ဥက္ကာကိုကို၊ ကျော်သီဟ
ရန်ကုန်မြို့တော်အတွင်း ရေသုံးစွဲခများကို ဧပြီ ၁ရက်မှစတင်၍ ပြောင်းလဲတိုးမြှင့်ကောက်ခံသွားတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန(ရေနှင့်သန့်ရှင်းရေး)မှ သတင်းရရှိသည်။
ရေသုံးစွဲခနှုန်းထားများကို ၂၀၀၅ခုနှစ် ဇူလိုင်လအထိ ရေတစ်ဂါလန်လျှင် ၃ပြားနှုန်းဖြင့် ကောက်ခံခဲ့ပြီး ၂၀၀၅ ခုနှစ်သြဂုတ်လမှစတင်၍ ရေတစ်ဂါလန်လျှင် အိမ်သုံး ၂၅ ပြားနှုန်း၊စီးပွားရေးလုပ်ငန်းသုံး ၃၅ပြားနှုန်း၊ ဌာနဆိုင်ရာများအတွက်၂၅ပြားနှုန်းဖြင့် လက်ရှိ အချိန်ထိကောက်ခံနေကြောင်း သိရှိရသည်။ လာမည့် ဧပြီ ၁ရက်မှစတင်၍ အိမ်သုံး တစ်ဂါလန်လျှင် ၄၀ ပြားနှုန်း၊ စီးပွားရေးလုပ်ငန်းသုံး တစ်ဂါလန်လျှင် ၅၀ ပြားနှုန်းသို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများအား လက်ရှိကောက်ခံ နေသော နှုန်းထားအတိုင်း တစ်ဂါလန်လျှင် ၂၅ ပြားနှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“မြို့တော်စည်ပင်ရေ ရယူသုံးစွဲနေသူတွေအတွက် လာမယ့် ဧပြီ ၁ရက်ကစတင်ပြီး ရေဖိုးရေခတွေကို တိုးမြှင့်သွား မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကြီး ပြုပြင်တည်ဆောက်ဖို့ အတွက် ငွေကြေး များစွာလိုအပ်ပါတယ်။ ဒါကြောင့် ရေဖိုးရေခတွေကို လက်ရှိ အိမ်သုံး တစ်ဂါလန် ၂၅ပြားကနေ ပြား၄၀ကို တိုး ကောက်မယ်။ စီးပွားရေးသုံးအတွက်ကို လက်ရှိ တစ်ဂါလန် ၃၅ ပြားကနေ တစ်ဂါလန် ၅၀ ပြားနှုန်းကို တိုးကောက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ပေးဝေတဲ့ ရေတစ်ဂါလန်ရဲ့ ကုန်ကျစရိတ်က ၄၀ ဒသမ
၄၇ ပြားဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်မှ ရေရယူသုံးစွဲနေသော ရေဆက်သွယ်မှုအားလုံးအား ဌာနဆိုင်ရာနှင့် စီးပွားရေးလုပ်ငန်းသုံးများကို ဦးစားပေးပြုလုပ်နေကြောင်း၊ ယင်းစီမံချက် မှာ ရေဆက်သွယ်မှုအားလုံး မတပ်မနေရတပ်ရမည်ဖြစ်ပြီး ရေကို ချွေတာသုံးစွဲတတ်စေရန်ပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကပြောသည်။ “ရေခွန်ဆောင်ရမယ် ဆိုမှ ဒီရက်ပိုင်းရေက ပြတ်သေးတယ်။ အရင်က ရေပြတ်မယ်ဆိုရင် ဘယ်နှရက် ပြတ်မယ်ဆိုတာကို ကြေညာပေးတယ်”ဟု ဗဟန်းမြို့နယ်မှ အိမ်ရှင်မတစ်ဦးကဆိုသည်။
အသက် ၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း “ပိုက်ဆံပိုကုန်မှာပေါ့”ဟု ယခုကိစ္စအပေါ် ထင်မြင်ချက်ပေးသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း မြို့တော်စည်ပင်ရေ ဆက်သွယ်ရယူထားသော ရေဆက်သွယ်မှုပေါင်း ၂၃၀၀၀၀ ကျော်ရှိပြီး မီတာတပ်ဆင်ထားမှုမှာ ၁၆၀၀၀၀ကျော်ရှိပြီး မီတာတပ်ဆင်မထားဘဲ ရေသုံးစွဲမှုမှာ ၇၀၀၀၀ ကျော်ရှိကြောင်း သတင်းရရှိသည်။


