ကျေးရွာက လူကြီးရွေးပွဲ

Photo

ကထိန်ရာသီကာလက သာယာဝတီနယ်သို့ ရောက်ဖြစ်ပါသည်။ ရောက်ရခြင်းမှာလည်း ငယ်သူငယ်ချင်း ဆရာတော်၏ ကျောင်းကထိန်လာဖြစ်အောင်လာပါဟု အမိန့်ရှိသဖြင့်ရောက်သွားခြင်းဖြစ်သည်။ ဆရာတော်ကား ယင်း နယ်သားဖြစ်သော်လည်း အခြား ရွာဇာတိဖြစ်သဖြင့် နယ်ပေါင်းစုံ၊ အရပ်ပေါင်းစုံမှ အလှူရှင်များ ညအိပ်လာကြသည်။ ထိုသူများတွင် ရှေးမီနောက်မီ သက်ကြီးရွယ်အို များ၊ ဆရာစံတိုက်ပွဲဖြစ်စဉ် သိမီ လိုက်သူများပါဝင်သည်။ လူကြီး များ စကားဝိုင်းတွင် စာရေးသူတို့ အတွက်တော့ ရတနာသိုက်ရသည်နှင့် အတူတူ။ စိတ်လိုလက်ရ နားထောင်ဖြစ်သည်။

ကျေးရွာလူကြီး ရွေးပွဲအ ကြောင်းနှင့် ကျေးရွာလူကြီးဖြစ်ခဲ့ ကြသူများအကြောင်းကို ပြောဆို ဆွေးနွေးနေကြသည်။ နိုင်ငံတစ် နိုင်ငံတွင် အုပ်ချုပ်ရေးသည် ကျေးလက်က စတင်ပြီး ခိုင်ခိုင်မာမာ တည်ဆောက်ရသည်။ ကျေးရွာ လူကြီးသည် ရွာအတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘာသာရေး၊ တိုးတက်ရေး အားလုံးကို တာဝန်ယူရသူဖြစ်သည်။ ကျေးရွာတွင်ဖြစ်လာသော ပြဿ နာမှန်သမျှ သမာသမတ်ကျကျ ဖြေရှင်း ပေးနိုင်စွမ်းရှိရမည်။ ကျေး ရွာက အမှန်တကယ် လက်ခံယုံကြည် အားကိုးရသော သူဖြစ်မှ ထိုကျေးရွာများ တိုးတက်ပြီး အ စစအရာရာ အဆင်ပြေစေပါ သည်။ ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွင် ရပ်ကွက်ကျေး ရွာ အုပ်ချုပ်ရေးမှူး ဥပဒေမူကြမ်း ကို ပြဋ္ဌာန်းခဲ့သည်။ နည်းဥပဒေ ဆက်လက်ပြဋ္ဌာန်း၍ အသက်ဝင် လာလျှင် ရပ်ကွက်၊ ကျေးရွာအုပ် ချုပ်ရေးမှူး ရွေးချယ်မှုများ ပိုမို စနစ်တကျ ကောင်းမွန်လာရန် မျှော်လင့်သည်။

သာယာဝတီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နိုဝင်ဘာ ၅ ရက်ကရွာလူကြီးရွေးပွဲအကြောင်း စကားဝိုင်းရောက်သွားသည်။ စကားဝိုင်းတွင် ဖြစ်ပေါ်နေဆဲ အခြေအနေများ အကြောင်း အားတက်သရော ပြောဆိုနေကြသည်။ မည်မျှကြီးကြီးကျယ်ကျယ် ပြောနေကြစေကာမူ နိုင်ငံတော်အကြီးအကဲတို့၊ တိုင်းဒေသ၀န်ကြီးတို့ဆိုတာ တွေဆုံဖူးခြင်း မရှိ။ လာရောက်ခြင်းလည်း မရှိသဖြင့်လက်ရှိအမှီပြုနေရသည်မှာ ကျေးရွာလူကြီးဖြစ်သည်ဟု အနှစ်ချုပ်လိုက်ကြပြီးမဟာဘွဲ့ရ လူငယ်တစ်ယောက်က ကျေးရွာမှာ အုပ်ချုပ်တဲ့ လူကြီးက သတ္တိရှိပြီး ပညာတတ်တစ်ယောက်ဖြစ်မှ ကျေးရွာတိုးတက်မည့်အ ကြောင်း စကားဖြတ် ၀င်ရောက် ဆွေးနွေးလိုက်သည်။ စကားဝိုင်း ကလေးက ပိုပြီး စိုပြည်လာသည်။ ကျေးရွာနှင့် လိုက်လျောညီထွေ ဖြစ်လာသည်။

“ဦးလေးတို့ဗျာ။ ဘယ်လိုပဲ ပြောနေပြောနေ၊ ကျွန်တော်က တော့ ကျွန်တော့်ရွာက လူကြီး ရွေးပွဲလေးအကြောင်း ပြောချင် တယ်။ တစ်ချိန်က ရွာထဲမှာ လူကြီးလုပ်နေတဲ့ လူက ပညာမတတ် ဘူးဗျာ။ နောက်ပြီး ဘာမှလည်း မလုပ်တတ်ဘူး။ ဒါပေမဲ့ အထက် က ခိုင်းတဲ့အတိုင်းတော့ လုပ်တတ် တယ်ဗျ။ ဆိုးတာက သူ့ကိုမရွေးခင် တုန်းကဗျာ ရွာထဲမှာ မကောင်း တာ လုပ်တဲ့လူတွေက ငွေရေး ကြေးရေးက အဆင်ပြေတော့ သူ့ကိုပဲ ရွေးချင်တာ။ ဒါမှ သူတို့ပြောတဲ့အတိုင်း အဆင်ပြေမှာ လေဗျာ။ လူတွေကိုလည်း ငွေရေး ကြေးရေးနဲ့ စည်းရုံးထားတယ်။ ချဲရောင်းတဲ့  ဒိုင်တွေကလည်း သူတို့ဆီကို သက်ဆိုင်ရာက အ ကြောင်းလာကြားရင် ရှောင်နိုင် ရှားနိုင်အောင် လုပ်ပေးမယ့် သူ
တို့အလိုကျ လူကြီးကိုပဲ လိုချင်ကြတာ။ အဲဒီတော့ ချဲထိုးတဲ့အိမ်ရှင်မတွေကိုလည်း စည်းရုံးထားတယ်။ ဒီတော့ အိမ်ရှင်မတွေကလည်း ချဲထိုးခွင့်ရမယ့် ကျေးရွာလူ
ကြီးကို လိုချင်တာပေါ့ဗျာ။ ဒါမှလည်း သူတို့လုပ်ချင်တာတွေလုပ်ခွင့်ရမှာပေါ့”ဟု သူ့ရွာကလောင်းကစားနှင့် မကောင်းမှုကို အခြေခံပြီး အရွေးခံရတဲ့လူကြီးအကြောင်း
ကိုပြောပြသည်။

ထိုအချိန်မှာပင် နားထောင် နေသော လူတစ်ယောက်က“ကျွန်တော်က မြေလတ်သားပါဗျာ။  ခင်ဗျား ပြောသလောက်လည်း  မဆိုးသေးပါဘူး။ ကျွန်တော်တို့ ရွာက လူကြီးကတော့ လူငယ်ပါ။ ကျေးရွာက ရပ်မိရပ်ဖလူကြီးတွေ ၀ိုင်းဝန်းတင်မြောက်ပြီး လူကြီးဖြစ် သွားတာ။ ကျေးရွာက လူတွေ သဘောအတိုင်းပါပဲ။ အေးအေး ချမ်းချမ်းပါ”ဟု သူတို့ရွာက လူကြီးရွေးပွဲ အခြေအနေကို ပြောပြသည်။ “ရှိတော့ ရှိမှာပေါ့ဗျာ၊ မရှိ သလောက် ရှားပါတယ်” ဟု လူ ငယ်တစ်ဦးက ၀င်ရောက် ဖြည့် စွက်သည်။ ဤအခြေအနေများက လက်ရှိမှာ နည်းပါးနေပါသေး သည်၊ သို့သော်လည်း တိုးတက်မှုများမှာ ရုပ်ဝတ္ထုမျှသာဖြစ်သေး သည်။ စိတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျ နေမှုများအား များစွာပြင်ဆင်ရ ပေလိမ့်ဦးမည်ဟု စာရေးသူက တော့ထင်မြင်ပါသည်။

“အခု ကျွန်တော်တို့ မြို့နယ် မှာ နေရာရလာတဲ့ အရာရှိတစ် ယောက်ကတော့ ပြောတယ်ဗျ။ ပြည်သူလူထုရဲ့ ဆန္ဒကို ကျွန်တော် အထက်ကို တင်ပြရမယ်။ ကျွန်တော် ကြိုစားရင်းနဲ့ အစိုးရ၀န်ထမ်း ဖြစ်လာခဲ့တယ်။ တတ်ထားတဲ့ ပညာ နဲ့ ယခုလက်ရှိ ရထားတဲ့ အလုပ်နဲ့ တော့ ဘာမှမဆိုင်ဘူး။ ကျွန်တော်လည်း ဘာမှမသိဘူး။ အခုမှ ပြန်လေ့လာနေရတယ်။ ခင်ဗျားတို့ လည်း အားမငယ်ပါနဲ့။ နောက်ဆို တဖြည်းဖြည်းနဲ့ တိုးတက်လာလိမ့် မယ်၊ အားပေးတယ်။ ကျွန်တော် တို့ အခု အားလုံးဝိုင်းဝန်းကြိုး စား လိုက်ရင် တိုးတက်သွားမှာပါ၊ ဒီလိုပဲ လက်တွဲပြီး လုပ်ကြတာပေါ့ဗျာ”တဲ့။  ဒီစကားကို ကျွန်တော် မကြိုက်ဘူးဗျ။ ကိုယ်မှမလုပ် တတ်တာ၊ အားလုံးက အသစ် အသစ်ကြီးပဲ၊ အတွေ့ကြုံရှိတဲ့လူ၊ အရည်အချင်းရှိတဲ့လူ ဦးဆောင်မှ ကျွန်တော်တို့ နယ်လေးက တိုး တက်မှာ မဟုတ်လားဗျာ။ ဒါမျိုးတွေလည်း ရှိနေသေးတာပဲ”ဟု မြို့ပေါ်ရပ်ကွက်နေလူငယ်တစ်ဦးက၀င်ထောက်သည်။

“ကျွန်တော်ကတော့ အခု အဖွဲ့အစည်းတွေ အများချည်းပဲ ကြိုက်တဲ့သူတက်၊ တက်လာတဲ့ ပုဂိုလ်က ဘာလုပ်မှာလဲ။ နိုင်ငံတ ကာမှာ နိုင်ငံတော်ကိုအုပ်ချုပ်နေတဲ့ သမ္မတတွေဟာ သူတို့မှာ ရှိ ထားတဲ့ အသိဉာဏ် ဗဟုသုတ၊ ပညာရပ်တွေကို ပြည်သူတွေဆီခွဲဝေပေးဖို့အတွက် တက်ခဲ့တယ်။ ကိုယ့်ဆီက လူကြီးလုပ်ဖို့တင်တဲ့ လူတွေက လူကြီးတက်လာတဲ့ ရှိ နေတဲ့ စွမ်းအားတွေကို ပြည်သူကို ပေးချင်တယ်။ ဒီလိုလူမျိုးကို ရပ်ကွက် ကျေးရွာတွေက လိုချင်ကြ တာ။ နောက်ပြီး ရပ်ရွာ၊ မြို့နယ် တွေကို အကြီးအကဲတွေလာရင် တချို့သူဌေးဆိုတဲ့လူတွေ၊ ကုမ္ပဏီ ပိုင်ဆိုတဲ့ လူတွေကလည်း လိုက်လာတယ်။ ပါလာကြတယ်။ ပြည် သူတွေဆီကို ကူညီဖို့လိုက်လာတယ်ဆို တာထက်  သူတို့ လိုချင် တာကိုရဖို့ လိုက်လာတာများပါ တယ်။ အများအားဖြင့်တော့ လှူ တယ်။ စာကြည့်တိုက်ဆိုပါစို့ သိန်း ၅၀ လှူသွားတယ်။ ဘာ ကြောင့် လှူတာလဲ။ စေတနာသဒ္ဓါ တရားရှိလို့ လှူတာမဟုတ်ဘူး။ လှူခြင်းရဲ့ နောက်ကွယ်မှာ ဘယ် ဘက်ကနေ သိန်းတစ်ရာရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အခွင့်အ ရေးကို ယူမယ်ဆိုတဲ့ ရည်ရွယ် ချက်က ရှိပြီးသား။ အဲဒါမျိုးတွေ အများချည်းပဲ။ အခု အချိန်ကစ ပြီး ဒါမျိုးတွေလည်း ကင်းလာတော့မယ်လို ထင်ရတာပဲ”ဟု လူ ငယ်က ကျေးရွာ၊ ရပ်ကွက်က မြင် သာသော လာဘ်ပေး လာဘ်ယူမှုသင်္ကေတတစ်ခုကို ညွှန်းဆို တင်ပြသွားသည်။ တစ်နည်းအားဖြင့် တကယ့် စေတနာမေတ္တာကို သာ လိုအပ်ကြောင်းကို ပြောဆို သွားသည်ဟု မြင်ပါသည်။

“ကျွန်တော်တို့ရွာပေါ့၊အညာဘက်မှာ ဥက္ကဋ္ဌအစဉ်အဆက်ကို လေ့လာကြည့်ရင် အများအားဖြင့် ဘာပညာမှမတတ်ဘူး။ ခုအချိန် ထိ ဘာမှ မလုပ်တတ်ဘူး။ အိမ် ခြေ ၂၈၀၊ ၃၀၀ လောက်ရှိတယ်။ စာကြည့်တိုက်မရှိဘူး။ ရှိတဲ့ စာ ကြည့်တိုက်လည်း နွေရာသီပြန် တဲ့အခါ ဖုန်တွေ အလိမ်းလိမ်းနဲ့။ လမ်းကလည်း မိုးတွင်းသွားလို့ မရ ဘူး။ ဒါကြောင့် မတိုးတက်တာ။ စာပေဗဟုသုတမရှိတော့ အများ အကျိုးကို ဘယ်လိုဆောင်ရွက်ရ မှန်းမသိဘူး။ ရပ်ရွာအကျိုးကို ဘယ်လိုဆောင်ရွက်ရမှန်း မသိ ဘူး။ ဒါကြောင့် ဒီအတိုင်းပဲ နေကြ တယ်။ ဆယ့်လေးငါးနှစ်က ဖြစ်ခဲ့ တဲ့ ဥက္ကဋ္ဌတွေ ဘာမှမလုပ်တတ် ဘူး။ ပြဿနာတစ်ခုဖြစ်ပြီဆိုရင် ထိုးမယ် ကြိတ်မယ်။ လက်ထိပ် ခတ်မယ်။ ကြောက်အောင်လုပ် မယ်။ ဒဏ်ရိုက်မယ်။ ဒါပဲသိ တယ်။ ဒီလူကို ကျေးရွာအကျိုးအ တွက် ဘယ်လိုသယ်ပိုးအောင် ပြစ်ဒဏ်ပေးရမယ်၊ အသုံးချရမယ် ဆိုတာ မသိဘူး။ ထောက်ခံစာ သွားယူတယ်။ ပိုက်ဆံတွေ အရမ်း တောင်းတယ်။ ဒီလူရဲ့ သမိုင်း ကြောင်းကို ကြည့်ရင် ငွေရေး ကြေးရေးနဲ့ပဲဖြစ်ဖြစ်၊ လူမှုရေး နဲ့ပဲဖြစ်ဖြစ်၊ ကိုယ်ကျင့်တရားနဲ့ ပဲဖြစ်ဖြစ် ဘာမှ ရစရာမရှိဘူး။ ဒီလူကို ပြန်ရွေးတယ်။ ဘာကို ကြိုက်လို့လဲဆိုတော့ ချဲရောင်းတဲ့ ပုဂိုလ်က ရဲမဖမ်းအောင် လုပ် ပေးရင် ကြိုက်တယ်။ အရက် ရောင်းတဲ့ပုဂိုလ်က အရက်ဆိုင် အပိတ်မခံရအောင် လုပ်ပေးရင် ကြိုက်တယ်။ ကျန်တဲ့ဥစ္စာတွေ လည်း အတူတူပဲပေါ့ဗျာ။ လူတွေ က မကောင်းတာကို ကြိုက်တာ က များတယ်။ ရပ်ရွာတိုးတက်ဖို့အတွက်ကို မကြည့်ကြဘူး။ ကိုယ်ကျိုးအတွက်ပဲ ကြည့်ကြတယ်။ ရပ်ကွက်ဥက္ကဋ္ဌက မကောင်းဘူး ဆိုတာသိတယ်။ ဒါပေမဲ့ အဲဒီ့သူ ဥက္ကဌအဖြစ် ဆက်ရှိနေမှ သူ့ လုပ်ငန်းက အဆင်ပြေမှာလေ။ သူ့ မှာ ပိုက်ဆံရှိတဲ့အတွက် ရပ်ကွက် ထဲ၊ ရွာထဲမှာရှိတဲ့လူတွေကို ဒီ ဥက္ကဋ္ဌကိုပဲ ရွေးခိုင်းတယ်။ တိုက်
တွန်းတယ်။ အရက်ကြိုက်တဲ့ ပုဂိုလ်ကို အရက်တိုက်တယ်။ ပိုက် ဆံလိုတဲ့ ပုဂိုလ်ကို ပိုက်ဆံပေး လိုက်တယ်။ အ၀တ်အစား ကြိုက် တဲ့ ပုဂိုလ်ကို အ၀တ်အစား ၀ယ် ပေးလိုက်တယ်။ သူ့ကို မဲပေးလိုက် ပေါ့။ ဟိုလူတွေကလည်း အဲဒါ ထည့်မယ်။ တစ်ခါကောင်းဖို့ တစ် ခါစားဖို့ အတွက်ကိုပဲ ကြည့်တယ်။ ရေရှည်ကို မကြည့်တော့ဘူးလေ။ ကိုယ့်ရဲ့မျိုးဆက်သစ်ကို မကြည့် တော့ဘူး။ ဒါဟာ ပညာဗဟုသုတဘာမှ မရှိလို့ပေါ့။  မကောင်းမှန်း သိပေမယ့် ရွေးတယ်”လို့ ကျေးရွာ၊ ရပ်ကွက်လူကြီး ရွေးချယ်ခြင်းဖြစ် စဉ်ကို လူငယ်က ပြောပြသည်။ လူငယ်ကပင် “ကျွန်တော်တို့ ငယ် ငယ်က ကြုံဖူးတယ်။ ဦးတို့လည်း အစည်းဝေးပွဲတွေ ကြုံဖူးမှာပါ။ ကျေးရွာထဲက အစည်းဝေးပွဲတွေ ရပ်ကွက်ကဖြစ်ဖြစ်၊ ရွာကဖြစ်ဖြစ်စည်းဝေးပွဲခေါ်ရင် ဘယ်သူမှ မသွားကြဘူး။ အစည်းဝေးထိုင်ပြီး လုပ်တဲ့လုပ်ငန်းတွေက ဘာမှ ဖြစ်မလာဘူးလေ။ ဖြစ်မလာ တော့ ကျွန်တော်တို့ အဖေ၊ အမေ တွေကလည်း အရေးမစိုက်တော့ဘူး။ စည်းဝေးပွဲဆိုရင် မင်းသွားလိုက်ပေါ့။ ကျွန်တော်တို့ ကလေးငယ်တွေပဲ ထည့်လိုက်တာ။ ပုစုခရု
ကလေးငယ်တွေ ထည့်လိုက်တာတို့။ ဘာမှ မသိနားမလည်တဲ့လူတွေ။ အသက်ကြီးတဲ့ ရှစ်ဆယ်ကျော် အဘိုးကြီးတွေ အဘွားကြီးတွေ သွားခိုင်းတယ်။ လုပ်နိုင်တဲ့သူ
တွေ စွမ်းအားရှိတဲ့သူတွေ မသွားခိုင်းဘူး။ အဲဒါမျိုးတွေဖြစ်နေတာ အများကြီး။ အခုတော့ ဦးတို့ ရွာတွေ ဖြစ်မဖြစ်တော့မသိဘူး။ ကျွန် တော်တို့ရွာတွေမှာ အဲဒါမျိုးတွေ ဖြစ်နေတယ်။ ကျွန်တော်ကိုယ် တိုင်လည်း ၁၀ နှစ်၊ ၁၁ နှစ်တုန်းက တက်ခဲ့ရတယ်။ အဲဒီအခြေအနေတွေက အခုချိန်ထိ ရှိနေတုန်း။ရှိနေဆဲပါပဲ ခင်ဗျာ”ဟုဆိုသည်။

“ဘာကြောင့် ဒီလိုဖြစ်နေ တာလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်အကျိုးမပြုဘူးဆိုတာ ဖော်ပြနေတာပဲလေ။ အစည်းအ ဝေးပွဲ လာတယ်ဆိုရင် ကျေးရွာအ တွက် ဘာလုပ်မှာလဲ။ တိုးတက်မှုအတွက် ဘာတွေလာပြောတာ လဲ။ တကယ် အကောင်အထည် ဖော်မှာလား။ လာပြောရင် ပြော တဲ့အတိုင်း အကောင်အထည် ဖော်ရင် လူတိုင်း စိတ်ဝင်စားတာ ပေါ့။ ဘာမှ မလုပ်ဘူးဆိုတော့ ပြည်သူကလည်း စိတ်မ၀င်စား တော့ဘူး။ ပြီးပြီးရော၊ ပြောလည်းပြောတာပဲရှိတာ”ဟု အစည်းအဝေးပွဲများ၏ အဓိပ္ပာယ်ကင်းမဲ့နေပုံကို ပြောပြသည်။ ထို့ပြင် ကျေးရွာ၊ ရပ်ကွက်လူကြီးအဖြစ်က အနား ယူသွားသောအခါ ဖြစ်တတ်ပုံ လေးကို လူကြီးတစ်ဦးက “အခုတော့ မသိဘူး ဗျာ။ အရင်ကတော့ ကျေးရွာလူကြီး တော်တော်ဖြစ် ချင်ကြတာဗျ။ ဘယ်လောက်ပဲ စီးပွားရေး အဆင်မပြေပြေ။ ကျေး ရွာထဲမှာ လူကြီးဖြစ်ရင် စားဝတ် နေရေး အဆင်ပြေကြတာများပါတယ်။

လူကြီးဘ၀ကတော့ အဆင် ပြေတာပေါ့ဗျာ။ ဒါပေမဲ့ ရွာလူကြီးအဖြစ်ကနေ အနားယူတဲ့ အခါ ရွာထဲမှာ အဲဒီလူက အထီး ကျန်သွားတာများတယ်ဗျ။ သူက ရပ်ကွက် အပေါ်ကိုလည်း မကောင်း ခဲ့ဘူး။ သူလုပ်ချင်တာနဲ့ အထက်က ခိုင်းတယ်ဆိုတာတွေပဲ လိုက် လုပ်တော့ သူ့ကို ဘယ်သူကမှ အဖက်မလုပ်တော့ သူလည်း စိတ် ကျရောဂါနဲ့ ဆုံးသွားတာတွေ ရှိခဲ့ ဖူးတယ်။ ရပ်ကွက်အပေါ် ကောင်းတဲ့လူကျတော့လည်း  အဲဒီလို မဖြစ်ဘူးပေါ့ဗျာ။ ဒါက ကျွန်တော့် တစ်သက် ကိုယ်တွေ့ဗျ”ဟု  ဆိုပါ သည်။

ကျေးရွာ၊ ရပ်ကွက်ကို အုပ် ချုပ်ကွပ်ကဲရသည့် ပုဂိုလ်သည် နိုင်ငံတော်အတွက် အခရာဖြစ် သည်ဟု ဆိုချင်ပါသည်။ နိုင်ငံ တော်၏ အုပ်ချုပ်ရေးယန္တရား၏  အခြေခံက ကျေးရွာဖြစ်သည်။ ကျေးရွာ၊ ရပ်ကွက်ကို အုပ်ချုပ်ရ သူသည်  အသိပညာ၊ အတတ် ပညာ၊ ဗဟသုတနှင့် ပြည့်စုံ ကြယ်ဝနေရမည့်အပြင် ကျေးရွာ အပေါ် စွန့်လွှတ် အနစ်နာခံတတ် သောစိတ်များ၊ ဖြစ်ပေါ်လာသော ပြဿနာများအပေါ်  သမာသမတ်ကျကျ  ဆုံးဖြတ်နိုင်စွမ်းရှိသူ၊ ခေါင်းဆောင်ပီသရန် လိုအပ် သည်သာမက ကျေးရွာ၊ ရပ်ကွက် တိုးတက်ရေးအတွက် ရပ်မိရပ်ဖ များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ကြိုး စားအားထုတ်တတ်ရန်လည်း လို အပ်ပါသည်။ သို့မှသာ ကျေးရွာ၏ လူနေမှုစနစ်၊ ယဉ်ကျေးမှု၊ ဘာ သာရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည်များကို တိုး တက်အောင် ဖော်ဆောင်နိုင်မည် ဟု ယုံကြည်သည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို ဖော်
ဆောင်နိုင်ဖို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သော အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများနှင့် ပြည့်စုံသောအုပ်ချုပ်ရေးမှူးများ၊ လူငယ်များ အထူးလို
အပ်နေသည်ကတော့ အမှန်ပင်ဖြစ်တော့သည်။               ။

7daynewsjournal.com