ချင်းတွင်းမြစ်သို့ စီးဝင်သော ဥရုမြစ်၏ ရေအရည်အသွေး PH အဆင့် ၈ တွင်ရှိပြီး ရေနောက်ကျိမှုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကသောက်သုံးရန် သတ်မှတ်ထားသော ယူနစ်ကိုကျော်လွန်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်း ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၏ သုတေသနပြုချက်အရသိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သောက်သုံးရန် သတ်မှတ်ထားသော ရေအရည်အသွေး ၁၂ မျိုးကို ၂၀၁၁ ခုနှစ်တွင် တိုင်းတာခဲ့ခြင်းဖြစ်သည်။ PH Level သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကသတ်မှတ်ချက်တွင်ရှိသော်လည်း နောက်ကျိမှုမှာ သောက်သုံးရန် သတ်မှတ်ထားသည် NTU (Nep-helometric Turbidity Units) ထက် ကျော်လွန်သည်။
ဥရုမြစ်၏ သုံးနေရာတွင် တိုင်းတာခဲ့ခြင်းဖြစ်ပြီး ယင်းတို့မှာ ဥရုမြစ်၊ ဥရုမြစ်နှင့် ချင်းတွင်း မြစ် စတင်ဆုံစည်းရာ နေရာနှင့် ဆုံစည်းပြီးနောက် ချင်းတွင်းမြစ်တို့တွင် တိုင်းတာခဲ့ခြင်းဖြစ်သည်။ ယင်းသုံးနေရာတွင် မြစ်၏ ရေပြင်နှင့် ရေအနက် ၂ မီတာတို့တွင် တိုင်းတာခဲ့သည်။ ဥရုမြစ်ကို ၂၀၁၁ ခုနှစ်တွင် ပထမဆုံး တိုင်းတာခဲ့ခြင်းဖြစ် သောကြောင့် မည်မျှနည်းလာသည်၊ များလာသည်ကို ခန့်မှန်း၍ မရသေးကြောင်း အထက်ပါဌာနမှ လေ့လာခဲ့သူတစ်ဦးက ပြောသည်။
ဥရုမြစ်သည် ဖားကန့်မြို့မှ ဖြတ်သန်းစီးဆင်းလာခြင်းဖြစ်သည်။ ဖားကန့်မြို့နယ်အတွင်း စည်းကမ်းမဲ့ရွှေနှင့် ကျောက်တူးဖော်မှုကြောင့် ဥရုမြစ်တိမ်ကောလာကာ နှစ်စဉ် မိုးရာသီတွင် ရေကြီးရေလျှံမှုများကြုံတွေ့ရသည်။ ကမ္ဘာကျန်းမာရေးအဖွဲ့မှ သောက်သုံးရေအဖြစ် သတ်မှတ်ထားသော PH Level သည် ၆ ဒသမ ၅ မှ ၉ ဒသမ ၂ ကြားနှင့် နောက်ကျိမှုမှာ ၂၀ ntu ထက် မကျော်လွန်ရဟု သတ်မှတ်ထားသည်။


