May 20, 2012

အဲကမ္ဘောဇလေယာဉ် ဘီးစနစ်ချို့ယွင်း၍ ဝေမ်းဗိုက်ဖြင့် ဆင်းရသော်လည်း ခရီးသည်များ ထိခိုက်မှုမရှိ

7Day News Journal
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၇

အိဖြူလွင်၊ အောင်သူရ
ဟဲဟိုးမှ သံတွဲသို့ ဆင်းသက်လာသော အဲကမ္ဘောဇလေကြောင်းလိုင်းပိုင် ATR 72-500 အမျိုးအစား လေယာဉ်တစ်စီးသည် ဘီးစနစ်ချို့ယွင်းမှုကြောင့် လေ ယာဉ်ဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရသော်လည်း ခရီးသည်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဟု သံတွဲလေဆိပ်လေကြောင်းထိန်းတာဝါမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယနေ့ နံနက် ၁၀ နာရီမိနစ် ၅၀ ခန့်တွင် ရန်ကုန်မှ ညောင်ဦး၊ ညောင်ဦးမှ ဟဲဟိုး၊ ဟဲဟိုးမှ သံတွဲ လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်း၌ အရှိန်လွန်ကာ ပြေးလမ်းဘေးရှိ သဲပုံနှင့်တိုက်ပြီး လေယာဉ်မှာ ရပ်တန့်သွားခြင်းဖြစ်သည်။ထိုသို့ဖြစ်ပွားခဲ့သဖြင့် သံတွဲမှ ရန်ကုန်သို့ ပြန်မည့်ခရီးသည်များအား လေယာဉ်နောက်တစ်စီးဖြင့် သွားရောက်ခေါ်ယူခဲ့သဖြင့် ပြည်ပနိုင်ငံများသို့ ပြန်မည့် ဧည့်သည်များပါ အဆင်ပြေခဲ့သည်ဟုသတင်းရရှိသည်။ “သုံးစီး ပျံနေရာကနေ နှစ်စီးဖြစ်သွားတော့ ခရီး
သည်တွေကို တခြားလေကြောင်းနဲ့ ပြောင်းထည့်ရတာကတော့ အခက်အခဲဖြစ်သွားတာပေါ့”ဟု ရန်ကုန်အခြေစိုက် ခရီးသွားလုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ထိုသို့ ဖြစ်ပွားခဲ့သည်မှာ အသေးစားချို့ယွင်းမှုဖြစ်ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု အဲကမ္ဘောဇ လေကြောင်းမှ လက်ထောက်အ ထွေထွေမန်နေဂျာကိုမြတ်သူက ပြောသည်။    အဆိုပါလေယာဉ်တွင် နိုင်ငံခြားသားခရီးသည် ၄၀ ဦး၊ ပြည်တွင်းခရီးသည် ၁၂ဦး၊ လေယာဉ်ဝန်ထမ်းငါးဦး စုစုပေါင်း ၅၇ဦး လိုက်ပါလာသည်။

အဲကမ္ဘောဇလေကြောင်းလိုင်းအား ၂၀၁၀ ပြည့်နှစ် ဧပြီ ၂ ရက်တွင် စတင်ပျံသန်းခဲ့ပြီး အချိန်အတိအကျ ပျံသန်းပေးသဖြင့် နာမည်ရလာသော လေကြောင်းလိုင်း တစ်ခုဖြစ်သည်။    ခရီးသွားဧည့်သည်အလာများသောနှစ်တွင်ပြည်တွင်းလေကြောင်းလိုင်းများ တစ်ခုပြီးတစ်ခု မကြာခဏပြဿနာပေါ်မည်ကို စိုးရိမ်မိကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောသည်။ အာမခံကုမ္ပဏီမှ တာဝန်ရှိသူများလာရောက်စစ်ဆေးခံရန် ထိုလေယာဉ်ကို ပြေးဆွဲမှုမပြုလုပ်သေးဘဲ ရပ်နားထားကြောင်း သတင်းရရှိသည်။