အယ်ဒီတာ့ထံပေးစာ

7Day News Journal

ဆရာတစ်ဦး၏ ပြောစကား

မတ်လ ၁၅ ရက်နေ့ထုတ်  7Day News  ဂျာနယ်အတွဲ(၁၁)၊ အမှတ်(၂)တွင် ပါခဲ့သော မုံရွာမှ  တက္ကသိုလ်ဆရာတစ်ဦး၏ ရင်ဖွင့်သံကိုဖတ်မိလို့ ဒီစာကိုရေးလိုက်ရပါတယ်။ အနန္တောအနန္တငါးပါး ထဲမှာ တစ်ပါးအပါအ၀င်ဖြစ်တဲ့ ဆရာတစ်ဦးရဲ့ပြောစကားဟာ ပစ္စုပ္ပန်ရော၊ သံသရာမှာပါ ၀န်လေးစရာ စကားတစ်ခွန်းဖြစ်နေလို့ ကျောင်းသားမိဘတစ်ဦးအနေနဲ့ရော ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ပါ အယ် ဒီတာမှတစ်ဆင့် ပြောကြားလိုက်ပါရစေ။

လစာနဲ့ မလုံလောက်လို့ ကျူရှင်ပေးရတာပါဆိုခဲ့ရင် အခြားအစိုးရလခစားဝန်ထမ်းတွေ (ရာထူး
ရှိသော်လည်း ဌာနန္တရ မကောင်းသော)အနေဖြင့် အပိုဝင်ငွေရစရာမရှိသော်လည်း မယူမနေရ ကျူရှင်များ
နှိပ်စက်သဖြင့် ဒုက္ခရောက်နေကြရသော မူလတန်းအစ တက္ကသိုလ်အဆုံး ကျောင်းသားမိဘများကို ကိုယ်ချင်းစာငဲ့ညှာကြပါဦးဟူ၍သာ ပဏာမပြောလိုက်ပါရစေ။ ယခုခေတ်တွင် အများစုသော ဆရာ၊ ဆရာမများ ကျူရှင်ဖြင့်လုပ်စားနေကြသည်ကို မဟုတ်ပါဟုဆိုလာသည်မှာ ပြောင်ပြောင်တင်းတင်း ငြင်းဆန်ရာကျပါသည်။ အားနာပါးနာ ရာခိုင်နှုန်းအရ ပြောရပါလျှင် ၇၅ ရာခိုင်နှုန်းထက်မနည်းသော ဆရာများ လုပ်စားနေကြသည်မှာ ကျူရှင်ဝဋ်ကြွေးပေးဆပ်နေရသော ကျောင်းသားမိဘအများစု အသိဖြစ်ပါသည်။

ပြဿနာ၏ ဇာစ်မြစ်မှာ ကျောင်းတွင် စာကောင်းစွာမသင်ကြား၍ ကျူရှင်ယူကြရခြင်းဖြစ်ပါသည်။ ဆရာများဘက်က ပြောလာကြပါသည်။ ကျောင်းတွင် အတန်းထဲ၌ ကျောင်းသားများ မရှိ၍ဟု။ သို့ဖြစ်ပါ
လျှင် ကျောင်းသားမရှိ၍ စာမသင်တာလား၊ စာမသင်၍ ကျောင်းသားမရှိတာလား၊ သက်ဆိုင်ရာ ကျောင်း
အုပ်များ၊ ပါမောက္ခများ၊ ပါမောက္ခချုပ် များအသိဖြစ်ပါမည်။ ယခုအဖြစ်မှာ ဂျာအေးကို သူ့အမေရိုက်တာ လား၊ ကြက်ဥနှင့် ကြက်မ အစရှာ မရတာလား မည်သူမျှ အတပ်မပြောနိုင်ပါ။ နောက်ဆုံးအနေဖြင့် ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့သော တရားဓမ္မများတွင် သမ္မာအာဇီဝဖြင့် အသက်မွေးမှုမှန်သမျှ ခဲယဉ်းပင်ပန်းပါသည်ဟု သာဟောကြားခဲ့ပါသည်။ မိစာဇီဝမှန်သမျှ အသက်မွေးမှုလွယ်ကူသော်လည်း သရဏဂုံပျက်ရာ ပျက်ကြောင်းဖြစ်သည့်အပြင် ဥပသကာအဖြစ်မည်သည့်အခါမျှ မတည်နိုင်သော ဓမ္မန္တရာယ်ဘေးဆိုးကြီး ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်ကောင်းများ မိစာဇီဝနည်းဖြင့် အသက်မွေးရန် ခဲယဉ်းလှပါသည်။

သို့ဖြစ်ပါ၍ အနန္တဂိုဏ်းဝင် ဆရာတစ်ဦး ပစ္စုပ္ပန် အန္တရာယ်ကင်းဝေး၍ အသက်မွေးမှုလွယ်ကူသောနည်းကို သုံးရန် စဉ်းစားပြီ ဆိုလျှင် ထိုသို့သော ဆရာ၊ဆရာမများ၏သင်ကြားပို့ချမှုအောက်တွင် ရှိနေမည့် ကျောင်း
သားများ၏ ပစ္စုပ္ပန်နှင့်သံသရာအရေးကို တွေးတောကြောက်ရွံ့မိပါကြောင်းဗုဒ္ဓဘာသာဝင်ဝန်ထမ်းမိဘတစ်ဦး အနေဖြင့် ရင်ဖွင့်လိုက်ရပါသည်။
ကျောင်းသားမိဘတစ်ဦး
 

7daynewsjournal.com