စီးပွားရေးနိုဗယ်ဆုရှင် ပါမောက္ခ စတစ်ဂလစ်ရှ်က မြန်မာနိုင်ငံတွင် အရေးကြီးဆုံး လုပ်ရမည်မှာ ငွေလဲနှုန်း ပြင်ဆင်သတ်မှတ်ရန်ဖြစ် ကြောင်း ဖေဖော်ဝါရီ ၁၁ ရက် တွင် ပြောကြားခဲ့သည်။
“လုပ်စရာတွေက အများကြီးပါ။ ပထမအဆင့်အနေနဲ့ အရေးကြီးဆုံးပြုပြင်ရမှာက ငွေလဲနှုန်းထိန်းညှိဖို့ရယ်၊ မြေယာပြုပြင်ပြောင်းလဲမှုကိစ္စ၊ ဈေးကွက်တွေ ပိုပြီးယှဉ်ပြိုင် နိုင်အောင် လုပ်ပေး ဖို့နဲ့လက်ဝါးကြီးအုပ်မှုတွေကို ဖယ်ရှားဖို့လည်း အရေးကြီးပါတယ်” ဟု သတင်းထောက်များ၏ မေးမြန်းမှုကို ၎င်းကပြန်လည်ဖြေကြားခဲ့သည်။ ထိုအပြင် ၎င်းဖတ်ကြားခဲ့ သော စာတမ်းတွင်ဦးစားပေးပြုလုပ်ရမည့် အစီအစဉ်များ၌ နိုင်ငံခြားငွေဖလှယ်နှုန်း၊ လယ်ယာစိုက်ပျိုးရေး၊ သဘာဝ သယံဇာတစီမံခန့်ခွဲမှု၊ ပြိုင်ဆိုင်နိုင်စွမ်းရှိသော စီးပွားရေးလုပ်ငန်း ကဏ္ဍနှင့် အခြေခံအဆောက်အ အုံကိစ္စများ ပါဝင်ခဲ့သည်။
ငွေလှယ်နှုန်းနှင့်ပတ်သက်၍ စီးပွားရေးပညာရှင်ဒေါက်တာ ဦးမြင့်ကလည်း “ငွေလဲနှုန်းကို တည်ငြိမ်အောင်လုပ်ရမယ်။ ဒါအရမ်းအရေးကြီးတယ်”ဟုမှတ်ချက်ပြု ပြောကြားခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံအခြေ အနေနှင့်ပတ်သက်၍ စီးပွားရေး ပညာရှင် ရော်နယ်ဖင်လေ ကလည်း အကောင်းဘက်က မြင်ပါတယ်ဟု မှတ်ချက်ပြုခဲ့သည်။ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ခဲ့သော ဟားဗတ်တက္ကသိုလ်မှ ပညာရှင်များကလည်း ငွေလဲနှုန်းအား အမေရိကန် တစ်ဒေါ်လာလျှင် ၁၀၀၀ ကျပ်ဖြစ်သင့်ကြောင်း အကြံပြုခဲ့သည်။ လက်ရှိတွင် ငွေလဲနှုန်းကျဆင်းခဲ့သည့်အတွက် ပို့ကုန်လုပ်ငန်းများ ဈေးကွက်ယှဉ်ပြိုင်ရာတွင် စိန်ခေါ်မှုများ ရှိနေခဲ့သည်။ ထိုအကျိုးဆက်အား လယ်ယာ ထွက်ကုန် သီးနှံများ စိုက်ပျိုးသောတောင်သူများ အဓိကခံစားခဲ့ရသည်။


