(တစ်)
ဝတ္ထုဆန်ဆန်၊ ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်တို့နှင့် တင်းကျမ်း ပြည့်နှက်နေသည့်အတွက် ခေတ်သစ် သမိုင်းဆရာတို့အနေနှင့် လုံးစေ့ပတ်စေ့ ဘ၀င်ကျနိုင်စရာ အကြောင်းမရှိသော “ဦးကုလား မဟာရာဇ၀င်ကြီး”၏ အလိုအရ ဆိုလျှင်ဖြင့် ပုဂံဘုရင်တစ်ပါး၏ ကျဆုံးခန်းသည် ရေအိမ်နှင့် ပတ်သက်နေပါလေသည်။ ဟုတ်ပါသည် ရေအိမ်။ သည်နေ့အိမ်သာဟု ခေါ်ဝေါ်သုံးနှုန်းနေကြသည့် ရေအိမ်။
ပုဂံခေတ်က ခမည်းတော် အလောင်းစည်သူမင်းကို သေအံ့မူးမူး အခြေအနေသို့ ရောက်ရှိနေသည် မှန်ပါလျက် ဘုရင်အမြန်ဖြစ်လိုဇောဖြင့် လုပ်ကြံခဲ့သည်ဆိုသော အဖသတ်သား နရသူ၊ နောင်တော်မင်းရှင်စောကို လုပ်ကြံခဲ့သော နရသူ၊ နာမည်ကျော် ဓမ္မရံကြီးဂူဘုရားကို တည်ထားခဲ့သော နရသူ၊ ထိုနရသူ၏ မိဖုရားတစ်ပါးက ပဋိက္ကရားမင်း၏ သမီးတော်ဖြစ်ပါသည်။ ဘုရင်နရသူက ရေအိမ်သို့ ၀င်လေသောအခါ သန့်သက်ရေ တစ်နည်းအားဖြင့် ကိုယ်လက်သန့်စင်ရန် ရေကိုမဆောင်ယူဘဲ ၀င်ခဲ့ရာ ပဋိက္ကရားမင်းသမီးက မယူဆောင်ရကောင်းလားဟု အပြစ်တင်ပါ၏။ ဤတွင် ဘုရင်နရသူ အမျက်ထွက်ကာ ကွပ်မျက်ပါလေသည်။ ယင်းကို ပဋိက္ကရားမင်းက မကျေမနပ်ဖြစ်လေရာ ပုဏ္ဏားရှစ်ယောက်ကို ပုဂံသို့ စေလွှတ်ပြီး နရသူကို လုပ်ကြံခိုင်းခဲ့ကြောင်း၊ သို့ဖြင့် အိမ်တော်ရှင်ခေါ် နရသူခေါ် ကုလားကျမင်း နတ်ရွာစံခဲ့ရကြောင်း ထိုရာဇ၀င်တို့က ဆိုကြရာ ရေအိမ်သို့ဝင်စဉ် ရေမသုံးသည့်အတွက် ပြဿနာစခဲ့ရကြောင်း မြင်သာထင်သာ ရှိနေသည့်အတွက် ပုဂံခေတ်က အိမ်သာတွေမှာ ရေသုံးနေပြီလားဟု စဉ်းစားစရာဖြစ်ပါသည်။
ခေတ်သစ်သုတေသီတို့၏ အဆိုအရမူ အိမ်သာ၌ ရေဖြင့် သန့်စင်ခြင်း လုပ်ငန်းကို ခရစ်နှစ် ၁၇၇၅ ခုနှစ်ကမှ စသည်ဟု ဆိုပါ၏။ ထား။
နောက်တစ်ခါ ရေအိမ်ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပြန်သည်က ဘိုးတော်ဘုရားပဲ ဖြစ်ပါသည်။ ကုန်းဘောင်ခေတ်၌ အလောင်းဘုရားပြီးနောက် နန်းတက်သည့် သူ၏ပထမသားတော် နောင်တော်ကြီးမင်း လွန်သော် ဒုတိယသားတော် ဆင်ဖြူရှင် နန်းတက်ပါသည်။
ဆင်ဖြူရှင်က သားတော် စဥ့်ကူးမင်းအား အိမ်ရှေ့မင်းပေးပြီး အင်းဝ၌ နန်းစံနေခဲ့ရာ အလောင်းဘုရား၏ တတိယသားတော်ဖြစ်သူ ဘိုးတော်ဘုရားသည် စစ်ကိုင်းတွင် မင်းသားဘ၀ဖြင့် အိမ်နိမ့်စံ နေခဲ့ရဖူးပါသည်။ သို့ဖြင့် နောင်သော် ဘိုးတော်ဘုရား အမရပူရ၌ နန်းတက်ပါသည်။ ထိုအခါ စစ်ကိုင်း၌ နေရစဉ်က သူငယ်ချင်းများ ဖြစ်ခဲ့ကြသော ဦးမှော် ဒေါ်တုတ်တို့ ဇနီးမောင်နှံက နန်းတော်သို့ လိုက်ချလာခဲ့ရာ ဘိုးတော်ဘုရားက ကောင်းမွန်စွာ ကြိုဆိုဧည့်ခံပြီး နန်းဓလေ့ကို လိုက်လံပြသစဉ် ရေအိမ်လည်း ပါလာပါသည်။ ဤတွင် ဘုရင့်ရေအိမ်တွင်း၌ ရေအင်တုံနှင့် ပိုးပ၀ါကိုတွေ့ရာ ဘိုးတော်ဘုရားက အညစ်အကြေးကို ရေဖြင့် သန့်စင်ပြီးသော် ပိုးပ၀ါဖြင့် လက်ကို သုတ်ရကြောင်းဆိုရာ ငယ်သူငယ်ချင်းတို့က တုတ်ခနောင်းနှင့်မှ အားရကြောင်း ပြောဆိုပုံများကို မှော်ဘီဆရာသိန်းကြီး၏ “ပါးစပ်ရာဇ၀င်”ထဲ၌ ဖတ်ခဲ့ရသည်များကို အမှတ်ရနေမိပါသည်။ ပါးစပ်ရာဇ၀င် ဆိုပြန်တော့လည်း ဘိုးတော်ဘုရား အိမ်သာတက်သောအခါ ရေသုံး၊ မသုံးဆိုသော ကိစ္စကို ထားလိုက်ပါလေတော့။
သို့သော် တစ်ခုသေချာသည်မှာကား ကျွန်တော်တို့နိုင်ငံ၌မူ ယခုအထိ အိမ်တိုင်းအိမ်တိုင်း၌ ရေလောင်းအိမ်သာ မရှိကြသေးသလို လူတိုင်းလူတိုင်းတို့ကလည်း ရေဖြင့် ဆေးကြောသန့်စင်သမှု မပြုကြသေးခြင်းပင် ဖြစ်ပါလေသည်။
(နှစ်)
ကွယ်လွန်သူ စာရေးဆရာကြီး မောင်ထင်၏ “မြင်ဝါတောင်”ကို ဖတ်ခဲ့ရစဉ်က မြန်အောင်၊ ကြံခင်းတစ်ကြော ရခိုင်ရိုးမကြီး၏ နံဘေးရှိ မြင်ဝါတောင်ဝန်းကျင်က ရွာကလေးများသို့ ဆရာမောင်ထင် ရောက်သွားစဉ် အိမ်သာဟူသော ဝေါဟာရကို မကြားဖူးသလို မျက်နှာပေးဖြင့် ၀ိုင်းကြည့်နေခဲ့ကြပြီး သူကြီးအိမ် တစ်အိမ်ထဲ၌သာ အုပ်ချုပ်ရေးဆိုင်ရာ အရာရှိ အရာခံများ ရောက်လာပါက အသုံးပြုရန် မည်ကာမတ္တအိမ်သာကလေးကို မီးဖိုချောင်နှင့် တွဲထားရာ ခြေတံရှည် မီးဖိုချောင်ဖြစ်သဖြင့် အညစ်အကြေးတို့ မြေပြင်ဆီကျသွားလိုက် ၀က်များက ပြေးစားလိုက် လုပ်နေပုံကို ထိုစဉ်က မြို့ပိုင်ဖြစ်သူ ဆရာမောင်ထင် သရုပ်ဖော် ရေးခြစ်ထားခဲ့ရာ ကျွန်တော်တို့ ပြုံးခဲ့ကြရဖူးပါသည်။
တကယ်တော့ သည်နေ့အထိလည်း အိမ်သာဟူသည့် ဝေါဟာရကို နားမလည်ကြသူတွေက ကျေးလက်တောရွာ တော်တော်များများမှာ ရှိနေကြပါသေးသည်။ “တောထိုင်” သည်ဟူသည့် သူတို့၏ ဝေါဟာရအတိုင်း တကယ့်ကို တောစပ်တစ်နေရာရာသို့ ပြေးကာ အညစ်အကြေးစွန့်ခြင်း ကိစ္စကို ဖြေရှင်းနေကြဆဲ ရှိပါသေးသည်။ တုတ်နှင့် ရှင်းသူကရှင်း စက္ကူနှင့် ရှင်းသူကရှင်း။ မြစ်တွေ ချောင်းတွေကို အခြေခံကာ မြို့ရွာတည်ထောင်ထားသည့် နေရာတွေမှာ မြစ်ကမ်း၏ ချောင်းကမ်းစပ်ဆီမှာ အိမ်သာကလေးတွေ တန်းစီလို့။ မလှမ်းမကမ်းမှာဖြင့် အ၀တ်လျှော်သူကလျှော် ရေချိုးသူကချိုး။ နာမည်ကျော် အင်းလေးကန်ကြီးထဲမှာပင်လျှင် အညစ်အကြေးကို ကန်ထဲသို့ စွန့်နေရပါသေးသည်။
အချို့အချို့သော မြို့ခပ်ရွယ်ရွယ်ကလေးတွေဆီမှာ တည်းခိုခန်းမရှိ။ ထို့ပြင် အများသုံး သန့်စင်ခန်း မရှိ။ ရပ်ဝေးက ဧည့်သည်တစ်ယောက်ယောက် ရောက်လာပြီဆိုလျှင် ဘယ်မှာ ကိုယ်လက်သန့်စင်ရမည် မသိ။ ရန်ကုန်လို မြို့ကြီးမှာပင်လျှင် ကမ္ဘာလှည့် ဧည့်သည်တို့အတွက် မျက်နှာမငယ်ရသော အဆင့်မြင့် အများသုံးသန့်စင်ခန်း မရှိသေးသည်ကို အများအသိ ဖြစ်ပါသည်။
(သုံး)
ကမ္ဘာကို လှမ်းမျှော်ကြည့်လိုက်တော့ အိမ်သာဇာတ်လမ်းတွေက တော်တော့ကို စိတ်ဝင်စားဖို့ ကောင်းပါသည်။
အင်္ဂလန်လက်ရွေးစင် ဘောလုံးအသင်း၏ နည်းပြဖြစ်ခဲ့သူ အဲရစ်ဆင်ဆိုလျှင် ပေါင် ၂ ဒသမ ၃ သန်းဖြင့် ၀ယ်ထားသည့် ရီးဂျန့်ပန်းခြံအနားက အိမ်တွင် သူ၏အိမ်သာကို နံရံလေးဘက်လုံး မှန်အကြည်ဖြင့် ကာထားသည်ဟု ဆိုပါသည်။
ကမ္ဘာကျော် အာဂျင်တီးနားအသင်း၏ တိုက်စစ်မှူးဖြစ်ခဲ့သူ မာရာဒိုနာ ၂၀၁၀ ခုနှစ် တောင်အာဖရိကတွင် ကျင်းပသည့် ကမ္ဘာ့ဖလားပွဲသို့အလာ သူ့အိမ်သာကို သူယူလာဖူးပါသည်။ E-Bidet တံဆိပ်တဲ့။ ထိုင်ခုံကို အပူပေးလို့ ရသတဲ့။ လေမှုတ်စက်၊ အခြောက်ခံစက်၊ လက်ဆေးကြွေဇလုံ၊ ရေဇလုံ၊ ရေတိုင်ကီ၊ ပိုက်ခေါင်းခလုတ် အကုန်ပါသတဲ့။ ၄၅၀ ဒေါ်လာ တန်သတဲ့။ မြန်မာငွေ ငါးသိန်းလောက်တန်သည့် ဖင်ထိုင်ခုံဟုပဲ ဆိုပါတော့။
Nuim တံဆိပ် အိမ်သာကတော့ တော်တော်ကလေး ဈေးကြီးပါသည်။ ရေဆွဲခလုတ်က အော်တို။ အဖုံးအဖွင့်အပိတ်က အော်တို။ ရေပန်းက အော်တို။ အခြောက်ခံစက်က အော်တို။ ထိုင်ခုံက ကြိုက်သလိုရွှေ့။ ခြေထောက်ကို အနွေးပေးသော စက်နှင့်။ FM လိုင်းတွေ MP3 တွေနှင့်။ ဒေါ်လာ ၆၃၀၀ ဆိုတော့ မြန်မာငွေ သိန်း ၅၀ လောက် တန်နေသည့် ထိုင်ခုံ။
ဇင်ဘာဘွေသမ္မတ ရောဘတ် မူဂါဘီကမူ ကုန်စည်ပြပွဲတစ်ခုသို့ တက်ရောက်နေခိုက် သူ၏အိမ်သာကို လုံခြုံရေးယူရသူ ရဲဖြစ်သည့် “အလိုအစ်မက်ဘ်ဟူနျူ”က အိမ်သာဝင်တက်သဖြင့် ထောင် ၁၀ ရက်ပင် ချပစ်ခဲ့ဖူးပါသည်။
အိန္ဒိယနိုင်ငံကမူ အိမ်သာစနစ် ဆိုးပုံရပါ၏။ စီးပွားရေးမြို့တော် မွမ်ဘိုင်းရှိ ရာဖစ်နာဂါဟူသော ရပ်ကွက်၌ မိသားစု ၂,၀၀၀ လူ ၁၀,၀၀၀ တွင် လက်ကိုင်ဖုန်း လူတိုင်းရှိသော်လည်း ကိုယ်ပိုင်အိမ်သာလည်း မရှိ။ အများဆုံး အိမ်သာလည်း မရှိ။ in the open ခေါ် တောထိုင်သည့်နည်းတဲ့။ အချို့ရပ်ကွက်များ၌မူ အများသုံးအိမ်သာ ရှိသော်လည်း တန်းစီလျှင် တစ်နာရီခန့် စောင့်ရတတ်ပြန်လေသတဲ့။ သည်တော့ တစ်ခါသုံးပြီးလျှင် လွှင့်ပစ်ရသည့် One Use အိမ်သာကလေးတွေက နှစ်ရူပီးပဲ ပေးရလေရာ သုံးပျော်သော်လည်း ဟိုပစ်သည်ပစ်က တစ်ခက်။ လူဦးရေသန်းတစ်ထောင်တွင် ဖုန်းရှိသူက သန်း ၆၇၀၊ အိမ်သာသုံးသူက ၃၆၆ သန်းဟု ဆိုသဖြင့် လစ်သလို ကိစ္စရှင်းနေသူတွေက သန်း ၆၅၀ တောင်မှ ဆိုသည့်သဘော။
တရုတ်ပြည်ကမူ အိမ်သာကို ရှေ့တွင်လည်း အကာအရံမထား၊ လူတစ်ယောက်နှင့်တစ်ယောက် ကြားတွင်လည်း ဘာမှအကာအရံ မထားသဖြင့် တစ်ယောက်နှင့်တစ်ယောက် မိမွေးတိုင်း ဖမွေးတိုင်း မြင်လျက် ကိစ္စရှင်းနေကြရသည်မှာ တော်တော့ကို မျက်နှာအထားရ ခက်ပါသည်။
ကမ္ဘာ၌ ကမ္ဘာ့အိမ်သာအဖွဲ့ ဟူသည်ကလည်း ရှိထားရာ အဖွဲ့ခေါင်းဆောင် ဂျက်ဆင်းမ်က တရုတ်ပြည်၏ အိမ်သာစနစ် ညံ့ဖျင်းမှုကြောင့် ကမ္ဘာ့လှည့်ခရီးသည်တို့ တွန့်ကြရွံ့ကြကြောင်း မြွက်ဟခဲ့ရာ ယခုဘေဂျင်း (Beijing)၌ သန့်စင်ခန်းများကို နာရီဝက်တစ်ခါ သန့်ရှင်းရမည် ဟူသတတ်။ ယင်ကောင်နှစ်ကောင်ထက် မပိုရ။ ပိုသော် သန့်ရှင်းရေးဝန်ထမ်းကို အရေးယူမည် ဟူသတတ်။
ကမ္ဘာပေါ်၌ ခေတ်မီသန့်ရှင်းသည့် အိမ်သာကို အသုံးပြုသူမှာ ၂ ဒသမ ၅ ဘီလီယံသာ ရှိသည်ဆိုရာ ကမ္ဘာ့လူဦးရေက ၆ ဘီလီယံပဲ ထားပါဦး၊ ၄ ဘီလီယံ (သို့မဟုတ်)လူဦးရေသန်း ၄၀၀၀ လောက် ဖြစ်သလို ကိစ္စရှင်းနေသည့် သဘောပင် ဖြစ်ပါသည်။
ဒါ့ကြောင့်များလားမသိ။ ကွန်ပျူတာသူဌေးကြီး ဘီလ်ဂိတ်က အိမ်သာကိစ္စအတွက် ငွေတွေ သုံးနေလိုက်တာ။ အိမ်သာထဲမှာ နေရောင်ဖြင့် ရေကိုပြန်သုံးနိုင်ရန် စမ်းသပ်ဖို့အတွက် ကယ်လီဖိုးနီးယား နည်းပညာသိပ္ပံသို့ ဒေါ်လာတစ်သိန်း၊ အခြားတက္ကသိုလ်ရှစ်ခုသို့ ဒေါ်လာလေးသန်း၊ သန့်စင်ခန်းစနစ် ခေတ်မီတိုးတက်ရေး စမ်းသပ်မှုအတွက်သုံးရန် ဒေါ်လာ ၃ ဒသမ ၄ သန်းတဲ့။ စုစုပေါင်းဒေါ်လာ ၆ သန်းကျော်၊ ၇ သန်း လျာထားသည့်သဘော။ မြန်မာငွေ ကုဋေ ၆၀၀ ကျော်၊ ၇၀၀ သုံးမည့် အစီအစဉ်ဟုပဲ ဆိုကြပါစို့။
ကျွန်တော်ကတော့ မြန်မာတစ်နိုင်ငံလုံးတွင် လင်းလင်းကျင်းကျင်းနှင့် ခြောက်သွေ့သန့်ရှင်းသည့် သန့်စင်ခန်းတွေ မလုပ်နိုင်သေးလျှင်ရှိစေ။ လူဝင်လူထွက် များပြားသည့် အထူးသဖြင့် နိုင်ငံတကာဧည့်သည် များပြားသည့် ရန်ကုန်လို၊ မန္တလေးလို၊ တောင်ကြီးလို ပုဂံလိုမြို့များ၌ အဆင့်မြင့် သန့်စင်ခန်းကြီးတွေ ရှိစေချင်ပါသည်။ မြို့တိုင်းလိုလိုတွင် အကောင်အထည် ဖော်နိုင်တော့ လည်း ပို၍ကောင်းသည်ပဲပေါ့။ သို့သော် အချို့အချို့၏ စုတ်ပြတ်ညံ့ဖျင်းလှသော စိတ်ဓာတ်တွေကိုတော့ ပြောင်းလဲရမည်ဖြစ်ပါ၏။ လူဆိုသည်မှာ ကိုယ့်အညစ်အကြေးကို ကိုယ်သန့်စင်အောင်လုပ်ဖို့ တာဝန်ရှိပါသည်ဆိုသော မဟတ္တမဂန္ဒီ၏ စကားလောက်ကိုမှ သဘောမပေါက်သူ လူ့တိရစ္ဆာန် (Animan) တွေကလည်း အများသား မဟုတ်လား။ ။


