May 20, 2012

နေပြည်တော်တွင် ညစ်ညမ်းခွေ၊ ပုံ၊ စာအုပ်များဖြန့်ဖြူရောင်းချခြင်း တားမြစ်

နေပြည်တော်၊ ဇန်န၀ါရီ-၂၇

နေပြည်တော်ကောင်စီနယ်မြေအတွင်း နေထိုင်သူမည်သူမဆို အကျုံးဝင်သော ညစ်ညမ်းခွေ၊ ရုပ် ပုံ၊ စာအုပ်စသည်များကို ဖြန့်ဖြူး ခြင်း၊ ရောင်းချခြင်းများအားတားမြစ်သည့် အမိန့် တစ်ရပ်ကို နေပြည်တော်ကောင်စီက  ဇန်န၀ါရီ ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

နေပြည်တော်ကောင်စီ၏ အမိန့်ကြေညာချက် ၁/၁၂ ဖြင့် ထုတ်ပြန်သော အဆိုပါကြေညာချက်တွင် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ မည်သည့်ဆိုင်၊ အိမ်၊ ဥပစာ တွင်မျှ ညစ်ညမ်းသော ပြကွက်ပါ ဗီဒီယိုအခွေများ၊ ညစ်ညမ်းသော ဓာတ်ပုံ၊ ပန်းပု၊ ရုပ်တု၊ စာအုပ်စသည်များကို ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ ပြသခြင်းမပြုရကြောင်း ဖော်ပြပါရှိသည်။

အထက်ပါတားမြစ်ချက်များကို ဖောက်ဖျက်ပါက ဖောက်ဖျက်သူ၏ နေအိမ်၊ အဆောက်အအုံ၊ ဥပစာ၊ ဆိုင်ခန်းများကိုခြောက်လထက်မနည်း ချိတ်ပိတ်သိမ်းဆည်းသွားမည်ဟုဆိုသည်။ ထို့အပြင် လုပ်ငန်းနှင့် ဆက်စပ်သော သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွား
မည်ဖြစ်ပြီး စစ်ဆေးအရေးယူရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ရဲတပ်ဖွဲ့မှူးနှင့် ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သည့်အဖွဲ့ကတရားစွဲဆိုဆောင်ရွက်ရမည် ဖြစ်ကြောင်းသိရသည်။

အထက်ပါ အမိန့်ကြေညာချက်ကိုနေပြည်တော်ကောင်စီဥပဒေအခန်း (၃)ပုဒ်မ (၈)၊ ပုဒ်မခွဲ(က)နှင့် (ခ)အရတာဝန်ရှိသည်နှင့်အညီယင်းဥပဒေပုဒ်မ ၂၆(ခ)ပါလုပ်ငန်း
လုပ်ကိုင်ခွင့်များကို ကျင့်သုံး၍   ထုတ်ပြန်ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။