ထွက်ခွာမည့်နေ့မတိုင်မီ ၁၀ ရက်စော၍ အဲပုဂံလေကြောင်းလိုင်းမှ အစုအဖွဲ့အတွက်မှာယူထားသော လေယာဉ်ခရီးစဉ်များအား အတည်ပြုပေးရန် အဲပုဂံလေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။
မည်သို့သော အကြောင်းကြောင့်ဖြင့်ဖြစ်စေ ထွက်ခွာမည်နေ့မှ ၁၀ရက်အတွင်း ခရီးစဉ်ဖျက်သိမ်းခြင်းရှိလာပါက စုစုပေါင်းလေယာဉ်လက်မှတ်တန်ဖိုး၏ ၂၅ ရာခိုင်နှုန်းအား ခရီးစဉ်ဖျက်သိမ်းကြေးအဖြစ် သတ်မှတ်ကောက်ခံမည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
““၀ယ်ထားတဲ့ခရီးစဉ်တွေကို အနားနီးလာတာနဲ့ ဖျက်တဲ့လူတွေများလာလို့ အခုလိုသတ်မှတ်ရတာပါ”” ဟု အဆိုပါ လေကြောင်းလက်မှတ်ရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။
ယခုနှစ် ခရီးသွားရာသီတွင် ဧည့်သည်ဝင်ရောက်မှုများပြားလာ သဖြင့် လက်ရှိရှိနေသော ဟိုတယ်၊ ကားနှင့်လေယာဉ်လက်မှတ်များ ရရှိရန်ခက်ခဲသောကြောင့် ဧည့်သည်များမှာလည်း မိမိတို့ဝယ်ယူမည့် ခရီးစဉ်များရရှိရန် ခရီးသွားကုမ္ပဏီသုံးလေးခု အဆင့်ဆင့်မှာကြားကြသည်။
““လေယာဉ် လက်မှတ်မှာတင်မဟုတ်ဘူး။ ဟိုတယ်အခန်းလဲ ဒီနှစ်ဒါမျိုးတွေ ခဏခဏကြုံရတယ်။ ဧည့်သည်တစ်ဖွဲ့ထဲကနေ ကုမ္ပဏီသုံးလေးခုနဲ့ ဘွတ်ကင်လုပ်တယ်”” ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ယခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ရန်ကုန်အဲဝေး ရပ်နားခဲ့သဖြင့်လက်ရှိတွင် အဲပုဂံနှင့်အဲမန္တလေး လေကြောင်းလိုင်း ၂ ခုသာ ပြည်တွင်းခရီးစဉ်များပျံသန်းပေးနေပြီး အချို့နေ့များတွင် ဧည့်သည်များမနိုင်သဖြင့် လေဆိပ်၌ ချန်ထားခဲ့ရသည်များရှိလာကြောင်းသိရသည်။


