အပ်ထည်အော်ဒါများ ပိုမိုရရှိလာသော်လည်း အထည်ချုပ်စက်ရုံများ တိုးမြင့်လာမှုမရှိသေးကြောင်း အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဦးမြင့်စိုးက ပြောသည်။
ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံရန် ပြည်ပလုပ်ငန်းရှင်များအများဆုံး စုံစမ်းမေးမြန်းသည့်လုပ်ငန်းများမှာ ဟိုတယ်လုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းဖြစ်ကြောင်း မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုသည်။ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယား စသည့်နိုင်ငံများသည် ပြည်တွင်း၌ အထည်ချုပ်လုပ်ငန်းများ ထူထောင်ရန် မေးမြန်းစုံစမ်းမှုများရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။ တရုတ်နိုင်ငံတွင် အလုပ်သမားခများ ဈေး နှုန်းမြင့်တက်လာသည့်အတွက် ဈေးသက်သာသည့်နိုင်ငံများသို့ ပြောင်းရွှေ့ရန် ဖြစ်သည်။
“အမေရိကန်ဆန်ရှင် မဖြုတ်သေးတော့ဝင်လာမှာ မဟုတ်ဘူး။ စောင့်ကြည့်လေ့လာနေတဲ့ အဆင့်ပဲ”ဟု အထည်ချုပ်လုပ်ငန်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာ အမေရိကန်နှင့် ဥရောပစီးပွားရေး ပိတ်ဆို့မှုမဖယ်ရှားပါက မလာ နိုင်သေးကြောင်း ဦးမြင့်စိုးက ရှင်းပြသည်။ ပြည်တွင်းသို့ အထည်ချုပ် လုပ်ငန်းများ ရုတ်တရက်များစွာ ၀င်ရောက်လာပါကလည်း ကျွမ်းကျင်လုပ်သား အခက်အခဲရှိနိုင်ကြောင်းလည်း ဦးမြင့်စိုးက ထပ်မံရှင်းပြသည်။ လက်ရှိမှာ ဂျပန်နိုင်ငံမှ အော်ဒါရသည့် စက်ရုံများမှာ လုပ်ငန်းများ အထူးကောင်းမွန်နေသည်ဟု သတင်းရရှိသည်။
ချုပ်ထည်များ ပြည်ပနိုင်ငံသို့ တင်ပို့ရမှုသည် ၂၀၀၇ မှ ၂၀၁၀ အတွင်း၌ ဂျပန်နိုင်ငံသည် အများဆုံးဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ချုပ်ထည်တင်ပို့နိုင်မှုသည် ကန်ဒေါ်လာ ၉၅ ဒသမ ၅ သန်းရှိပြီး ၂၀၁၀ ခုနှစ်တွင် ကန်ဒေါ်လာ ၁၈၃ ဒသမ ၄ သန်းထိတက်လာသည်။ ဒုတိယအများဆုံးတင်ပို့ နိုင်သည့် နိုင်ငံမှာဂျာမနီနိုင်ငံဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၇၄ သန်းဖိုး တင်ပို့နိုင်ခဲ့သည်။ “ရင်းနှီးမြှုပ်နှံမှုက မကြာမီ အချိုးညီမျှတဲ့ အနေအထားကို ရောက်လာမှာပါ”ဟု ဦးအောင်နိုင်ဦးက ရှင်းပြသည်။
လက်ရှိတွင် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုများသည် သဘာဝသယံဇာတအပေါ်တွင်သာ အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများနေသည်။ လုပ်သားအင်အားကို အခြေ
ခံသည့် ရင်းနှီးမြှုပ်နှံမှုများတွင် ငွေကြေးရင်းနှီးမှုပမာဏနည်းနေသည်။တိုင်းပြည်တစ်ခု တည် ဆောက်ရာတွင် လုပ်သားအင်အား အခြေခံသည့် Labour In-tensive လုပ်ငန်းများနှင့် စတင်ရလေ့ရှိကြောင်း စင်ကာပူနိုင်ငံ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှုနှင့် နှိုင်းယှဉ်၍ ပညာရှင်တစ်ဦးက ဟောပြောပွဲတွင် ရှင်းပြခဲ့ဖူးသည်။
စက်မှုလုပ်ငန်းများတွင် အလုပ်သမားအင်အားစု အများဆုံးမှာ အထည်ချုပ်လုပ်ငန်းများဖြစ်သည်။ “အထည်ချုပ်က ၀င်လာတာတစ်ခုတလေပဲ။ ဒါကလည်း နိုင်ငံခြားတိုက်ရိုက်ထက် မြန်မာနာမည်ခံရှဲဒိုးပဲ ၀င်တယ်” ဟု အ ထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။လက်ရှိအစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် စက်မှုဇုန်များ ဖော်ထုတ်ပေးလျက်ရှိသည်။ ကရင်၊ ရှမ်း၊ ရခိုင် စသည့်ပြည်နယ်များတွင် စက်မှုဇုန်များ ထပ်မံဖော်ထုတ်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဝင်းမြင့်၏ ပြောကြားထားသည်။
“ဘားအံစက်မှုဇုန်မှာတော့ အထည်ချုပ်စက်ရုံ နှစ်ခုသွားလုပ်နေပြီ။ ပြည်ပရင်းနှီးမြှုပ်နှံမှုတော့ မဟုတ်ဘူး။ ပြည်တွင်း လုပ်ငန်းရှင်ပဲ”ဟု ဦးမြင့်စိုးကဆိုသည်။
အထည်ချုပ်လုပ်ငန်းများတွင် ပြည်ပလုပ်ငန်းရှင်များ စိတ်ဝင်စားမှုသည် အခွန်သက်သာခွင့် အားသာချက်များကြောင့် ဖြစ်နိုင် ကြောင်း ကုန်သည်စက်မှုအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ အထည်ချုပ်လုပ်ငန်းများတွင် နိုင်ငံတော်မှရသည့် အခွန်မှာ ချုပ်ခ၏အပေါ်တွင်သာရှိပြီး ၂ ရာခိုင်နှုန်းသာပေးရကြောင်း အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အထည်ချုပ်လုပ်ငန်းများ သည် မြန်မာနိုင်ငံတွင် ၁၉၉၉-၂၀၀၀ ပြည့်နှစ်က အကောင်းဆုံး ဖြစ်ခဲ့ပြီး စက်ရုံပေါင်း (ပုဂ္ဂလိက နှင့် အစိုးရ) ၂၉၁ ခုထိရှိခဲ့သည်။ လက်ရှိတွင် ပြည်တွင်း၌ အထည် ချုပ်စက်ရုံသည် ၁၈၀ ၀န်းကျင်သာရှိသည်။ “လောလောဆယ် အိုတီကြေးနဲ့ ဘောနပ်စ်တို့နဲ့ဆိုတော့ မဆိုးပါဘူး။ အိုဗာတိုင်ကောင်းရင် လစာ
ကောင်းပါတယ်။ အပ်ထည် များများရဖို့လိုတယ်”ဟု ရွှေပြည်သာ စက်မှုဇုန်ရှိ YesII အထည်ချုပ်စက်ရုံမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
ထို့အပြင် အထည်ချုပ်စက်ရုံများ၏ လုပ်ငန်းပိုင်းတွင်လည်း ယခင်ကထက်စက်ပိုင်းဆိုင်ရာ နည်းပညာများ မြင့်လာကြောင်း သတင်းရရှိသည်။


