May 20, 2012

အဖြစ်များလာတဲ့ ၀က်သက်ရောဂါ

Photo

နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ ဖေဖော်ဝါရီလများတွင် အဖြစ်များလေ့ရှိသော တစ်ဦးမှတစ်ဦးသို့ ကူးစက်မှုမြန်ဆန်သည့် ၀က်သက်ရောဂါသည် ယခုအချိန်တွင် လူထုအကြား၌ ဖြစ်ပွားမှုများပြားနေကြောင်းသိရသည်။

ဝက်သက်ရောဂါသည် အသက်ငါးနှစ်အောက်ကလေးများတွင် အများဆုံးဖြစ်ပွားလေ့ရှိပြီး ငယ်ရွယ်စဉ်မဖြစ်ခဲ့သည့်သူများတွင်လည်း အသက်ကြီး
သည့်အခါမှ ၀က်သက်ရောဂါ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးထပ်မံဖြစ်ပွားနိုင်သည့်ရောဂါဖြစ်သည်။ဝက်သက်ရောဂါသည် နှစ်စဉ် ဖြစ်ပွားလေ့ရှိနေသေးသော ရောဂါတစ်ခုဖြစ်သော်လည်း ကာကွယ်ဆေးများထိုးနေသည့်အချိန်အတွင်းမှာပင် ၂၀၁၁ အတွင်း ယခင်နှစ်များထက် ဖြစ်ပွားမှုများပြားလာခဲ့ပြီး ကာကွယ်ဆေး မထိုးလိုက်ရသည့်ကလေးများ တဖြည်းဖြည်း များပြားလာသည့်အတွက် ၀က်သက်ရောဂါဖြစ်ပွားမှုပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှသိရသည်။    ၀က်သက်ရောဂါပိုး စတင်ဝင်ရောက်သည့်အချိန်မှ စတင်၍ ခုနစ်ရက်မှ ၁၈ ရက်အတွင်း လက္ခဏာများပြသပြီး ထိုအချိန်သည် အခြားသူတစ်ဦးအား ထပ်မံကူးစက်သည့်အချိန်လည်းဖြစ်သည်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်သည့်ရောဂါ ဖြစ်သောကြောင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်လေ့ရှိရာ တစ်ဦးဖြစ်ပွားပါက နှာချေခြင်း၊ ချောင်းဆိုးခြင်းမှ တစ်ဆင့်လည်းကောင်း၊ တိုက်ရိုက်ထိတွေ့ ၍လည်းကောင်း အနီးအနားရှိ ဖြစ်ပွားနိုင်ခြေရှိသည့်   လူများအား ထပ်မံကူးစက်ခြင်းဖြစ်သည်။

“ဟိုးအရင်တုန်းက ကာကွယ်ဆေးမထိုးရတဲ့အခြေအနေကဆိုရင် တစ်ယောက်ဖြစ်ရင် တစ်ရပ်ကွက်လုံးကို ကူးတာ။ အခုတော့ အဲလိုမျိုး မဟုတ်တော့ဘူး။ ဒါပေမဲ့ အဖြစ်များတဲ့အချိန်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာတောင် တော်တော်များများတော့ ကြားရတယ်”ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် အသက် ၅၀အရွယ် အမျိုးသားတစ်ဦးကပြောသည်။ ၀က်သက်ရောဂါဖြစ်ပွား သည့်အချိန်တွင် နှာချေ၊ ချောင်း ဆိုးခြင်း၊ ဖျားခြင်းနှင့် မျက်စိနီခြင်း မျက်နှာနှင့် ခန္ဓာကိုယ်တွင် အနီစက်များ ထွက်ပေါ်လေ့ရှိပြီး ဖြစ် ပွားနေသည့်အချိန်တွင် အပူချိန် အလွန်အမင်း ပြင်းထန်သည့်အ တွက် အစာမစားနိုင်ရာမှ အာ ဟာရချို့တဲ့ခြင်းများ၊ အာဟာရ ချို့တဲ့သည့်ကလေးများတွင် ၀က်သက်ပေါက်လျှင် အသက်အန္တ ရာယ်ဖြစ်စေခြင်းများအထိ ဖြစ်ပွားနိုင်ကြောင်း ကူးစက်ရောဂါ တိုက်ဖျက်ရေးမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးလွင်ငြိမ်းက   ပညာပေးဆောင်းပါးဖြင့် ရေးသားထားသည်။

“၀က်သက်ဖြစ်တဲ့အတွက်အသက်အန္တရာယ်ဖြစ်တယ် ဆိုတာက နောက်ဆက်တွဲဖြစ်တဲ့အဆုတ်ထဲကိုပိုးဝင်ပြီး အဆုတ်ရောင်တာ၊    ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဦးနှောက်အမြှေးရောင်တာ၊ နားပြည်ယိုတာ၊ မျက်စိကွယ်တာတွေကြောင့် အသက်ဆုံးရှုံးမှုများတာ”ဟု အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာထွန်းသိန်းကပြောသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၀က်သက်ရောဂါကြောင့် သေဆုံးနှုန်းသည် ဖြစ်ပွားသူများ၏ ၃ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း ၀က်သက်ရောဂါအစုလိုက် ဖြစ်ပွားမှု(၃၄)ကြိမ်တွင် သေဆုံးသူ   ခုနစ်ဦးရှိခဲ့ပြီး   ရန်ကုန်၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးတို့၌    အများဆုံးဖြစ်ပွားခဲ့ပြီး အခြားတိုင်းဒေသကြီးများတွင် လည်း ဖြစ်ပွားမှုများရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ် ပြန်ချက်များအရသိရသည်။

ဝက်သက်ရောဂါဖြစ်ပွားပါက ဗိုင်းရပ်စ်ပိုးသေစေရန်အတွက် ကုသ၍မရနိုင်သဖြင့် နောက် ဆက်တွဲရောဂါများ ၀င်ရောက်ပြီး အသက်သေဆုံးမှုများ မဖြစ်ပွား စေရန်အတွက်သာ   ကုသကာကွယ်ရခြင်းမျိုးသာ   လုပ်နိုင်ကြောင်း ဒေါက်တာထွန်းသိန်းက ဆက်လက်ပြောသည်။ဝက်သက်ရောဂါသည် အသက်တစ်နှစ်အောက် ကလေးများတွင် ဖြစ်ပွားမှုအများဆုံး ဖြစ်ပြီး အသက်ငါးနှစ်မှ ကိုးနှစ် ကလေးများမှာ ဒုတိယဖြစ်ပွားမှုအများဆုံးဖြစ်သည်။ ဖြစ်ပွားတွေ့ရှိမှု ပြန်လည်များပြားလာခြင်းသည် ကာကွယ်ဆေးမထိုးသည့် ကလေးများရှိနေခြင်း၊ ကာကွယ် ဆေးသွားရောက်ထိုးနိုင်မှု ခက်ခဲသည့် နေရာဒေသများရှိနေခြင်း၊ ဝေးလံခက်ခဲသည့်နေရာဒေသ မဟုတ်သော်လည်း မြို့ပေါ် တိုက်တာများရှိ ကလေးများရှိနေခြင်း၊ ယာယီအလုပ်စခန်းများရှိ ကလေးများနှင့် ရွှေ့ပြောင်းနေထိုင် လုပ် ကိုင်သူများ၏ ရင်သွေးများတွင် ကာကွယ်ဆေးထိုးမှုနည်းပါးလာရာမှ တဖြည်းဖြည်း များပြားလာ ခြင်းဖြစ်သည်။

ဝက်သက်ရောဂါ ဖြစ်ပွား သည့်အခါတွင် ကိုယ်အပူချိန်ပြင်း ထန်သည့်အတွက် ရေချိုးခြင်းမပြုသင့်ဘဲ အဖျားပျောက်ပြီး အရေ ပြားပေါ်ရှိ အနာဖေးများ ကွာကျ ပြီးသည့်အချိန်မှသာ ရေချိုးနိုင် ကြောင်းသိရသည်။ဝက်သက် မဖြစ်ပေါ်သေးသည့်လူတိုင်း၌ဖြစ်ပွားနိုင်ပြီး အသက်ကြီးသည့်သူများတွင်ဖြစ်ပွားမှုမှာ နည်းပါးကြောင်း သိရ သည်။ ၀က်သက်ဖြစ်ပွားဖူးသည့် ကလေးများအား ကတုံးတုံးပေးရ သည်ဟူသော ယူဆချက်များလည်းရှိပြီး ကတုံးတုံးခြင်း၊ မတုံး ခြင်းသည် ဆိုးရွားသော ထိခိုက်မှုများ မရှိနိုင်ကြောင်း ဒေါက်တာ ထွန်းသိန်းက   ဆက်လက်ပြောသည်။

“ဟိုးအရင်တုန်းကဆိုရင် ၀က်သက်ဖြစ်ရင် ၀က်ချေးကျွေး ရတယ်။ မျက်လုံးထဲ ၀က်ချေးရည် ကို ထည့်ရတယ်ဆိုတာတွေရှိခဲ့တယ်။ အဲဒီတုန်းကဆို ၀က်ချေးရည် မျက်လုံးထဲထည့်ပြီး မျက်စိ ကွယ်သွားတဲ့ ကလေးတွေလည်း ကြုံဖူးတယ်။ အခုတော့ အဲဒီ့အယူ အဆတွေ မရှိသလောက်ဖြစ်သွားပါပြီ”ဟု ဒေါက်တာထွန်းသိန်းက ဆက်လက်ပြောသည်။    ၀က်သက်ရောဂါ ဖြစ်ပွားသည့် ကလေးများအား အရည်များများ တိုက်ကျွေးခြင်း၊  စွပ်ပြုတ်ရည်ကဲ့သို့ အာဟာရဖြစ်စေမည့် အစားအစာများအား ဂရုပြု၍ ကျွေးမွေးခြင်းဖြင့်  အာဟာရချို့တဲ့မှု  မဖြစ်ပွားစေရန် ဆောင်ရွက်နိုင်ကြောင်းသိရသည်။    ၀က်သက်ရောဂါသည် အအေးမိခြင်းကဲ့သို့  အလွယ်တကူဖြစ်နိုင်
ပြီး ကူးစက်မှုမြန်ဆန်သည်။ ကလေးများစုဝေးရာနေရာများတွင်  အလွယ်တကူ ကူးစက်တတ်လေ့ရှိပြီး ရောဂါဖြစ်ပွားသူအား   သီးခြားထားရှိခြင်းဖြင့် တစ်ဦးမှတစ်ဦးသို့ ကူးစက်မှုနည်းပါးစေရန် ကာကွယ်နိုင်သည်။

“အခုလို စာမေးပွဲတွေ နီးတဲ့အခါတွေမှာ ကလေးတွေ ၀က်သက်တွေဖြစ်ကြတာတွေ များနေတယ်”ဟု ဒေါက်တာထွန်းသိန်းက ဆက်လက်ပြောသည်။
ဝက်သက်ရောဂါသည် ကာ ကွယ်ဆေးထိုး၍ ကာကွယ်ရနိုင် သည့်ရောဂါများစာရင်းတွင် ပါဝင် ပြီး ပိုလီယိုရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊    တီဘီ ဦးနှောက်   အမြှေးရောင်ရောဂါ များကဲ့သို့  ကာကွယ်ဆေးများ ပုံမှန် ထိုးပေးလျက်ရှိပြီး မွေးကင်းစမေးခိုင်ရောဂါ လျော့နည်း ပပျောက်သွားသကဲ့သို့ ၀က်သက်ရောဂါနှင့်ပိုလီယိုရောဂါကိုလည်း   လုံးဝပပျောက်စေရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၁၁ ခုနှစ်အတွင်းတွင် ပိုမိုဖြစ်ပွားလာသည့် အခြေအနေကြောင့် လည်းကောင်း၊ ကာကွယ်ဆေးထိုးနှံမှုပိုမိုလွှမ်းခြုံနိုင်ရန်အတွက် လည်းကောင်း ဝေးလံခက်ခဲသည့် နေရာများရှိ ကလေးများပါ မကျန် စေရေးအတွက် အစုလိုက် ၀က် သက်ကာကွယ် ဆေးထိုးလုပ်ငန်းအား ဆောင်ရွက်မည်ဖြစ်ပြီး ယခုနှစ် မတ်လ၂၂ ရက်မှ ၃၁ ရက်အထိ အသက်ကိုးလမှ ငါးနှစ်အတွင်း ကလေးငယ် ၆ ဒသမ ၄ သန်းအားဝက်သက်ကာကွယ်ဆေး ထပ်မံထိုးပေးမည်ဖြစ်၍ မပျက်မကွက်ကာကွယ်ဆေးထိုးကြရန် ကျန်းမာရေးဝန်ကြီးဌာနက  နှိုးဆော်ထား ကြောင်းသိရသည်။