ဆံပင်အလှပြင်ရာတွင် အမျိုးအစားမသိဆေးများသုံး၍ အပူလောင်ဒဏ်ရာများရရှိပြီး ဆံပင်များကျွတ်သွားသူ အမျိုးသမီးနှစ်ဦးက အလှပြင်သူများအား အရေးယူပေးရန် တိုင်ကြားထားမှုလှိုင်သာယာမြို့နယ်၌ ယခုလ ၁၀ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
လှိုင်သာယာမြို့နယ် ၂ရပ်ကွက်နေသူ မ--နှင့် အဒေါ်ဖြစ်သူတို့ကို နေအိမ်တွင် ပြုလုပ်သော မောင်ဖြစ်သူ၏ မင်္ဂလာဆောင်၌ အလှပြင်ပေးသည့် အလှဖန်တီးရှင် အမျိုးသားသုံးဦးက ဆံပင်ပြု ပြင်ပေးခဲ့သည်ဆို၏။ ဆံပင်ပြုပြင်ရာတွင် အမျိုးအစားမသိသော ဆေးရည်များသုတ်လိမ်းခြင်း၊ လောင်းချခြင်းကြောင့် ဦးခေါင်းနှင့် မျက်လုံးများ ပူလာသဖြင့်မည်သည့်ဆေးရည်သုံးကြောင်း မေးမြန်းစဉ်တွင် အဆိုပါ အလှဖန်တီးရှင်အမျိုးသားသုံးဦးမှာ ထွက်ပြေးသွားခဲ့သည်ဟုဆိုသည်။ မ--နှင့် အဒေါ်ဖြစ်သူတို့နှစ်ဦးမှာ ဆံပင်များ ကျွတ်ထွက်ပြီး ငယ်ထိပ်တွင် အပူလောင်ဒဏ်ရာများ ရရှိသောကြောင့် လှိုင်သာယာ ဆေးရုံ၌ ပြင်ပလူနာအဖြစ် ကုသခဲ့ရ၍ အလှဖန်တီးရှင်သုံးဦးအား လှိုင်သာယာရဲစခန်းတွင် (ပ)၁၇၇/၁၂ ပုဒ်မ ၃၂၄/၁၁၄ ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း သတင်းရရှိသည်။


