လာမည့် ဖေဖော်ဝါရီ ၂ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ရေတိမ်ဒေသနေ့အထိမ်းအမှတ်နှင့် မုတ္တမဒေသကို Ramsar ဒေသအဖြစ် သတ်မှတ်နိုင်ရေး
အတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေတိမ်ဒေသနေ့နှင့် မုတ္တမဒေသကို ရမ်ဆာဒေသအဖြစ် သတ်မှတ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ၀န်ကြီးဌာနနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအသင်း (BANCA) တို့က ပူးပေါင်းကျင်းပမည်ဖြစ်ပြီးကမ္ဘာ့ရေတိမ်ဒေသများထိန်းသိမ်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော ရမ်ဆာကွန်ဗင်းရှင်းမှ တာဝန်ရှိသူတစ်ဦးလည်း လာရောက်ကာ ပြည်တွင်း ပြည်ပပညာရှင်များနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။
ကမ္ဘာပေါ်တွင် အကောင်ရေ ၅၀၀ အောက်သာ ကျန်ရှိနိုင်တော့သည်ဟု ပညာရှင်များ ခန့်မှန်းထားကြသော ရေညှောင့်နှုတ်ဝိုင်းငှက်(Spoon BilledSandpiper) များမှာ ရာသီပြောင်းငှက်အဖြစ် မြန်မာနိုင်ငံရှိ မုတ္တမဒေသတွင် ကမ္ဘာ့အကောင်ရေ၏ ထက်ဝက်ခန့်လာရောက်ကျက်စားသည်ဟု ပညာရှင်များက ခန့်မှန်းထားသဖြင့် ထိုဒေသကို ၀ိုင်းဝန်းထိန်းသိမ်းရန် ဆွေးနွေးမည့် အလုပ်ရုံဆွေးနွေးပွဲလည်းဖြစ်ကြောင်း BANCA မှ ဥက္ကဋ္ဌဒေါက်တာထင်လှက ပြောကြားသည်။
မုတ္တမဒေသကို ရမ်ဆာဒေသအဖြစ် သတ်မှတ်နိုင်ပါက နိုင်ငံတကာ၏ အကူအညီများဖြင့် ထိုဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရေတိမ်ဒေသကို စနစ်တကျရေရှည် တည်တံ့အောင် ထိန်းသိမ်းသွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ ရမ်ဆာဒေသ ဆိုသည်မှာ ၁၉၇၁ ခုနှစ်တွင် ရမ်ဆာမြို့၌ ကမ္ဘာ့ရေတိမ်ဒေသများ ထိန်း သိမ်းရေးအတွက် ကျင်းပခဲ့သော ကွန်ဗင်းရှင်းကို ရမ်ဆာကွန်ဗင်းရှင်းဟု ခေါ်တွင်ခဲ့ပြီး ရမ်ဆာကွန်ဗင်းရှင်းမှာ ကမ္ဘာပေါ်ရှိ ဇီဝမျိုးစုံ မျိုးကွဲပေါများပြီး ရှားပါးစာရင်းဝင် ငှက်များနှင့် ကမ္ဘာ့ကောင်ရေသတ်မှတ်ရာခိုင်နှုန်းရှိလျှင် ရမ် ဆာဒေသအဖြစ် သတ်မှတ်ထိန်းသိမ်းသည့် အဖွဲ့အစည်းဖြစ်ကာလက်ရှိ ကမ္ဘာပေါ်တွင် ရမ်ဆာ
ဒေသအဖြစ် သတ်မှတ်ထားသော ဒေသပေါင်း ၁၉၅၀ ခုရှိပြီ ဖြစ်သည်။မြန်မာနိုင်ငံအနေနှင့် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၅ ခုနှစ်တွင် စတင်ဝင်
ရောက်ခဲ့သည်။


