ကြတယ်။ နောက်ကျမှ ချေးထားတဲ့ငွေကို ကျောင်းမှာ ဘူးပင်စိုက်ပြီး ဘူး သီးရောင်းရငွေနဲ့ ပြန်ဆပ်ခဲ့ကြ တယ်တဲ့။ ဒီအကြောင်းကိုလည်း ဆရာတွေကလွဲပြီး ဘယ်ကျောင်း သားမှ မသိခဲ့ကြဘူးတဲ့။ ဆရာကြီး က  ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြတော့ ကျွန်တော့်ရင်ထဲ ကြည်နူးလိုက်တာ။

ဆရာမြို့မငြိမ်းရဲ့ လူချွန်လူ ကောင်းသီချင်းထဲက စာသားလေး တစ်ပိုင်းတစ်စကို ကျွန်တော်သတိ ရမိပါတယ်။ “ကလေးလေးတွေ ပညာရရှိဖို့တော့၊ အမိမိပုံသွင်၊ အာစရိတွေပင်၊ လူချွန်လူကောင်း လေးတွေဖြစ်အောင်၊ မြေတောင်မြှောက်ကာ မြှင့်တင်”တဲ့။ ခေတ်တွေ ဘယ်လိုပြောင်း ပြောင်း၊ စနစ်တွေ ဘယ်လိုပြောင်း ပြောင်း ဆရာ့ရဲ့ အဓိကလုပ်ငန်း တာဝန်ဟာ “ကလေးလေးတွေ ပညာရအောင် သင်ကြားပေးဖို့ပါ” လူချွန်လူကောင်းလေးတွေ ဖြစ် အောင် မြေတောင်မြှောက်ပေးကြဖို့ပါ” သူတို့လေးတွေရဲ့ အနာ ဂတ်ဟာ နိုင်ငံတော်ရဲ့ အနာဂတ်ပါ။ သူတို့လေးတွေရဲ့ အနာဂတ် ဟာ ဆရာတွေရဲ့လက်ထဲမှာပါ။ ပုဂလိကကျောင်းတွေ ပေါ်လာပြီ ဆိုပေမယ့်  အများစုကတော့ အစိုးရကျောင်းတွေကိုပဲ အားကိုးကြရမှာပါ။

ပါမောက္ခ ဆရာကြီး ဦးဧမောင်လိုကိုယ်မမြင်ဖူးတဲ့ အညတြ တောသားလေးတစ်ယောက်ရဲ့ အစွမ်းအစကို သိမြင်လို့ မရမက ခေါ်ယူပြီး မြေတောင်မြှောက်ပေးတဲ့ ဆရာမျိုးတွေ။ ကျောင်းထွက် ပြီး တောမှာ လယ်ပြန်လုပ်နေတဲ့ တပည့်ကို တောအထိ လိုက်ခေါ် ပြီး ကျောင်းပြန်တက်ခိုင်း၊ စာမေး ပွဲဝင်ဖြေခိုင်းတဲ့ ဦးစံဝေလို ဆရာ မျိုးတွေ။ ကိုယ့်တပည့်လေးတွေ ပျော်ပါစေဆိုတဲ့ ဆန္ဒနဲ့ကလေး တွေ မသိအောင်ဘူးပင် စိုက်ပြီး ရန်ပုံငွေရှာ၊ ကလေးတွေရဲ့ ဆန ကိုဖြည့်ဆည်းပေးခဲ့တဲ့ သက်တော်
ရှည်ဆရာဟောင်းကြီးတို့ရဲ့ အပြုအမူတွေဟာ ရင်ထဲနွေးရလောက်အောင် ကြည်နူးစရာ ကောင်းလှပါတယ်။ ဒီလိုဆရာတွေနဲ့သာ ကျွန်တော်တို့ရဲ့ ပညာရေးလောကကို တည်ဆောက်လိုက်ရရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့လည်း ကျွန်တော့်မှာ စိတ်ကူးတွေအယဉ် ကြီး ယဉ်နေမိပါတော့တယ်။            ။