ညအမှောင်အတွင်း အဖော်မပါဘဲ ပြန်လာသူ အသက်ကြီးရင့်သူကို အမှောင်အားကိုးနှင့် အဓမ္မပြုကျင့်ရန် အားထုတ်ကြိုးစားခဲ့၍ လာရောက်တိုင်တန်းခဲ့သော ဖြစ်စဉ်တစ်ခု ဇန်န၀ါရီ ၂၈ရက်က နေပြည်တော် ပျဉ်းမနား၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
နေပြည်တော် ပျဉ်းမနား .. ကျေးရွာနေ ဒေါ်..(၅၃)နှစ်သည် ဇန်န၀ါရီလ ၂၇ ရက်ည ၈ နာရီအချိန်က အသိမိတ်ဆွေ၏နေအိမ်မှ ပြန်လာစဉ်လူမနေသည့် အိမ်
ရှေ့အရောက် မီးများမှောင်မိုက်နေသည့်ကြားထဲမှ အမျိုးသားတစ်ဦးကဒေါ်..အား ပါးစပ်ပိတ်အတင်းဆွဲပွေ့ကာအနီးရှိ လူမနေသည့် အိမ်ဝင်းထဲသို့ အတင်းဆွဲခေါ်ခဲ့သည်။ ထိုစဉ် ရုတ်တရက်ထိုးသောဆိုင်ကယ်မီးအလင်းရောင်ကြောင့် ဒေါ်..(၅၃)နှစ်အား ဆွဲသူမှာ တစ်ရပ်တည်းနေဆန်းဝင်း (၃၅နှစ်)ဖြစ်ကြောင်း သိရသည်ဟုဆိုသည်။
ဒေါ်.. (၅၃)နှစ်က အော်ဟစ်ရုန်းကန်သော်လည်း ဆန်းဝင်းက လုံးဝမလွှတ်ဘဲ ဒေါ်..အား အဓမ္မပြုကျင့် ရန် ကြိုးစားသောကြောင့် ၎င်းအား ရင်ဘတ်မှ တွန်းပြီး ခြေထောက်ဖြင့်ကန်ရာ လဲကျသွားစဉ် ဒေါ်..လည်း ထွက်ပြေးခဲ့သည်ဟုဆိုသည်။အမှောင်အားကိုးပြီး ကာမရယူရန် အဓမ္မကြိုးစားအားထုတ်ခဲ့သူ ဆန်းဝင်းအား ဥပဒေအရ အရေးယူပေးပါရန် တိုင်ကြားလာ၍ နေပြည်တော်ပျဉ်းမနား ရဲစခန်း(ပ)၉၀/၂၀၁၂ ပုဒ်မ ၃၇၆/ ၅၁၁ (အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်မှု)အရ အမှုဖွင့်ထားသည်။
“အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ငယ်တယ်ဆိုပြီးလည်း ဒါမျိုးတွေမကြုံရဘူးလို့မထင်ပါနဲ့။ အဲလိုပါပဲအသက်အရွယ်ရလာပြီဆိုပြီးလည်း မပေါ့ဆကြနဲ့။ အသွား
မတော်တစ်လှမ်းဆိုသလို အလစ်ဖမ်းဖို့ကြံနေတဲ့ အကြံသမားတွေနဲ့တွေ့ရင် ဒုက္ခများသွားတတ်ပါတယ်”ဟု နေပြည်တော်ရဲချုပ်ရုံးမှုအဆင့်မြင့်ရဲအရာရှိတစ်ဦးကပြောသည်။


