May 20, 2012

အနုပညာရှင်တို့၏ မိဘမဲ့ကလေးများရန်ပုံငွေဈေးရာင်းပွဲ

Photo
ရန်ကုန်၊ဖေဖော်ဝါရီ-၅

ဇော်ဝင်းထွဋ်၏ သမီးဖြစ်သူ ချန်ချန်ဦးစီး၍ ပဉ္စမအကြိမ်မြောက် အနုပညာရှင်များ ကိုယ်တိုင်ရောင်းချသည့် မိဘမဲ့ကလေးများ ရန်ပုံငွေဈေးရောင်းပွဲကို ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းတွင် မြန်မာကွန် ဗင်းရှင်းစင်တာ၌ ကျင်းပခဲ့ရာ အနုပညာရှင်များနှင့် ၎င်းတို့၏ ပရိသတ်များ ရင်းနှီးပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။

စိုင်းစိုင်းခမ်းလှိုင်က ဇာဘော်လီ၊ အောင်လနှင့် Big Bag  အဖွဲ့၏ အအေး၊ ရန်ရန်ချန်းက ကြံရည်၊ ဘန်နီဖြိုးကလည်း အမျိုးသမီးဝတ် ညအိပ်အကျ၊ ဖွေးဖွေးက အစိမ်းစား ဆူရှီ၊ ငယ်ငယ်က အာလူးပူတီ၊  အဲလက်စ်က   ဆာတေး၊   ရဲလေးက ရေခဲမုန့်နှင့်ဒိန်ချဉ်၊ သူထူးစံက အကြော်စုံ၊ သီရိဆွေက ငါးထမင်း၊   ရှင်းရှင်းက  ကိုရီး ယားထမင်းလိပ်၊  သျှီက သီချင်းခွေ၊    ဇော်ဝင်းထွဋ်က   ဘီယာ စသည်တို့ကို အသီးသီးရောင်းချကာ ရန်ပုံငွေ ကူညီရှာပေးကြသည်။

စိုင်းစိုင်းခမ်းလှိုင် ဇာဘော်လီကိုတစ်ထည် ၂၀၀၀၊ ၂၅၀၀၊ ၄ ထည် ၁၀၀၀၀ ကျပ်ရမည်ဟု အော်ကာ ရောင်းသလို၊ ဘန်နီ ဖြိုးကလည်း  အပြိုင်အဆိုင်  ည၀တ်အကျ၏ ကောင်းကြောင်းများ ကို ပြောပြရင်း ရောင်းချနေမှုကို ဈေးဝယ်ပရိသတ်များက ကြည့်ရှုရင်း ရယ်မောကာ  ၀ယ်ယူကြသည်။
ဈေးရောင်းပွဲ အစောပိုင်းတွင် ပရိသတ်များက ဈေးဝယ်ခြင်းထက် အနုပညာရှင်များနှင့် ဓာတ်ပုံတွဲရိုက်ရန် အော်တိုလက်မှတ်ရရန် အာရုံများနေသည်။ သို့သော် ညနေရောက်လာသည်နှင့် ၀ယ်သူပိုများလာသည်ကို တွေ့ရသည်။ ရန်ပုံငွေ ဈေးရောင်းပွဲနှင့် ပတ်သက်၍ သျှီက “ချန်ချန်ကလေ လူငယ်တစ်ယောက်လည်း ဖြစ်တယ်။ သူက ပရဟိတကိုလည်းစိတ်ဝင်စားတယ်။ သူလုပ်တဲ့ပွဲမို့ အားပေးတာပေါ့နော်။ ပရဟိတဆိုတာကို လူတွေအကုန်လုံးက မေ့မေ့နေတယ်။ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေနဲ့ လည်ပတ်နေတော့ ကိုယ့်အတွက် လုပ်နေကြတော့ တကယ့်တကယ်ကျတော့ မေ့နေကြတယ်။ သူတို့လည်း လှူချင်တာပဲ။ စိတ်ထဲမှာတော့ရှိတယ်။ ဒါပေမဲ့ ဒီလိုလုပ်ပေးလိုက်တော့ သူတို့လှူခွင့်ရတာပေါ့နော်။ အဲဒါကြောင့် ပါဝင်ဖြစ်တာပါ။ အရမ်းပျော်တာပေါ့။ ဒါမျိုးလုပ်တဲ့သူရှိမှ ၀င်ပါခွင့်ရတာကို။ အစ်မ
အခွေကို အရင်းရော၊ အမြတ်ပါအကုန်လှူမှာလေ။ ၁၀၀၀ နဲ့ ရောင်းတာဆိုတော့ အပြင်မှာဆို ၁၇၀၀ နဲ့ ရောင်းတာ ဒီမှာ လျှော့ရောင်းတယ်။ အကုန်လုံးကို လှူမှာ”
ဟု သူမက ပြောသည်။

ယခုပြုလုပ်ပြီးဖြစ်သော မိဘမဲ့ကလေးများ ရန်ပုံငွေဈေးရောင်းပွဲမှ ရရှိလာသော ငွေကြေးအားလုံးကို မလိခအမျိုးသမီးသင်တန်းကျောင်း၊ နတ်မောက်အမျိုးသမီး အတတ်ပညာသင်ကျောင်း၊ ၀ိသာခါသီလရှင်ကျောင်းသို့ လှူဒါန်း မည်ဖြစ်သည်။ ဈေးရောင်းပွဲတွင် ဆိုင်ခန်းပေါင်း ၉၀ ကျော် အနုပညာရှင်ပေါင်း ၁၀၀ ၀န်းကျင်ပါ ၀င်ဆင်နွှဲခဲ့သည်။